အင်္ဂုတ္တရနိကာယ်

(၁၄) ၄-ယောဓာဇီဝဝဂ်

၁၁-ပဌမ မောရနိဝါပသုတ်

၁၄၄။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဥဒေါင်းတို့ကို အစာပေးရာ ‘မောရနိဝါပ’ ပရိဗိုဇ်တို့အရံ၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟု မိန့်တော်မူ၏။ ထိုရဟန်းတို့သည် “အသျှင်ဘုရား”ဟူ၍ မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထား ကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—

ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် စင်စစ် ပြီးဆုံးခြင်းရှိ၏၊ စင်စစ်ယောဂ လေးပါးဖြင့် ဘေးမရှိ၊ စင်စစ် မြတ်သော အကျင့်ကို ကျင့်သုံး၏၊ စင်စစ် အဆုံးရှိ၏၊ နတ် လူတို့ထက် မြတ်၏၊ အဘယ်သုံးမျိုးတို့နည်းဟူမူ— ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သီလဂုဏ်၊ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သမာဓိဂုဏ်၊ ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော ပညာဂုဏ်နှင့် (ပြည့်စုံ၏)။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် စင်စစ် ပြီးဆုံးခြင်းရှိ၏၊ စင်စစ်ယောဂလေးပါးဖြင့် ဘေးမရှိ၊ စင်စစ် မြတ်သော အကျင့်ကို ကျင့်သုံး၏၊ စင်စစ် အဆုံးရှိ၏၊ နတ်လူတို့ထက် မြတ်၏ဟု (မိန့်တော်မူ၏)။

ဧကာဒသမသုတ်။