အင်္ဂုတ္တရနိကာယ်

၅-စူဠဝဂ်

၂-တိဌာနသုတ်

၄၂။ ရဟန်းတို့ အကြောင်းသုံးမျိုးတို့ဖြင့် ကြည်ညိုသူကို သဒ္ဓါတရားနှင့် ပြည့်စုံသူဟူ၍ သိအပ်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ— သီလနှင့်ပြည့်စုံသော သူတို့ကို ဖူးမြင်လိုသူ ဖြစ်၏၊ သူတော်ကောင်းတရားကို နာကြားလိုသူဖြစ်၏၊ လွတ်လွတ်စွန့်ကြဲခြင်း ရှိသည်ဖြစ်၍ ဆေးကြောအပ်သော လက်ရှိသည် စွန့်လွှတ်ခြင်း၌ ပျော်မွေ့သည် တောင်းခံခြင်းငှါ သင့်သည် ပေးလှူမှု ဝေဖန်ခန့်ခွဲမှု၌ မွေ့လျော်သည်ဖြစ်၍ ဝန်တိုခြင်းဟူသော အညစ်အကြေးမှ ကင်းသော စိတ်ဖြင့် အိမ်၌နေသူ ဖြစ်၏။ ရဟန်းတို့ ဤအကြောင်း သုံးမျိုးတို့ဖြင့် ကြည်ညိုသောသူကို သဒ္ဓါတရားနှင့် ပြည့်စုံသူဟူ၍ သိအပ်၏။ (အကြင် ပုဂ္ဂိုလ်သည်) သီလနှင့် ပြည့်စုံသူတို့ကို ဖူးမြင်လို၏၊ သူတော်ကောင်းတရားကို နာကြားလို၏၊ ဝန်တိုခြင်းဟူသော အညစ်အကြေးကို ပယ်ဖျောက် တတ်၏၊ ထိုသူကို စင်စစ် သဒ္ဓါတရားနှင့် ပြည့်စုံသူဟူ၍ ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။