အင်္ဂုတ္တရနိကာယ်

(၆) ၁-ဗြာဟ္မဏဝဂ်

၁-ပဌမ ဒွေ ဗြာဟ္မဏသုတ်

၅၂။ ထိုအခါ ဖွားမြင်သည်မှ အသက်တစ်ရာ့နှစ်ဆယ်ရှိ၍ အိုမင်း ကြီးမြင့် အရွယ်ရင့်ကာ ဆင့်ဆင့် လွန်မြောက် အဆုံးအရွယ်သို့ ရောက်ကုန်သော ပုဏ္ဏားနှစ်ယောက်တို့သည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ကြကုန်ပြီးလျှင် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုကြကုန်၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်ကြပြီးလျှင် မြတ်စွာဘုရားအား— “အသျှင်ဂေါတမ အကျွန်ုပ်တို့သည် ဖွားမြင်သည်မှ အသက်တစ်ရာ့နှစ်ဆယ်ပင်ရှိကြ၍ အိုမင်း ကြီးမြင့် အရွယ်ရင့်ကာ ဆင့်ဆင့်လွန်မြောက် အဆုံးအရွယ်သို့ ရောက်ကြပါကုန်ပြီ၊ ထို အကျွန်ုပ်တို့ကား ဒုဂ္ဂတိဘေးမှ စောင့်ရှောက်တားမြစ်ကြောင်း ကောင်းမှုကုသိုလ်ကိုမူ မပြုလုပ်ကြရပါကုန်သေး၊ အသျှင် ဂေါတမသည် အကျွန်ုပ်တို့အား ရှည်ကြာလေးမြင့် အစီးအပွါးရှိခြင်း ချမ်းသာခြင်းငှါ ဖြစ်နိုင်ရာသော သွန်သင်ဆုံးမခြင်းဖြင့် သွန်သင်ဆုံးမတော်မူပါ”ဟု လျှောက်ထားကြကုန်၏။

ပုဏ္ဏားတို့ သင်တို့သည် ဖွားမြင်သည်မှ အသက်တစ်ရာ့နှစ်ဆယ်ရှိကုန်၍ အိုမင်းကြီးမြင့် အရွယ် ရင့်ကာ ဆင့်ဆင့်လွန်မြောက် အဆုံးအရွယ်သို့ စင်စစ် ရောက်ကြကုန်၏။ သင်တို့သည် ဒုဂ္ဂတိဘေးမှ စောင့်ရှောက်တားမြစ်ကြောင်း ကောင်းမှုကုသိုလ်ကိုမူ မပြုလုပ်ကြရကုန်သေး၊ ပုဏ္ဏားတို့ အိုခြင်း နာခြင်း သေခြင်းသည် ဤသတ္တလောကကို အဆင့်ဆင့် ပို့ဆောင်အပ်၏။ ပုဏ္ဏားတို့ အိုခြင်း နာခြင်း သေခြင်းသည် သတ္တလောကကို ဤသို့ အဆင့်ဆင့် ပို့ဆောင်အပ်သည်ရှိသော် ဤမျက်မှောက်ဘဝ၌ ကိုယ်ဖြင့် စောင့်စည်းခြင်း၊ နှုတ်ဖြင့် စောင့်စည်းခြင်း၊ စိတ်ဖြင့် စောင့်စည်းခြင်းသည် တမလွန်ဘဝသို့ ပြောင်းသွား သူ၏ ခိုကိုးရာ ပုန်းအောင်းရာ မှီခိုရာ ကိုးကွယ်ရာ လဲလျောင်းရာ ဖြစ်၏ဟု (မိန့်တော်မူ၏)။

(အို နာ သေရေး ဒုက္ခဘေးတို့သည်) ဇီဝိတိန္ဒြေကို အဆင့်ဆင့် ပို့ဆောင်အပ်၏၊ (သတ္တဝါတို့၏) အသက်သည် တိုတောင်းလှ၏၊ အိုခြင်းတရားသည် အဆင့်ဆင့် ပို့ဆောင်အပ်သော သတ္တဝါအား ကိုးကွယ်ရာတို့မည်သည် မရှိနိုင်ကုန်၊ သေခြင်းတရား၌ ဤမည်သော ဘေးကို (ပညာမျက်စိဖြင့်) မြင်အောင်ရှုလျက် ချမ်းသာကို ဆောင်စွမ်းနိုင်သော ကုသိုလ်ကောင်းမှုတို့ကို ပြုရာသတည်း။

ဤမျက်မှောက်ဘဝ၌ ကိုယ် နှုတ် စိတ်ဖြင့် စောင့်စည်းခြင်းသည်လည်းကောင်း၊ အသက်ဝိညာဉ်ရှင်နေစဉ် ကောင်းမှုကို ပြုခြင်းသည်လည်းကောင်း တမလွန်လောက သို့ ပြောင်းသွားသူအား ချမ်းသာခြင်းငှါ ဖြစ်သတည်း။

ပဌမသုတ်။