အင်္ဂုတ္တရနိကာယ်

၄-ဒေဝဒူတဝဂ်

၁ဝ-အာဓိပတေယျသုတ်

၄ဝ။ ရဟန်းတို့ အကြီးအမှူးပြု၍ ဖြစ်သော တရားတို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်နည်း သုံးမျိုးတို့နည်းဟူမူ— မိမိကိုယ်ကို အကြီးအမှူးပြု၍ ဖြစ်သော ‘အတ္တာဓိပတေယျ’တရားလည်းကောင်း၊ သတ္တလောကကို အကြီးအမှူးပြု၍ ဖြစ်သော ‘လောကာဓိပတေယျ’တရားလည်းကောင်း၊ လောကုတ္တရာတရားကို အကြီးအမှူးပြု၍ ဖြစ်သော ‘ဓမ္မာဓိပတေယျ’တရားလည်းကောင်းတို့တည်း။ ရဟန်းတို့ မိမိ ကိုယ်ကို အကြီးအမှူးပြု၍ ဖြစ်သော ‘အတ္တာဓိပတေယျ’တရားဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် တောသို့ ကပ်၍ဖြစ်စေ သစ်ပင်ရင်းသို့ ကပ်၍ဖြစ်စေ ဆိတ်ငြိမ်ရာသို့ ကပ်၍ဖြစ်စေ ဤသို့ ဆင်ခြင်၏ “ငါသည် သင်္ကန်း ဆွမ်း ကျောင်းဟူသော အကြောင်းကြောင့်သော်လည်းကောင်း၊ ထို ထို သမ္ပတ္တိဘဝ၏ အကြောင်းကြောင့်သော်လည်းကောင်း၊ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်သည် မဟုတ်။ စင်စစ်အားဖြင့် ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည် ငါ့ကို လွှမ်းမိုးအပ်၏။ ငါ့ကို ဆင်းရဲခြင်းသည် လွှမ်းမိုးအပ်၏၊ ငါ့ကို ဆင်းရဲခြင်းသည် နှိပ်စက်အပ်၏၊ ဤအလုံးစုံသော ဆင်းရဲအစု၏ အဆုံးကို ပြုခြင်းသည် အမှန်ပင် ထင်ရှားဖြစ်ရာ၏ဟု နှလုံးသွင်း၍့လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၏။ ငါသည် ကား အကြင် သို့ သဘောရှိကုန်သော ကာမဂုဏ်တို့ကို စွန့်ပယ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၏၊ ထိုသို့သဘောရှိကုန်သော ကာမဂုဏ်တို့ကိုသော်လည်းကောင်း၊ ထို အောက်ယုတ်သော ကာမ ဂုဏ်တို့ကိုသော်လည်းကောင်း ရှာမှီးနေငြားအံ့၊ ထိုသို့ ရှာမှီးနေခြင်းသည် ငါ့အား မသင့်လျော်”ဟု (ဤသို့ ကြံဆင်ခြင်၏)။

ထိုရဟန်းသည် ဤသို့ ဆင်ခြင်ပြန်၏။ “ငါသည် အပြည့်အစုံ အားထုတ် အပ်သည်ရှိသော် တွန့်ဆုတ်ခြင်းမရှိသော ဝီရိယသည် ဖြစ်လတ္တံ့၊ သတိပဋ္ဌာန်လေးပါး၏ အစွမ်းဖြင့် ကပ်၍ တည်သည်ဖြစ်၍ မပျက်သော သတိသည် ဖြစ်လတ္တံ့၊ ရူပကာယ နာမကာယသည် ငြိမ်းသည်ဖြစ်၍ ပူပန်ခြင်း ကင်းလတ္တံ့၊ အာရုံ၌ ကောင်းစွာ ထားအပ်သည်ဖြစ်၍ တည်ကြည်သော စိတ်သည် ဖြစ်လတ္တံ့”ဟု (ဆင်ခြင်ပြန်၏)။ ထိုရဟန်းသည် မိမိကိုယ်ကိုသာလျှင် အကြီးအမှူးပြု၍ အကုသိုလ်ကို ပယ်စွန့်၏၊ ကုသိုလ်ကို ပွါးများ၏၊ အပြစ်ရှိသော တရားကို ပယ်စွန့်၏၊ အပြစ်မရှိသော တရားကို ပွါးများ၏၊ စင်ကြယ်သော မိမိကိုယ်ကို စောင့်ရှောက်၏။ ရဟန်းတို့ ဤသည်ကို မိမိကိုယ်ကို အကြီးအမှူးပြု၍ ဖြစ်သော တရားဟု ဆိုအပ်၏။

