အင်္ဂုတ္တရနိကာယ်

၅-စူဠဝဂ်

၃-အတ္တဝသသုတ်

၄၃။ ရဟန်းတို့ အကြောင်း သုံးမျိုးတို့ကို ကောင်းစွာရှုမြင်သဖြင့် သူတစ်ပါးတို့အား တရားကို ဟောကြားခြင်းငှါ သင့်သည်သာတည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ— တရားဟောသောသူသည် အနက်ကိုလည်း သိ၏၊ ပါဠိကိုလည်း သိ၏။ တရားနာသောသူသည် အနက်ကိုလည်း သိ၏၊ ပါဠိကိုလည်း သိ၏။ တရားဟောသောသူတရားနာသောသူ နှစ်ယောက်သော သူတို့သည် အနက်ကိုလည်း သိကုန်၏၊ ပါဠိကိုလည်း သိကုန်၏။ ရဟန်းတို့ အကြောင်းသုံးမျိုးတို့ကို ကောင်းစွာ ရှုမြင်သဖြင့် သူတစ်ပါးတို့အားတရားဟောခြင်းငှါ သင့်သည်သာတည်းဟု (မိန့်တော်မူ၏)။

တတိယသုတ်။