အင်္ဂုတ္တရနိကာယ်

(၆) ၁-ဗြာဟ္မဏဝဂ်

၁ဝ-သင်္ဂါရဝသုတ်

၆၁။ ထိုအခါ သင်္ဂါရဝပုဏ္ဏားသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီး၍ တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား— “အသျှင်ဂေါတမ အကျွန်ုပ်တို့ ပုဏ္ဏားမည်သည် ကိုယ်တိုင်လည်း ယဇ်ပူဇော်ကြကုန်၏၊ သူတစ်ပါးကိုလည်း ပူဇော်စေကြကုန်၏။ အသျှင်ဂေါတမ ထို ယဇ်ပူဇော်ခြင်း၌ ကိုယ်တိုင် ပူဇော်သူ သူတစ်ပါးကိုလည်း ပူဇော်စေသူ အားလုံးတို့သည် ယင်းယဇ် ပူဇော်ခြင်း အကြောင်းကြောင့် အများအတွက် အကျင့်ကို ကျင့်ကုန်၏။ အသျှင်ဂေါတမ အကြင်သူသည် ကား ထို ထို ဤအမျိုးမှ ရဟန်းပြု၍ မိမိတစ်ကိုယ်တည်းကို ဆုံးမ၏၊ မိမိတစ်ကိုယ်တည်းကို ငြိမ်သက်စေ၏၊ မိမိတစ်ကိုယ်တည်းကို (ကိလေသာမှ) ငြိမ်းစေ၏၊ ဤသို့ဖြစ်သော် ဤသူသည် ယင်းရဟန်းပြုခြင်းအကြောင်းကြောင့် တစ်ကိုယ်ကောင်းအကျင့်ကို ကျင့်၏ဟု (လျှောက်၏)။

ပုဏ္ဏား သို့ဖြစ်လျှင် ဤအရာ၌ သင့်ကိုပင် တစ်ဖန် ပြန်မေးဦးမည်၊ သင် နှစ်သက်သည့်အတိုင်း ထို အမေးကို ဖြေကြားလော့၊ ပုဏ္ဏား ထို စကားကို သင်မည်သို့ မှတ်ထင်သနည်း။ ပူဇော်အထူးကို ခံတော်မူထိုက်သော၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူသော၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော၊ လောကကို သိတော်မူသော၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ ပုဂ္ဂိုလ်ဖြစ်တော်မူသော၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော၊ သစ္စာလေးပါးကို သိတော်မူသော၊ ဘုန်းတန်ခိုးကြီးတော်မူသော မြတ်စွာဘုရားသည် ဤလောက၌ ပွင့်တော်မူ၏။ ထို မြတ်စွာဘုရားသည် “လာကြကုန်လော့ အတုမရှိသော မြတ်သော အကျင့်၏ တည်ရာ နိဗ္ဗာန်ကို (ငါကိုယ်တိုင်) ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုခဲ့သော ဤလမ်းစဉ် ဤအကျင့်ကို (သင်တို့အား) ဟောကြားမည်၊ ငါဟောကြားသည့်အတိုင်း သင်တို့ ကျင့်လျှင်လည်း အတုမရှိသော မြတ်သောအကျင့်၏ တည်ရာနိဗ္ဗာန်ကို ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြု၍ နေကြရ လိမ့်မည်၊ ထို လမ်းစဉ်ကို သင်တို့လည်း ထို အတိုင်း ကျင့်ကြကုန်လော့”ဟု မိန့်တော်မူ၏။ ဤသို့ မြတ်စွာဘုရားသည် ကိုယ်တိုင်လည်းတရားကို ဟော၏၊ တစ်ပါးသော သူတို့သည်လည်း ထို နိဗ္ဗာန် အကျိုးငှါ ကျင့်ကြကုန်၏၊ ထို ကျင့်သူတို့ကား အရာ အထောင် အသိန်းမက များလှကုန်၏။