ရဟန်းတို့ သတ္တလောကကို အကြီးအမှူးပြု၍ ဖြစ်သော ‘လောကာဓိပတေယျ’တရားဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် တောသို့ ကပ်၍ဖြစ်စေ သစ်ပင်ရင်းသို့ ကပ်၍ဖြစ်စေ ဆိတ်ငြိမ်ရာသို့ ကပ်၍ဖြစ်စေ ဤသို့ ဆင်ခြင်၏ “ငါသည် သင်္ကန်း ဆွမ်း ကျောင်းဟူသော အကြောင်းကြောင့်သော်လည်းကောင်း၊ ထို ထို သမ္ပတ္တိဘဝ၏ အကြောင်းကြောင့်သော်လည်းကောင်း လူ့ဘောင် မှ ရဟန်းဘောင်သို့ ဝင်ရောက်သည် မဟုတ်။ စင်စစ်အားဖြင့် ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာယာခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့သည် ငါ့ကို လွှမ်းမိုး အပ်၏။ ငါ့ကို ဆင်းရဲခြင်းသည် လွှမ်းမိုးအပ်၏၊ ငါ့ကို ဆင်းရဲခြင်းသည် နှိပ်စက်အပ်၏၊ ဤအလုံးစုံသော ဆင်းရဲအစု၏ အဆုံးကို ပြုခြင်းသည် အမှန်ပင် ထင်ရှားဖြစ်ရာ၏ဟု နှလုံးသွင်း၍ လူ့ဘောင်မှ ရဟန်း ဘောင်သို့ ဝင်ရောက်ခဲ့၏၊ ငါသည်ကား ဤသို့ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့သည်ဖြစ်ပါလျက် ကာမ ဂုဏ်တို့ကို ကြံစည်ခြင်း ‘ကာမဝိတက်’ ကိုမူလည်း ကြံစည်ငြားအံ့၊ ပျက်စီးရန် ကြံစည်ခြင်း ‘ဗျာပါဒ ဝိတက်’ကိုမူလည်း ကြံစည်ငြားအံ့၊ ညှဉ်းဆဲရန် ကြံစည်ခြင်း ‘ဝိဟိံသာဝိတက်’ ကိုမူလည်း ကြံစည်ငြားအံ့၊ ဤသတ္တလောက၏ တည်ရာ ‘စကြာဝဠာ’သည် ကျယ်ဝန်းများပြားသည်သာတည်း၊ ကျယ်ဝန်းများပြားသော သတ္တလောက၏ တည်ရာ ‘စကြာဝဠာ’ ၌ တန်ခိုးကြီးကုန်သော နတ်မျက်စိ အမြင်ရှိကုန်သော သူတစ်ပါးစိတ်ကို သိကုန်သော သမဏဗြာဟ္မဏတို့သည် ရှိကုန်၏၊ ထို သမဏဗြာဟ္မဏတို့သည် ဝေးသော အရပ်မှသော်လည်း မြင်နိုင်ကုန်၏၊ နီးကုန်သော်လည်း မထင်ကုန်၊ မိမိစိတ်ဖြင့်လည်း သူတစ်ပါး စိတ်ကို သိနိုင်ကုန်၏၊ ထို သမဏဗြာဟ္မဏတို့သည်လည်း ငါ့ကို ဤသို့ သိကုန်ရာ၏ “အချင်းတို့ ဤအမျိုးသားကို ရှုကုန်လော့၊ ဤအမျိုးသားသည် သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၍ ရဟန်းပြုသူဖြစ်ပါလျက် ယုတ်ညံ့သော အကုသိုလ်တရားတို့နှင့် ရောပြွမ်း၍ နေဘိ၏”ဟု (ဤသို့ သိကုန်ရာ၏)။

