အင်္ဂုတ္တရနိကာယ်

(၁၄) ၄-ယောဓာဇီဝဝဂ်

၁ဝ-အဿာဇာနီယသုတ်

၁၄၃။ ရဟန်းတို့ အာဇာနည်မြင်းကောင်း သုံးမျိုးတို့ကိုလည်းကောင်း၊ အာဇာနည်ယောကျာ်း ကောင်းသုံးမျိုးတို့ကိုလည်းကောင်း ဟောကြားပေအံ့၊ ထိုတရားကို နာကြကုန်လော့၊ ကောင်းစွာ နှလုံး သွင်းကုန်လော့၊ ဟောကြားပေအံ့ဟု မိန့်တော်မူ၏။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည့်မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—

ရဟန်းတို့ အာဇာနည်မြင်းကောင်း သုံးမျိုးတို့ဟူသည် အဘယ်တို့နည်း၊ ရဟန်းတို့ ဤလောက၌။ပ။ အချို့သော အာဇာနည်မြင်းကောင်းသည် လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ အဆင်းနှင့်လည်း ပြည့်စုံ အလုံးအရပ်နှင့်လည်း ပြည့်စုံ၏။ ရဟန်းတို့ အာဇာနည်မြင်းကောင်း သုံးမျိုးတို့ဟူသည် ဤသည်တို့ ပင်တည်း။

ရဟန်းတို့ အာဇာနည်ယောကျာ်းကောင်း သုံးမျိုးတို့ဟူသည် အဘယ်တို့နည်း၊ ရဟန်းတို့ ဤလောက၌။ပ။ အချို့သော အာဇာနည်ယောကျာ်းကောင်းသည် လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ အဆင်းနှင့်လည်း ပြည့်စုံ အလုံးအရပ်နှင့်လည်း ပြည့်စုံ၏။

ရဟန်းတို့ အဘယ်သို့လျှင် အာဇာနည်ယောကျာ်းကောင်းသည်။ပ။ လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ အဆင်းနှင့်လည်း ပြည့်စုံ အလုံးအရပ်နှင့်လည်း ပြည့်စုံသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အာသဝေါတရားတို့၏ ကုန်ခန်းခြင်းကြောင့် အာသဝေါကင်းသော ကိလေသာမှ လွတ်မြောက် သော (အရဟတ္တဖိုလ်) စိတ်နှင့် (အရဟတ္တဖိုလ်) ပညာကို မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြု၍ ရောက်လျက် နေ၏၊ ဤသည်ကို ထို ပုဂ္ဂိုလ်၏ လျင်မြန်ခြင်းဟူ၍ ငါဆို၏။ အချင်းချင်း ပိုင်းခြားအပ်သော ဓမ္မ၌လည်းကောင်း၊ အချင်းချင်း ပိုင်းခြားအပ်သော ဝိနယ၌လည်းကောင်း ပြဿနာကို မေးအပ်သော် ဖြေဆိုနိုင်၏၊ မတွန့်ဆုတ်၊ ဤသည်ကို ထို ပုဂ္ဂိုလ်၏ အဆင်းဟူ၍ ငါဆို၏၊ သင်္ကန်း ဆွမ်း ကျောင်း သူနာ၏အထောက်အပံ့ဖြစ်သော ဆေးအသုံးအဆောင်တို့ကို ရ၏၊ ဤသည်ကို ထို ပုဂ္ဂိုလ်၏ အလုံးအရပ်ဟု ငါဆို၏။ ရဟန်းတို့ ဤသို့လျှင် အာဇာနည်ယောကျာ်းကောင်းသည် လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ၏၊ အဆင်းနှင့်လည်း ပြည့်စုံ၏၊ အလုံးအရပ်နှင့်လည်း ပြည့်စုံ၏။ ရဟန်းတို့ အာဇာနည်ယောကျာ်းကောင်း သုံးမျိုးတို့သည် ဤသည်တို့ပင်တည်းဟု (မိန့်တော်မူ၏)။

ဒသမသုတ်။