အင်္ဂုတ္တရနိကာယ်

၄-ဒေဝဒူတဝဂ်

၄-နိဒါနသုတ်

၃၄။ ရဟန်းတို့ (ဝဋ်ဆင်းရဲသို့ ရောက်စေတတ်သော) ကံတို့၏ ဖြစ်ပေါ်ကြောင်းတရားတို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ— လောဘသည် ကံတို့၏ ဖြစ်ပေါ်ကြောင်းတည်း၊ ဒေါသသည် ကံတို့၏ ဖြစ်ပေါ်ကြောင်းတည်း၊ မောဟသည် ကံတို့၏ ဖြစ်ပေါ်ကြောင်းတည်း။ ရဟန်းတို့ အကြင် ကံကို လောဘသည် ပြုအပ်၏၊ လောဘကြောင့် ဖြစ်၏၊ လောဘလျှင် အကြောင်း ‘နိဒါန်း’ ရှိ၏၊ လောဘလျှင် အကြောင်း ‘သမုဒယ’ ရှိ၏၊ အကြင် ဘုံ၌ ထို ကံရှိသူ၏ အတ္တဘောသည် ဖြစ်၏၊ ထို ဘုံ၌ ထို ကံသည် အကျိုးပေး၏၊ အကြင် ဘုံ၌ ထို ကံသည် အကျိုးပေး၏။ ထို ဘုံဝယ် မျက်မှောက်ဘဝ၌သော်လည်းကောင်း၊ ဒုတိယဘဝ၌သော်လည်းကောင်း၊ အဆက်ဆက်သော ဘဝ၌သော်လည်းကောင်း ထို ကံ၏ အကျိုးကို ခံစားရ၏။ ရဟန်းတို့ အကြင် ကံကို ဒေါသသည် ပြုအပ်၏၊ ဒေါသကြောင့် ဖြစ်၏၊ ဒေါသလျှင် အကြောင်း ‘နိဒါန်း’ ရှိ၏၊ ဒေါသလျှင် အကြောင်း ‘သမုဒယ’ ရှိ၏၊ အကြင် ဘုံ၌ ထို ကံရှိသူ၏ အတ္တဘောသည် ဖြစ်၏၊ ထို ဘုံ၌ ထို ကံသည် အကျိုးပေး၏၊ အကြင် ဘုံ၌ ထို ကံသည် အကျိုးပေး၏။ ထို ဘုံဝယ် မျက်မှောက်ဘဝ၌သော်လည်းကောင်း၊ ဒုတိယဘဝ၌သော်လည်းကောင်း၊ အဆက်ဆက်သော ဘဝ၌သော်လည်းကောင်း ထို ကံ၏ အကျိုးကို ခံစားရ၏။ ရဟန်းတို့ အကြင် ကံကို မောဟသည် ပြုအပ်၏၊ မောဟကြောင့် ဖြစ်၏၊ မောဟလျှင် အကြောင်း ‘နိဒါန်း’ ရှိ၏၊ မောဟလျှင် အကြောင်း ‘သမုဒယ’ ရှိ၏၊ အကြင် ဘုံ၌ ထို ကံရှိသူ၏ အတ္တဘောသည် ဖြစ်၏၊ ထို ဘုံ၌ ထို ကံသည် အကျိုးပေး၏၊ အကြင် ဘုံ၌ ထို ကံသည် အကျိုးပေး၏။ ထို ဘုံဝယ် မျက်မှောက်ဘဝ၌သော်လည်းကောင်း၊ ဒုတိယဘဝ၌သော်လည်းကောင်း၊ အဆက် ဆက်သော ဘဝ၌သော်လည်းကောင်း ထို ကံ၏ အကျိုးကို ခံစားရ၏။