တန်ခိုးကြီးကုန်သော နတ်မျက်စိ အမြင်ရှိကုန်သော မိမိစိတ်ဖြင့်လည်း သူတစ်ပါး စိတ်ကို သိစွမ်းနိုင်ကုန်သော နတ်တို့သည် ရှိကုန်၏၊ ထို နတ်တို့သည် ဝေးသော အရပ်မှသော်လည်း မြင်နိုင်ကုန်၏၊ နီးကုန်သော်လည်း မထင်ကုန်၊ မိမိစိတ်ဖြင့်လည်း သူတစ်ပါးစိတ်ကို သိနိုင်ကုန်၏၊ ထို ိုနတ်တို့သည်လည်း ငါ့ကို ဤသို့ သိကုန်ရာ၏ “အချင်းတို့ ဤအမျိုးသားကို ရှုကုန်လော့၊ ဤအမျိုးသားသည် သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၍ ရဟန်းပြုသူ ဖြစ်ပါလျက် ယုတ်ညံ့သော အကုသိုလ်တရားတို့နှင့် ရောပြွမ်းလျက် နေဘိ၏”ဟု (ဤသို့ သိကုန်ရာ၏)။ ထိုရဟန်းသည် ဤသို့ ဆင်ခြင်ပြန်၏ “ငါသည် အပြည့်အစုံအားထုတ်အပ်သည်ရှိသော် တွန့်ဆုတ်ခြင်း မရှိသော ဝီရိယသည် ဖြစ်လတ္တံ့၊ သတိပဋ္ဌာန်လေးပါး၏ အစွမ်းဖြင့် ကပ်၍ တည်သည်ဖြစ်၍ မပျက်သော သတိသည် ဖြစ်လတ္တံ့၊ ရူပကာယ နာမကာယသည် ငြိမ်းသည်ဖြစ်၍ ပူပန်ခြင်း ကင်းလတ္တံ့၊ အာရုံ၌ ကောင်းစွာ ထားအပ်သည်ဖြစ်၍ တည်ကြည်သော စိတ်သည် ဖြစ်လတ္တံ့”ဟု (ဆင်ခြင်ပြန်၏)။ ထို ရဟန်းသည် လောကကိုသာလျှင် အကြီး အမှူးပြု၍ အကုသိုလ်ကို ပယ်စွန့်၏၊ ကုသိုလ်ကို ပွါးများ၏၊ အပြစ်ရှိသော တရားကို ပယ်စွန့်၏၊ အပြစ်မရှိသော တရားကို ပွါးများ၏၊ စင်ကြယ်သော မိမိကိုယ်ကို စောင့်ရှောက်၏။ ရဟန်းတို့ ဤသည်ကို လောကကို အကြီးအမှူးပြု၍ ဖြစ်သော တရားဟု ဆိုအပ်၏။

ရဟန်းတို့ လောကုတ္တရာတရားကို အကြီးအမှူးပြု၍ ဖြစ်သော ‘ဓမ္မာဓိပတေယျ’တရားဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် တောသို့ ကပ်၍ဖြစ်စေ သစ်ပင်ရင်းသို့ ကပ်၍ဖြစ်စေ ဆိတ်ငြိမ်ရာသို့ ကပ်၍ဖြစ်စေ ဤသို့ ဆင်ခြင်၏ “ငါသည် သင်္ကန်း ဆွမ်း ကျောင်းဟူသော အကြောင်းကြောင့်သော်လည်းကောင်း၊ ထို ထို သမ္ပတ္တိဘဝ၏ အကြောင်းကြောင့်သော်လည်းကောင်း လူ့ဘောင် မှ ရဟန်းဘောင်သို့ ဝင်ရောက်သည် မဟုတ်။ စင်စစ်အားဖြင့် ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့သည် ငါ့ကို လွှမ်းမိုးအပ်၏။ ငါ့ကို ဆင်းရဲခြင်းသည် လွှမ်းမိုးအပ်၏၊ ငါ့ကို ဆင်းရဲခြင်းသည် နှိပ်စက်အပ်၏၊ ဤအလုံးစုံသော ဆင်းရဲ၏ အဆုံးကို ပြုခြင်းသည် အမှန်ပင် ထင်ရှားဖြစ်ရာ၏ဟု နှလုံးသွင်း၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၏။ တရားတော်သည် မြတ်စွာဘုရား ကောင်းစွာ ဟောထားသော တရားတော်ပါပေတည်း၊ ကိုယ်တိုင်သိမြင်အပ်သော တရားတော်ပါပေတည်း၊ အခါမလင့် အကျိုးပေးတတ်သော တရားတော်ပါ ပေတည်း၊ လာလှည့်ရှုလှည့်ဟု ဆောင်ပြထိုက်သော တရားတော်ပါပေတည်း၊ မိမိ၏ ကိုယ်ထဲ စိတ်ထဲ၌ ဆောင်ယူထားထိုက်သော တရားတော်ပါပေတည်း၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင်ခံစား နိုင်သော တရားတော်ပါပေတည်း။ ထိုတရားတော်ကို သိကုန်မြင်ကုန်လျက် နေကြကုန်သော ငါ၏ သီတင်း သုံးဖော်တို့သည် ရှိကြကုန်၏။ ငါသည်သာ ဤသို့ ကောင်းစွာ ဟောကြားအပ်သော သာသနာတော်၌ ဝင်ရောက်၍ ရဟန်းပြုသူ ဖြစ်ပါလျက် စင်စစ် ပျင်းရိမေ့လျော့၍ နေငြားအံ့၊ ဤသို့ နေခြင်းသည် ငါ့အား မသင့်လျော်”ဟု (ဆင်ခြင်၏)။ ထိုရဟန်းသည် ဤသို့ ဆင်ခြင်ပြန်၏။ “ငါသည် အပြည့်အစုံ အားထုတ်အပ်သည်ရှိသော် တွန့်ဆုတ်ခြင်း မရှိသော ဝီရိယသည် ဖြစ်လတ္တံ့၊ သတိပဋ္ဌာန်လေးပါး၏ အစွမ်းဖြင့် ကပ်၍ တည်သည်ဖြစ်၍ တည်ကြည်သော စိတ်သည် ဖြစ်လတ္တံ့၊ ရူပကာယ နာမကာယသည် ငြိမ်းသည်ဖြစ်၍ ပူပန်ခြင်း ကင်းလတ္တံ့၊ အာရုံ၌ ကောင်းစွာ ထားအပ်သည်ဖြစ်၍ တည်ကြည်သော စိတ်သည် ဖြစ်လတ္တံ့”ဟု (ဆင်ခြင်ပြန်၏)။ ထိုရဟန်းသည် လောကုတ္တရာတရားကိုသာလျှင် အကြီးအမှူးပြု၍ အကုသိုလ်ကို ပယ်စွန့်၏၊ ကုသိုလ်ကို ပွါးများ၏၊ အပြစ်ရှိသော တရားကို ပယ်စွန့်၏၊ အပြစ်မရှိသော တရားကို ပွါးများ၏၊ စင်ကြယ်သော မိမိကိုယ်ကို စောင့်ရှောက်၏။ ရဟန်းတို့ ဤသည်ကို လောကုတ္တရာတရားကို အကြီးအမှူးပြု၍ ဖြစ်သော တရားဟု ဆိုအပ်၏။ ရဟန်းတို့ အကြီး အမှူးပြု၍ ဖြစ်သော တရားသည် ဤသုံးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

