အင်္ဂုတ္တရနိကာယ်

၅-စူဠဝဂ်

၄-ကထာပဝတ္ထိသုတ်

၄၄။ ရဟန်းတို့ စကားဖြစ်ပေါ်ခြင်းသည် အကြောင်းသုံးမျိုးတို့ကြောင့် ဖြစ်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ— တရားဟောသောသူသည် အနက်ကိုလည်း သိ၏၊ ပါဠိကိုလည်း သိ၏။ တရားနာသောသူသည် အနက်ကိုလည်း သိ၏၊ ပါဠိကိုလည်း သိ၏။ တရားဟောသောသူတရားနာသောသူ နှစ်ယောက် သော သူတို့သည် အနက်ကိုလည်း သိကုန်၏၊ ပါဠိကိုလည်း သိကုန်၏။ ရဟန်းတို့ စကားဖြစ်ပေါ်ခြင်း၏ အကြောင်းတို့သည် ဤသုံးမျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။