ပုဏ္ဏား ငါ ယခု ပြောဆိုခဲ့သည့် စကားကို သင် မည်သို့ မှတ်ထင်သနည်း၊ ဤအတိုင်းဖြစ်လျှင် ရဟန်းပြုခြင်းဟူသော ဤအကျင့်သည် တစ်ကိုယ်ကောင်းအကျင့် မည်သလော၊ သို့မဟုတ် အများအတွက် အကျင့် မည်သလောဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ ဤအတိုင်းဖြစ်လျှင် ရဟန်းပြုခြင်းဟူသော ဤအကျင့်သည် အများအတွက် အကျင့်မည်ပါ၏ဟု (လျှောက်၏)။ ဤသို့လျှောက်သော် အသျှင်အာနန္ဒာသည် သင်္ဂါရဝပုဏ္ဏားအား— “ပုဏ္ဏား ဤအကျင့် နှစ်မျိုးတို့တွင် အဘယ်အကျင့်ကို သင်နှစ်သက်သနည်း၊ (အဘယ်အကျင့်သည်) သာ၍နည်းသော ကိစ္စရှိသနည်း၊ သာ၍နည်းသော အားထုတ်ရမှု ရှိသနည်း၊ သာ၍ များသော အကျိုးရှိသနည်း၊ သာ၍ များသောအာနိသင်ရှိသနည်း”ဟု ဆို၏။ ဤသို့ ဆိုအပ်သည် ရှိသော် သင်္ဂါရဝပုဏ္ဏားသည် အသျှင်အာနန္ဒာအား— “အသျှင်ဂေါတမကဲ့သို့သော ပုဂ္ဂိုလ်မျိုး အသျှင်အာနန္ဒာ ကဲ့သို့သော ပုဂ္ဂိုလ်မျိုးတို့ကို အကျွန်ုပ်ပူဇော်ပါ၏၊ ချီးမွမ်းပါ၏”ဟု (လျှောက်၏)။

နှစ်ကြိမ်မြောက်လည်း သင်္ဂါရဝပုဏ္ဏားအား အသျှင်အာနန္ဒာသည် “ပုဏ္ဏား ‘သင် အဘယ်ပုဂ္ဂိုလ် တို့ကို ပူဇော်သနည်း၊ သင် အဘယ်ပုဂ္ဂိုလ်တို့ကို ချီးမွမ်းသနည်း’ဟု သင့်အား ငါမေးသည် မဟုတ်၊ ပုဏ္ဏား ဤအကျင့်နှစ်မျိုးတို့တွင် အဘယ်အကျင့်ကို သင်နှစ်သက်သနည်း၊ (အဘယ်အကျင့်သည်) သာ၍နည်းသောကိစ္စရှိသနည်း၊ သာ၍နည်းသော အားထုတ်ရမှု ရှိသနည်း၊ သာ၍ များသော အကျိုးရှိသနည်း၊ သာ၍ များသော အာနိသင်ရှိသနည်း”ဟုသာ သင့်အား ငါမေး၏ဟု ဆို၏။ နှစ်ကြိမ်မြောက်ပင် သင်္ဂါရဝ ပုဏ္ဏားသည် အသျှင်အာနန္ဒာအား “အသျှင်ဂေါတမကဲ့သို့သော ပုဂ္ဂိုလ်မျိုး အသျှင်အာနန္ဒာကဲ့သို့သော ပုဂ္ဂိုလ်မျိုးတို့ကို အကျွန်ုပ်ပူဇော်ပါ၏၊ ချီးမွမ်းပါ၏”ဟု လျှောက်၏။