အချင်းယောကျာ်း မကောင်းမှုကို ပြုသူ၏ ဆိတ်ကွယ်ရာ အရပ်မည်သည် လောက၌ မရှိ။ မှန်သည်လည်း ဖြစ်စေ၊ မှားသည်လည်း ဖြစ်စေ အကြင် အမှုကို သင်ပြု၏၊ ထို သင်ပြုသော အမှုကို မိမိကိုယ်တိုင် သိ၏။ အချင်းတို့ အကြင်သူသည် ကောင်းမြတ်၍ သက်သေသဖွယ်ဖြစ်သော မိမိကိုယ်ကို မထီမဲ့မြင် အောက်မေ့၏၊ ထိုသူသည် မိမိ၌ ထင်ရှားရှိသော ထို မကောင်းမှုကို စင်စစ် လျှို့ဝှက်၏။ လောက၌ မညီညွတ်သော တရားကို ကျင့်သုံးသော လူမိုက်ကို နတ်တို့သည်လည်းကောင်း၊ ဘုရား (စသော သူတော်ကောင်း)တို့သည်လည်းကောင်း တွေ့မြင် ကုန်၏။ ထို့ကြောင့်သာလျှင် မိမိကိုယ်ကို့အကြီးအမှူးပြုတတ်သော ရဟန်းသည်လည်းကောင်း၊ ပညာရှိ၍ ကိလေသာကို လောင်ကျွမ်းစေတတ်သူ လောကကို အကြီးအမှူးပြုတတ်သူ ရဟန်းသည်လည်းကောင်း၊ လောကုတ္တရာတရားအားလျော် သော အကျင့်ရှိသူ မှန်သော လုံ့လရှိသူ လောကုတ္တရာတရားကို အကြီးအမှူး ပြုတတ်သူ ရဟန်းသည်လည်းကောင်း မဆုတ်ယုတ်။ ကိလေသာကို လောင်ကျွမ်းစေတတ်သော လုံ့လရှိသော အကြင် ရဟန်းသည် ကိလေသာမာရ်ကို နှိပ်စက်၍၊ အယုတ်ကို ပြုတတ်သော ကိလေသာမာရ်ကို လွှမ်းမိုး၍၊ ပဋိသန္ဓေနေခြင်း၏ ကုန်ရာဖြစ်သော အရဟတ္တဖိုလ်သို့ ရောက်၏။ လောကကို သိတတ်၍ ကောင်းသော ပညာရှိသော၊ ခပ်သိမ်းကုန်သော တရားတို့၌ တပ်ခြင်းတဏှာမရှိသော၊ ဉာဏ်ပညာနှင့်ပြည့်စုံသော၊ ထိုသို့ သဘောရှိသော ရဟန္တာသည် တစ်ခါတစ်ရံမျှ မဆုတ်ယုတ်။

ဒသမသုတ်။

လေးခုမြောက် ဒေဝဒူတဝဂ် ပြီး၏။