အင်္ဂုတ္တရနိကာယ်

၄-ဒေဝဒူတဝဂ်

၃-သာရိပုတ္တသုတ်

၃၃။ ထိုအခါ အသျှင်သာရိပုတြာသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားအား ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော အသျှင်သာရိပုတြာအား မြတ်စွာဘုရားသည် “သာရိပုတြာ ငါသည် အကျဉ်းအားဖြင့်လည်းတရားကို ဟောကြားခဲ့၏၊ အကျယ် အားဖြင့်လည်းတရားကို ဟောကြားခဲ့၏၊ အကျဉ်းအကျယ်အားဖြင့်လည်းတရားကို ဟောကြားခဲ့၏၊ ထိုသို့ ဟောကြားခဲ့သော်လည်း ထိုးထွင်း၍ သိနိုင်သော ပုဂ္ဂိုလ်တို့ကို ရခဲကုန်၏”ဟု မိန့်တော်မူ၏။ မြတ်စွာဘုရားသည် အကျဉ်းအားဖြင့်လည်းကောင်း၊ အကျယ်အားဖြင့်လည်းကောင်း၊ အကျဉ်းအကျယ် အားဖြင့်လည်းကောင်း တရားကို ဟောကြားခဲ့၏၊ ထိုသို့ ဟောကြားခဲ့သော်တရားတော်ကို ထိုးထွင်း၍ သိနိုင်သော ပုဂ္ဂိုလ်တို့သည် ရှိကြပါလိမ့်မည်။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား (ယခုအခါကား) ထိုတရားဟောတော်မူခြင်း၏ အခါပါတည်း။ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား (ယခုအခါကား) ထိုတရားဟောတော်မူခြင်း၏ အခါပါတည်းဟု (လျှောက်၏)။

သာရိပုတြာ သို့ဖြစ်လျှင် ဤသာသနာတော်၌ “ဝိညာဉ်ရှိသော ဤကိုယ်၌လည်း ငါဟူသော အခြင်းအရာအားဖြင့် ဖြစ်သော အဟံကာရ၊ ငါ့ဥစ္စာဟူသော အခြင်းအရာအားဖြင့် ဖြစ်သော မမံကာရ၊ ထောင်လွှားသော အခြင်းအရာအားဖြင့် ဖြစ်သော မာနာနုသယတို့သည် မဖြစ်ကုန်လတ္တံ့။ အပသန္တာန်၌ ဖြစ်ကုန်သော အလုံးစုံသော အာရုံ (နိမိတ်)တို့၌လည်း ငါဟူသော အခြင်းအရာအားဖြင့် ဖြစ်သော အဟံကာရ၊ ငါ့ဥစ္စာဟူသော အခြင်းအရာအားဖြင့် ဖြစ်သော မမံကာရ၊ ထောင်လွှားသော အခြင်းအရာ အားဖြင့် ဖြစ်သော မာနာနုသယတို့သည် မဖြစ်ကုန်လတ္တံ့။ အကြင် စိတ်၏ ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ်သမာဓိနှင့် ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ်ပညာသို့ ရောက်၍ နေသော ပုဂ္ဂိုလ်အား ငါဟူသော အခြင်းအရာအားဖြင့် ဖြစ်သော အဟံကာရ၊ ငါ့ဥစ္စာဟူသော အခြင်းအရာအားဖြင့် ဖြစ်သော မမံကာရ၊ ထောင်လွှားသော အခြင်းအရာအားဖြင့် ဖြစ်သော မာနာနုသယတို့သည် မဖြစ်ကုန်၊ ထို စိတ်၏ ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ်သမာဓိနှင့် ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ်ပညာသို့ ရောက်၍ နေကုန်အံ့”ဟု ဤသို့ ကျင့်ရမည်။ သာရိပုတြာ ဤသို့သာလျှင် ကျင့်ရ မည်။

သာရိပုတြာ ရဟန်းအား အကြင် အခါမှ စ၍ ဝိညာဉ်ရှိသော ဤကိုယ်၌လည်း ငါဟူသော အခြင်း အရာအားဖြင့် ဖြစ်သော အဟံကာရ၊ ငါ့ဥစ္စာဟူသော အခြင်းအရာအားဖြင့် ဖြစ်သော မမံကာရ၊ ထောင်လွှားသော အခြင်းအရာအားဖြင့် ဖြစ်သော မာနာနုသယတို့သည် မဖြစ်ကုန်။ အပသန္တာန်၌ ဖြစ်ကုန်သော အလုံးစုံသော အာရုံ (နိမိတ်)တို့၌လည်း ငါဟူသော အခြင်းအရာအားဖြင့် ဖြစ်သော အဟံကာရ၊ ငါ့ဥစ္စာဟူသော အခြင်းအရာအားဖြင့် ဖြစ်သော မမံကာရ၊ ထောင်လွှားသော အခြင်းအရာ အားဖြင့် ဖြစ်သော မာနာနုသယတို့သည် မဖြစ်ကုန်။ အကြင် စိတ်၏ ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ်သမာဓိနှင့် ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ် ပညာသို့ ရောက်၍ နေသော ပုဂ္ဂိုလ်အား ငါဟူသော အခြင်းအရာအားဖြင့် ဖြစ်သော အဟံကာရ၊ ငါ့ဥစ္စာဟူသော အခြင်းအရာအားဖြင့် ဖြစ်သော မမံကာရ၊ ထောင်လွှားသော အခြင်းအရာအားဖြင့် ဖြစ်သော မာနာနုသယတို့သည် မဖြစ်ကုန်။ ထို စိတ်၏ ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ်သမာဓိနှင့် ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ်ပညာသို့ ရောက်၍ နေ၏။ သာရိပုတြာ ဤရဟန်းကို တဏှာကို ဖြတ်ပြီးသူဟူ၍လည်းကောင်း၊ သံယောဇဉ်ကို လွန်မြောက်ပြီးသူဟူ၍လည်းကောင်း၊ မာနကို ကောင်းစွာ ပယ်ခြင်းကြောင့် ဝဋ် ဆင်းရဲ၏ အဆုံးကို ပြုပြီးသူဟူ၍လည်းကောင်း ဆိုအပ်၏။ သာရိပုတြာ ဤသဘောတရားကို ရည်ရွယ်၍့ပါရာယနဝဂ်တွင် ဥဒယလုလင်၏ အမေးပုစ္ဆာ၌ ငါ ဟောထားခဲ့၏— “ကာမသညာနှင့် ဒေါမနဿ ဤနှစ်ပါးစုံကို ပယ်ရှားတတ်သော၊ ထိနတရားကို ပယ်နုတ်တတ်သော၊ ကုက္ကုစ္စတရားတို့ကို ပိတ်ပင်တားမြစ်တတ်သော၊ ဥပေက္ခာနှင့် သတိ၏ စင်ကြယ်ခြင်းရှိသော၊ သမ္မာသင်္ကပ္ပလျှင် ရှေ့သွားရှိသော၊ အဝိဇ္ဇာတရားကို ပယ်ဖျက်တတ်သော အရဟတ္တဖိုလ်ကို အညာဝိမောက္ခမည်၏ဟူ၍ (ငါ) ဆို၏”ဟု ငါဟောထားခဲ့၏။

တတိယသုတ်။