သုံးကြိမ်မြောက်လည်း သင်္ဂါရဝပုဏ္ဏားကို အသျှင်အာနန္ဒာသည် “ပုဏ္ဏား ‘သင် အဘယ်ပုဂ္ဂိုလ်တို့ကို ပူဇော်သနည်း၊ သင် အဘယ်ပုဂ္ဂိုလ်တို့ကို ချီးမွမ်းသနည်း’ဟု သင့်အား ငါမေးသည် မဟုတ်၊ ပုဏ္ဏား ဤအကျင့်နှစ်မျိုးတို့တွင် အဘယ်အကျင့်ကို ‘သင်နှစ်သက်သနည်း၊ (အဘယ်အကျင့်သည်) သာ၍နည်းသောကိစ္စ ရှိသနည်း၊ သာ၍နည်းသော အားထုတ်ရမှု ရှိသနည်း၊ သာ၍ များသော အကျိုးရှိသနည်း၊ သာ၍ များသော အာနိသင်ရှိသနည်း’ဟုသာ သင့်အား ငါမေး၏”ဟု ဆို၏။ သုံးကြိမ်မြောက်ပင် သင်္ဂါရဝပုဏ္ဏားသည် အသျှင်အာနန္ဒာအား “အသျှင်ဂေါတမကဲ့သို့သော ပုဂ္ဂိုလ်မျိုး အသျှင်အာနန္ဒာကဲ့သို့ သော ပုဂ္ဂိုလ်မျိုးတို့ကို အကျွန်ုပ်ပူဇော်ပါ၏၊ ချီးမွမ်းပါ၏”ဟု (လျှောက်၏)။

ထိုအခါ အာနန္ဒာသည် “သုံးကြိမ်တိုင်အောင်လည်း ပြဿနာကိုတရားသဖြင့် မေးအပ်ပါလျက် သင်္ဂါရဝပုဏ္ဏားသည် ရှောင်လွှဲ၏၊ မဖြေဆို၊ ငါသည် နှစ်ယောက်လုံးကို ပင်ပန်းခြင်းမှ လွတ်စေရမူကား ကောင်းပေလိမ့်မည်”ဟု မြတ်စွာဘုရားအား အကြံ ဖြစ်တော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် သင်္ဂါရဝ ပုဏ္ဏားအား— “ပုဏ္ဏား ယနေ့ နန်းတော်တွင်း၌ အညီအညွတ်စည်းဝေးနေကြသော မင်းချင်းယောကျာ်းတို့ အား အဘယ်သို့သော အကြားစကားသည် ထင်ရှားဖြစ်သနည်း”ဟု မိန့်တော်မူ၏။ အသျှင်ဂေါတမ ယနေ့ နန်းတော်တွင်း၌ အညီအညွတ်စည်း ဝေးနေကြသော မင်းချင်းယောကျာ်းတို့အား ဤသို့သော အကြားစကားသည် ထင်ရှားဖြစ်ပါ၏။ “ရှေးအခါက ရဟန်းတို့သည် အလွန်နည်းပါးကုန်လျက်လည်း လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကိုကား ပြသူ များကုန်၏၊ ယခုအခါ၌မူကား ရဟန်းတို့သည် အလွန်များကုန်လျက်လည်း လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါး ထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကိုကား ပြသူနည်းကုန်၏”ဟူသော ဤအကြားစကားသည် ထင်ရှား ဖြစ်ပါ၏ဟု (လျှောက်၏)။

