အင်္ဂုတ္တရနိကာယ်

၄-ဒေဝဒူတဝဂ်

၅-ဟတ္ထကသုတ်

၃၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် အာဠဝီပြည် နွားတို့ သွားလာရာလမ်းခရီး ယင်းတိုက်တောဝယ် သစ်ရွက်အခင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ဟတ္ထက အာဠဝကမင်းသားသည် အညောင်းပြေ လမ်းလျှောက်လှည့်လည်ခဲ့ရာ နွားတို့ သွားလာရာလမ်း ခရီး ယင်းတိုက်တောဝယ် သစ်ရွက်အခင်း၌ (သီတင်းသုံး) နေတော်မူသော မြတ်စွာဘုရားကို မြင်သောကြောင့် မြတ်စွာဘုရားရှိရာသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားအား ရှိခိုးပြီး၍ တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— “အသျှင်ဘုရား အသို့နည်း၊ မြတ်စွာဘုရားသည် ချမ်းသာစွာ ကျိန်းစက်တော်မူရပါ၏လော”ဟု လျှောက်၏။ မင်းသား (ငါသည်) ချမ်းချမ်းသာသာ ကျိန်းစက်ရ၏၊ မင်းသား လောက၌ ချမ်းသာစွာ အိပ်စက်ကြရသော သူတို့တွင် ငါသည်လည်း တစ်ဦး အပါအဝင် ဖြစ်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား ဆောင်းရာသီညဉ့်ဖြစ်၍ ချမ်းအေးလှပါ၏၊ (တပို့တွဲနှင့် တပေါင်းအကူး) ကြား ရှစ်ရက်သည် ဆီးနှင်းများကျသော အခါဖြစ်ပါ၏၊ မြေပြင်သည် နွားခွါရာတို့ဖြင့် ကြမ်းတမ်းလှပါ၏၊ သစ်ရွက်အခင်းလည်း ပါးလှပါ၏၊ သစ်ပင်၏ အရွက်တို့လည်း ကျဲလှပါကုန်၏၊ သင်္ကန်းတော်များလည်း အေးလှပါကုန်၏၊ အရပ်လေးမျက်နှာမှ လာသော အေးသော လေသည်လည်း တိုက်ခတ်နေပါသည်၊ ထိုသို့ ဖြစ်ပါလျက် “မင်းသား (ငါသည်) ချမ်းချမ်းသာသာ ကျိန်းစက်ရ၏၊ လောက၌ ချမ်းသာစွာ အိပ်စက်ကြရ သော သူတို့တွင် ငါသည်လည်း တစ်ဦးအပါအဝင် ဖြစ်၏”ဟု ဤစကားကို မိန့်ဆိုတော်မူနိုင်ပေ၏ဟု လျှောက်၏။

မင်းသား သို့ဖြစ်လျှင် ဤအရာ၌ သင့်ကို ပြန်မေးအံ့၊ သင် သဘောကျအတိုင်းသာ ဖြေဆိုလော့။ မင်းသား ထို စကားကို သင် မည်သို့ မှတ်ထင်သနည်း၊ ဤလောက၌ သူကြွယ်အားလည်းကောင်း၊ သူကြွယ်သားအားလည်းကောင်း လေလုံသော အတွင်းအပြင် အင်္ဂတေလိမ်းကျံအပ်သော စေ့စပ်သော တံခါး ပေါင် တံခါးရွက်ရှိသော လုံသော လေသာပြူတင်းရှိသော အထွတ်ထပ်သော အိမ်ကြီးအိမ်ကောင်းသည် ရှိရာ၏။ ထို အိမ်၌ အမွေးရှည်သော ကော်ဇောကြီးဖြင့် ခင်းထားအပ်သော၊ သားမွေးဖြူအခင်းဖြင့် ခင်း ထားအပ်သော၊ ရတနာစီခြယ်သော အခင်းဖြင့် ခင်းထားအပ်သော၊ မြတ်သော ဝံပိုင့်ရေအခင်းဖြင့် ခင်း ထားအပ်သော၊ မျက်နှာကြက်နှင့်တကွဖြစ်သော၊ အုံးနီနှစ်ဖက်ထားအပ်သော ပလ္လင်သည် ရှိရာ၏၊ ထို တိုက် အိမ်ကြီး၌ ဆီမီးကိုလည်း ထွန်းထားရာ၏၊ စိတ်နှလုံးကို နှစ်ခြိုက်စေနိုင်ကုန်သော လေးယောက်သော မယားတို့သည်လည်း နှစ်ခြိုက်ဖွယ် အမျိုးမျိုးတို့ဖြင့် ပြုစုလုပ်ကျွေးကုန်ရာ၏။ မင်းသား ထို အရာကို သင် မည်သို့ မှတ်ထင်သနည်း၊ ထိုသူကြွယ်သည် ချမ်းသာစွာ အိပ်စက်ရာသလော၊ ချမ်းသာစွာ မအိပ်စက်ရာ သလော၊ ဤအရာ၌ သင် မည်သို့ သဘောရသနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား ထိုသူကြွယ်သည် ချမ်းချမ်းသာသာ အိပ်စက်ရပါ၏၊ လောက၌ ချမ်းသာစွာ အိပ်စက်ရကုန်သော သူတို့တွင် ထိုသူကြွယ်သည်လည်း တစ်ဦးအပါအဝင် ဖြစ်ရာပါ၏ဟု (လျှောက်၏)။