ရဟန်းတို့ မပျက်စီးကုန်သော မပုပ်ဆွေးကုန်သော လေ နေပူတို့ မဖျက်ဆီးအပ်ကုန်သော အနှစ်ကို ယူတတ်ကုန်သော ကောင်းစွာ သိုမှီးထားအပ်ကုန်သော မျိုးစေ့တို့ကို ကောင်းသော လယ်ယာ၌ ကောင်းစွာ ပြုပြင်အပ်သော မြေ၌ ကြဲချအပ်ကုန်၏၊ မိုးသည်လည်းကောင်း စွာ ရေအလျဉ်ကို သွန်းလောင်း ‘ရွာချ’ ရာ၏၊ ဤသို့ ဖြစ်လတ်သော် ထို မျိုးစေ့တို့သည် ကြီးပွါးခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်ကုန်ရာ သကဲ့သို့ ရဟန်းတို့ ဤအတူသာလျှင် အကြင် ကံကို လောဘသည် ပြုအပ်၏၊ လောဘကြောင့် ဖြစ်၏၊ လောဘလျှင် အကြောင်း ‘နိဒါန်း’ ရှိ၏၊ လောဘလျှင် အကြောင်း ‘သမုဒယ’ ရှိ၏၊ အကြင် ဘုံ၌ ထို ကံရှိသူ၏ အတ္တဘောသည် ဖြစ်၏၊ ထို ဘုံ၌ ထို ကံသည် အကျိုးပေး၏၊ အကြင် ဘုံ၌ ထို ကံသည် အကျိုးပေး၏။ ထို ဘုံဝယ် မျက်မှောက်ဘဝ၌သော်လည်းကောင်း၊ ဒုတိယဘဝ၌သော်လည်းကောင်း၊ အဆက်ဆက်သော ဘဝ၌သော်လည်းကောင်း ထို ကံ၏ အကျိုးကို ခံစားရ၏။ အကြင် ကံကို ဒေါသသည် ပြုအပ်၏၊ ဒေါသကြောင့် ဖြစ်၏။ပ။ အကြင် ကံကို မောဟသည် ပြုအပ်၏၊ မောဟကြောင့် ဖြစ်၏၊ မောဟလျှင် အကြောင်း ‘နိဒါန်း’ ရှိ၏၊ မောဟလျှင် အကြောင်း ‘သမုဒယ’ ရှိ၏၊ အကြင် ဘုံ၌ ထို ကံရှိသူ၏ အတ္တဘောသည် ဖြစ်၏၊ ထို ဘုံ၌ ထို ကံသည် အကျိုးပေး၏၊ အကြင် ဘုံ၌ ထို ကံသည် အကျိုးပေး၏။

ထို ဘုံဝယ် မျက်မှောက်ဘဝ၌ သော်လည်းကောင်း၊ ဒုတိယဘဝ၌သော်လည်းကောင်း၊ အဆက်ဆက်သော ဘဝ၌သော်လည်းကောင်း ထို ကံ၏အကျိုးကို ခံစားရ၏။ ရဟန်းတို့ (ဝဋ်ဆင်းရဲသို့ ရောက်စေတတ်သော) ကံတို့၏ ဖြစ်ပေါ်ကြောင်းတရားတို့သည် ဤသုံးမျိုးတို့တည်း။

ရဟန်းတို့ (ဝဋ်ဆင်းရဲမှ ကင်းငြိမ်းရာ နိဗ္ဗာန်သို့ ရောက်စေတတ်သော) ကံတို့၏ ဖြစ်ပေါ်ကြောင်းတရားတို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ— အလောဘသည် ကံတို့၏ ဖြစ်ပေါ် ကြောင်းတည်း။ အဒေါသသည် ကံတို့၏ ဖြစ်ပေါ်ကြောင်းတည်း။ အမောဟသည် ကံတို့၏ ဖြစ်ပေါ် ကြောင်းတည်း။ ရဟန်းတို့ အကြင် ကံကို အလောဘသည် ပြုအပ်၏၊ အလောဘကြောင့် ဖြစ်၏၊ အလောဘလျှင် အကြောင်း ‘နိဒါန်း’ ရှိ၏၊ အလောဘလျှင် အကြောင်း ‘သမုဒယ’ ရှိ၏။ လောဘကင်းသည်ရှိသော် ထို ကံကို ပယ်ပြီးဖြစ်၏၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီး ဖြစ်၏၊ နုတ်ပြီးသော ထန်းပင်ရာ ကဲ့သို့ ပြုပြီးဖြစ်၏၊ အသစ် မဖြစ်ခြင်းကို ပြုပြီးဖြစ်၏၊ နောင်အခါ ဖြစ်ပေါ်ခြင်း သဘောမရှိ။ ရဟန်းတို့ အကြင် ကံကို အဒေါသသည် ပြုအပ်၏၊ အဒေါသကြောင့် ဖြစ်၏၊ အဒေါသလျှင် အကြောင်း ‘နိဒါန်း’ ရှိ၏၊ အဒေါသလျှင် အကြောင်း ‘သမုဒယ’ ရှိ၏။ ဒေါသကင်းသည်ရှိသော် ထို ကံကို ပယ်ပြီးဖြစ်၏၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီး ဖြစ်၏၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီး ဖြစ်၏၊ အသစ် မဖြစ်ခြင်းကို ပြုပြီး ဖြစ်၏၊ နောင်အခါ ဖြစ်ပေါ်ခြင်း သဘောမရှိ။ ရဟန်းတို့ အကြင် ကံကို အမောဟသည် ပြုအပ်၏၊ အမောဟကြောင့် ဖြစ်၏၊ အမောဟလျှင် အကြောင်း ‘နိဒါန်း’ ရှိ၏၊ အမောဟလျှင် ဖြစ်ကြောင်း ‘သမုဒယ’ ရှိ၏။ မောဟကင်းသည်ရှိသော် ထို ကံကို ပယ်ပြီးဖြစ်၏၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီး ဖြစ်၏၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးဖြစ်၏၊ အသစ်မဖြစ်ခြင်းကို ပြုပြီးဖြစ်၏၊ နောင်အခါ ဖြစ်ပေါ်ခြင်း သဘောမရှိ။