ပုဏ္ဏား ပြာဋိဟာတို့သည် ဤသုံးမျိုးတို့တည်း၊ အဘယ်သုံးမျိုးတို့နည်းဟူမူ— တန်ခိုးပြာဋိဟာ ‘ဣဒ္ဓိပါဋိဟာရိယ’၊ အတပ်ဟောခြင်း ပြာဋိဟာ ‘အာဒေသနာပါဋိဟာရိယ’ နှင့် ဆုံးမခြင်း ပြာဋိဟာ ‘အနု သာသနီပါဋိဟာရိယ’ တို့ပေတည်း။ ပုဏ္ဏား တန်ခိုးပြာဋိဟာဟူသည် အဘယ်နည်း၊ ပုဏ္ဏား ဤလောက၌ အချို့သော သူသည် များပြားသော တန်ခိုးဖန်ဆင်းခြင်းကို ပြီးစေ၏၊ တစ်ယောက်တည်း ဖြစ်လျက်လည်း အများဖြစ်သွား၏၊ အများဖြစ်လျက်လည်း တစ်ယောက်တည်း ဖြစ်လာ၏၊ (ကိုယ်) ထင်ရှား ဖြစ်စေ၏၊ (ကိုယ်) ပျောက်စေ၏၊ နံရံတစ်ဖက် တံတိုင်းတစ်ဖက် တောင်တစ်ဖက်သို့ မထိ မငြိဘဲ ကောင်းကင်၌ကဲ့သို့ သွား၏၊ မြေ၌လည်း ငုပ်ခြင်း ပေါ်ခြင်းကို ရေ၌ကဲ့သို့ ပြု၏၊ ရေ၌လည်း မကွဲစေဘဲ မြေ၌ကဲ့သို့ သွား၏၊ ကောင်းကင်၌လည်း ထက်ဝယ်ဖွဲ့ခွေလျက် အတောင်ရှိသော ငှက်ကဲ့သို့ သွား၏၊ ဤသို့ တန်ခိုး အာနုဘော်ကြီးကုန်သော ဤလ နေတို့ကိုလည်း လက်ဖြင့် သုံးသပ်၏၊ ဆုပ်ကိုင်၏၊ ဗြဟ္မာ့ပြည်တိုင်အောင်လည်း ကိုယ်ကို (မိမိ) အလိုအတိုင်း ဖြစ်စေ၏။ ပုဏ္ဏား ဤပြာဋိဟာကို တန်ခိုးပြာဋိဟာဟု ဆိုအပ်၏။

ပုဏ္ဏား အတပ်ဟောခြင်း ပြာဋိဟာဟူသည် အဘယ်နည်း၊ ပုဏ္ဏား ဤလောက၌ အချို့သော သူသည် နိမိတ်ဖြင့် “သင့် စိတ်သည် ဤသို့သော သဘောရှိ၏၊ သင့်စိတ်သည် ဤသို့ အခြင်းအရာ ရှိ၏၊ သင့် စိတ်အကြံသည် ဤသို့ ဖြစ်၏”ဟု အတပ်ဟော၏။ ထိုသူသည် များစွာ အတပ်ဟောစေကာမူ ထို ဟောသည့် အတိုင်းပင် ဖြစ်၏၊ တစ်ပါးသော အခြင်းအရာအားဖြင့် မဖြစ်။ ပုဏ္ဏား ဤလောက၌ အချို့သောသူသည် နိမိတ်ဖြင့် အတပ်မဟော၊ စင်စစ်သော်ကား လူတို့၏အသံ ဘီလူးတို့၏အသံ နတ်တို့၏အသံကို ကြား၍ “သင့်စိတ်သည် ဤသို့သဘောရှိ၏၊ သင့်စိတ်သည် ဤသို့ အခြင်းအရာအား ဖြင့် ဖြစ်၏၊ သင့်စိတ်အကြံသည် ဤသို့ ဖြစ်၏”ဟု အတပ်ဟော၏။ ထိုသူသည် များစွာ အတပ်ဟော စေကာမူ ထို ဟောသည့်အတိုင်းပင် ဖြစ်၏၊ တစ်ပါးသော အခြင်းအရာအားဖြင့် မဖြစ်။ ပုဏ္ဏား ဤလောက၌ အချို့သော သူသည် နိမိတ်ဖြင့်လည်း အတပ် မဟော၊ လူတို့၏အသံ ဘီလူးတို့၏အသံ့နတ်တို့၏အသံကို ကြား၍လည်း အတပ်မဟော၊ စင်စစ်သော်ကား ကြံစည်သုံးသပ်သောသူ၏ ကြံစည်မှု ပျံ့နှံ့ခြင်းကြောင့် ဖြစ်သော အသံကို ကြား၍ “သင့်စိတ်သည် ဤသို့ သဘောရှိ၏၊ သင့် စိတ်သည် ဤသို့ အခြင်းအရာအားဖြင့် ဖြစ်၏၊ သင့် စိတ်အကြံသည် ဤသို့ ဖြစ်၏”ဟု အတပ်ဟော၏။ ထိုသူသည် များစွာ အတပ်ဟောစေကာမူ ထို ဟောသည့်အတိုင်းပင် ဖြစ်၏၊ တစ်ပါးသော အခြင်းအရာအားဖြင့် မဖြစ်။ ပုဏ္ဏား ဤလောက၌ အချို့သောသူသည် နိမိတ်ဖြင့်လည်း အတပ်မဟော၊ လူတို့၏အသံ ဘီလူးတို့၏အသံ နတ်တို့၏အသံကို ကြား၍လည်း အတပ်မဟော၊ ကြံစည်သုံးသပ်သူ၏ ကြံစည်မှု ပျံ ့နှံ့ခြင်းကြောင့် ဖြစ်သော အသံကို ကြား၍လည်း အတပ်မဟော၊ စင်စစ်သော်ကား ကြံစည်ခြင်း သုံးသပ်ခြင်း မရှိသော သမာဓိဝင်စားသူ၏ စိတ်ကို မိမိစိတ်ဖြင့် ပိုင်းခြား၍ “ဤအသျှင်သည် စိတ်ဟူသော သင်္ခါရတို့ကို ထားသော အခြင်းအရာအားဖြင့် ဤစိတ်အခြားမဲ့၌ ဤမည်သော အကြံကို ကြံလတ္တံ့”ဟု အပြားအားဖြင့် သိ၏။ ထိုသူသည် များစွာ အတပ်ဟောစေကာမူ ထို ဟောသည့်အတိုင်းပင် ဖြစ်၏၊ တစ်ပါးသော အခြင်း အရာအားဖြင့် မဖြစ်။ ပုဏ္ဏား ဤပြာဋိဟာကို အတပ်ဟောခြင်းပြာဋိဟာဟု ဆိုအပ်၏။