မင်းသား ထို စကားကို သင် မည်သို့ မှတ်ထင်သနည်း၊ ထိုသူကြွယ်အားလည်းကောင်း၊ သူကြွယ် သားအားလည်းကောင်း ရာဂကြောင့် ဖြစ်ကုန်သော ကိုယ်၌ဖြစ်သော ပူလောင်ခြင်း၊ စိတ်၌ဖြစ်သော ပူလောင်ခြင်းတို့သည် ဖြစ်ကုန်ရာ၏၊ ရာဂကြောင့် ဖြစ်ကုန်သော အကြင် ပူလောင်ခြင်းတို့ဖြင့်ပူလောင်သော ထိုသူသည် ဆင်းရဲစွာ အိပ်ရသည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ဆင်းရဲစွာ အိပ်ရသည် မှန်ပါ၏ဟု (လျှောက်၏)။

မင်းသား ရာဂကြောင့် ဖြစ်ကုန်သော အကြင် ပူလောင်ခြင်းတို့ဖြင့် ပူလောင်သော သူကြွယ်သည်လည်းကောင်း၊ သူကြွယ်သားသည်လည်းကောင်း ဆင်းရဲစွာ အိပ်ရ၏။ ထို ရာဂကို မြတ်စွာဘုရားသည် ပယ်ပြီးဖြစ်၏၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီးဖြစ်၏၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးဖြစ်၏၊ အသစ် မဖြစ်ခြင်းကို ပြုပြီးဖြစ်၏၊ နောင်အခါ ဖြစ်ပေါ်ခြင်း သဘောမရှိ၊ ထို့ကြောင့် ငါသည် ချမ်းသာစွာ ကျိန်းစက်ရ၏။ မင်းသား ထို စကားကို သင် မည်သို့ မှတ်ထင်သနည်း၊ ထိုသူကြွယ်အားလည်းကောင်း၊ သူကြွယ်သားအားလည်းကောင်း၊ ဒေါသကြောင့် ဖြစ်ကုန်သော ကိုယ်၌ဖြစ်သော ပူလောင်ခြင်း၊ စိတ်၌ဖြစ်သော ပူလောင်ခြင်း။ပ။ မောဟကြောင့် ဖြစ်ကုန်သော ကိုယ်၌ဖြစ်သော ပူလောင်ခြင်း၊ စိတ်၌ဖြစ်သော ပူလောင်ခြင်းတို့သည် ဖြစ်ကုန်ရာ၏၊ မောဟကြောင့် ဖြစ်ကုန်သော အကြင် ပူလောင်ခြင်းတို့ဖြင့် ပူလောင် သော ထိုသူသည် ဆင်းရဲစွာ အိပ်ရသည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ဆင်းရဲစွာ အိပ်ရသည် မှန်ပါ၏ဟု (လျှောက်၏)။

မင်းသား မောဟကြောင့် ဖြစ်ကုန်သော အကြင် ပူလောင်ခြင်းတို့ဖြင့် ပူလောင်သော ထိုသူကြွယ်သည်လည်းကောင်း၊ သူကြွယ်သားသည်လည်းကောင်း ဆင်းရဲစွာ အိပ်ရ၏။ ထို မောဟကို မြတ်စွာဘုရားသည် ပယ်ပြီးဖြစ်၏၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီး ဖြစ်၏၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီး ဖြစ်၏၊ အသစ်မဖြစ်ခြင်းကို ပြုပြီး ဖြစ်၏၊ နောင်အခါ ဖြစ်ပေါ်ခြင်းသဘော မရှိပြီ။ ထို့ကြောင့် ငါသည် ချမ်းသာစွာ ကျိန်းစက်ရ၏ဟု (မိန့်တော်မူ၏)။

မကောင်းမှုကို အပပြုပြီးသော၊ ကိလေသာပရိနိဗ္ဗာန်ပြုပြီးသော၊ ကိလေသာ မရှိသဖြင့် ငြိမ်းအေးသော၊ ကိလေသာဥပဓိမရှိသော အကြင် ရဟန္တာပုဂ္ဂိုလ်သည် ကာမဂုဏ်တို့၌ မလိမ်းကျံ။ ထို ရဟန္တာပုဂ္ဂိုလ်သည် အခါခပ်သိမ်း စင်စစ် ချမ်းသာ စွာ အိပ်ရ၏၊ အလုံးစုံသော တဏှာတို့ကို ပယ်ဖြတ်၍ စိတ်နှလုံး၌ ပူလောင်ခြင်းကို ငြိမ်းအေးစေပြီး၍ ငြိမ်းအေးသော ရဟန္တာပုဂ္ဂိုလ်သည် နိဗ္ဗာန်သို့ စိတ်ဖြင့် ရောက်၍ ချမ်းသာစွာ ကျိန်းစက်ရ၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။