ရဟန်းတို့ မကွဲ မပျက်စီးကုန်သော မပုပ်ဆွေးကုန်သော လေ နေပူတို့ မဖျက်ဆီးအပ်ကုန်သော အနှစ်ကို ယူတတ်ကုန်သော ကောင်းစွာ သိုမှီးထားအပ်ကုန်သော မျိုးစေ့တို့ ရှိကုန်၏၊ ထို မျိုးစေ့တို့ကို ယောကျာ်းသည် မီးဖြင့် တိုက်ငြားအံ့၊ မီးတိုက်၍ မီးသွေး (ဖြစ်အောင်) ပြုငြားအံ့၊ မီးသွေးပြုလုပ်ပြီး၍ ပြင်းထန်သော လေ၌မူလည်း လွင့်ငြားအံ့၊ ရေစီးသန်သော မြစ်၌မူလည်း မျှောငြားအံ့၊ ရဟန်းတို့ ဤသို့ ပြုအပ်သော် ထို မျိုးစေ့တို့သည် အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီး, နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီး, အသစ်မဖြစ်ခြင်းကို ပြုပြီး, နောင်အခါ ဖြစ်ပေါ်ခြင်းသဘော မရှိပြီး ဖြစ်ကုန်သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် အကြင် ကံကို အလောဘသည် ပြုအပ်၏၊ အလောဘကြောင့် ဖြစ်၏၊ အလောဘလျှင် အကြောင်း ‘နိဒါန်း’ ရှိ၏၊ အလောဘလျှင် အကြောင်း ‘သမုဒယ’ ရှိ၏။ လောဘကင်းသည်ရှိသော် ထို ကံကို ပယ်ပြီးဖြစ်၏၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီး ဖြစ်၏၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးဖြစ်၏၊ အသစ်မဖြစ်ခြင်းကို ပြုပြီးဖြစ်၏၊ နောင်အခါ ဖြစ်ပေါ်ခြင်းသဘော မရှိ။ အကြင် ကံကို အဒေါသသည် ပြုအပ်၏။ပ။ အကြင် ကံကို အမောဟသည် ပြုအပ်၏၊ အမောဟကြောင့် ဖြစ်၏၊ အမောဟလျှင် အကြောင်း ‘နိဒါန်း’ ရှိ၏၊ အမောဟလျှင် အကြောင်း ‘သမုဒယ’ ရှိ၏။ မောဟကင်းသည်ရှိသော် ထို ကံကို ပယ်ပြီး ဖြစ်၏။ပ။ နောင်အခါ ဖြစ်ပေါ်ခြင်းသဘောမရှိ။ ရဟန်းတို့ (ဝဋ်ဆင်းရဲမှ ကင်းငြိမ်းရာ နိဗ္ဗာန်သို့ ရောက်စေတတ်သော) ကံတို့၏ ဖြစ်ပေါ်ကြောင်းတရားတို့သည် ဤသုံးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ပညာမဲ့သော သူမိုက်သည်နည်းသည်ဖြစ်စေ များသည်ဖြစ်စေ လောဘကြောင့် ဖြစ်သော ကံကိုသော်လည်းကောင်း၊ ဒေါသကြောင့် ဖြစ်သော ကံကိုသော်လည်းကောင်း၊ မောဟကြောင့် ဖြစ်သော ကံကိုသော်လည်းကောင်း ပြုလုပ်၏၊ ထိုသူမိုက်သည် ထို ကံကို ဤမိမိအတ္တဘော၌ပင်လျှင် ခံစားအပ်၏၊ ထို ကံ၏ တစ်ပါးသော တည်ရာသည် မရှိ။ ထို့ကြောင့် ပညာရှိသော ရဟန်းသည် လောဘကြောင့် ဖြစ်သော ကံကိုလည်းကောင်း၊ ဒေါသကြောင့်ဖြစ်သော ကံကိုလည်းကောင်း၊ မောဟကြောင့် ဖြစ်သော ကံကိုလည်းကောင်း (မပြုတော့ချေ)၊ ထိုရဟန်းသည် အရဟတ္တမဂ် (ဝိဇ္ဇာ) ကို ဖြစ်စေလျက် ဒုဂ္ဂတိဘဝအားလုံးတို့ကို ပယ်စွန့်တော်မူ၏။

စတုတ္ထသုတ်။