အင်္ဂုတ္တရနိကာယ်

၄-ဒေဝဒူတဝဂ်

၇-ယမရာဇသုတ်

၃၇။ ရဟန်းတို့ ရှေ့၌ ဖြစ်ဖူးသည်ကား ယမမင်းအား ဤသို့သော အကြံသည် ဖြစ်ပေါ်ဖူး၏— “အချင်းတို့ လောက၌ အကြင်သူတို့သည် ယုတ်ညံ့သော အမှုတို့ကို ပြုကုန်၏၊ ထိုသူတို့ကို ဤသို့သဘောရှိသော အထူးထူး အပြားပြားသော ကမ္မကရဏတို့ကို ပြုအပ်ကုန်၏၊ ငါသည် လူ့အဖြစ်ကို ရငြားအံ့၊ လောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည်လည်း ပွင့်တော်မူငြားအံ့၊ ငါသည်လည်း ထို မြတ်စွာဘုရားကို ဆည်းကပ်ရငြားအံ့၊ ထို မြတ်စွာဘုရားသည် ငါ့အားတရားဟောငြားအံ့၊ ငါသည် ထို မြတ်စွာဘုရား၏တရားကိုလည်း သိငြားအံ့၊ ဤသို့ဖြစ်သော် ကောင်းလေစွာ့တကား”ဟု (ဖြစ်ပေါ်ဖူး၏)။ ရဟန်းတို့ ထို ယမမင်းအကြံဖြစ်ခြင်းကို တစ်ပါးသော သမဏဗြာဟ္မဏ၏ ပြောဆိုသံကို ကြားရ၍ ဤသို့ ငါဟောသည် မဟုတ်၊ ရဟန်းတို့ အကြင် အခြင်းအရာကို စင်စစ်အားဖြင့် ငါကိုယ်တိုင် သိ၏၊ ငါကိုယ်တိုင် မြင်၏၊ ငါကိုယ်တိုင် ထင်ထင်ရှားရှား သိ၏၊ ထို အခြင်းအရာကို ငါကိုယ်တိုင် သိမြင်သည့်အတိုင်းပင် ဟော၏ဟု (မိန့်တော်မူ၏)။

အကြင် သတ္တဝါတို့သည် သေမင်းတမန်တို့ နှိုးဆော်တိုက်တွန်းအပ်ပါကုန်လျက် မေ့လျော့ကုန်၏၊ ထို သတ္တဝါတို့သည် ယုတ်ညံ့သော ငရဲဘဝသို့ ကပ်ရောက်ရ ကုန်သည် ဖြစ်၍ ရှည်မြင့်စွာသော နေ့ညဉ့်ပတ်လုံး စိုးရိမ်ပူဆွေးရကုန်၏။ ဤလောက၌ ကိလေသာငြိမ်းအေးကုန်ပြီးသော အကြင်သူတော်ကောင်းတို့သည် ကား သေမင်းတမန်တို့ နှိုးဆော် တိုက်တွန်းအပ်ကုန်သည် ဖြစ်၍ အရိယဓမ္မ၌ တစ်ခါတစ်ရံမျှ မမေ့လျော့ကြကုန်။

(ထိုသူတော်ကောင်းတို့သည်) ပဋိသန္ဓေနေမှု သေမှုကို ဖြစ်စေတတ်သော ဥပါဒါန်တရား၌ ဘေးကို ရှုမြင်ပြီးလျှင် (ဥပါဒါန်တို့ဖြင့်) မစွဲလမ်းမူ၍ ပဋိသန္ဓေနေမှု သေမှု ကုန်ရာ နိဗ္ဗာန်၌ ကျွတ်လွတ်ကုန်၏။ မမေ့မလျော့ကုန်သော၊ ချမ်းသာခြင်းရှိကြကုန်သော၊ မျက်မှောက်ဘဝ၌ပင် ကိလေသာအပူ ငြိမ်းအေးပြီးကုန်သော၊ အလုံးစုံသော ရန်ဘေးတို့ကို လွန်မြောက် ကုန်သော ထိုသူတော်ကောင်းတို့သည် အလုံးစုံသော ဒုက္ခကို လွန်မြောက်ကြလေ ကုန်၏။

သတ္တမသုတ်။