ပုဏ္ဏား ဆုံးမခြင်း ပြာဋိဟာဟူသည် အဘယ်နည်း၊ ပုဏ္ဏား ဤလောက၌ အချို့သောသူသည် “ဤသို့ ကြံကုန်လော့၊ ဤသို့ မကြံကုန်လင့်၊ ဤသို့ နှလုံးသွင်းကုန်လော့၊ ဤသို့ နှလုံးမသွင်းကုန်လင့်၊ ဤ(တရား) ကို ပယ်ကုန်လော့၊ ဤ(တရား) သို့ ရောက်၍ နေကုန်လော့”ဟု ဆုံးမ၏။ ပုဏ္ဏား ဤပြာဋိဟာကို ဆုံးမခြင်း ပြာဋိဟာဟု ဆိုအပ်၏။ ပုဏ္ဏား ပြာဋိဟာတို့သည် ဤသုံးမျိုးတို့ပေတည်း။ ပုဏ္ဏား ဤပြာဋိဟာသုံးမျိုးတို့တွင် အဘယ်ပြာဋိဟာကို သာလွန်မွန်မြတ်သည်ဖြစ်၍ သင်နှစ်သက်သနည်းဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ ထို ပြာဋိဟာသုံးမျိုးတို့တွင် ဤလောက၌ အချို့သောသူသည် များပြားသော တန်ခိုး ဖန်ဆင်းခြင်းကို ဖြစ်စေ၏။ပ။ ဗြဟ္မာ့ဘုံတိုင်အောင်လည်း ကိုယ်ကို (မိမိ) အလိုအတိုင်း ဖြစ်စေ၏၊ အသျှင်ဂေါတမ ဤသည်ကား ပြာဋိဟာပါတည်း။ ထို ပြာဋိဟာကို ပြုသူသာ ခံစားရပါ၏၊ ထို ပြာဋိဟာသည် ပြုသူအားသာလျှင် ဖြစ်ပါ၏။ အသျှင်ဂေါတမ ဤပြာဋိဟာသည် မျက်လှည့်နှင့်တူသော သဘောရှိသကဲ့သို့ အကျွန်ုပ်အား ထင်ပါ၏။

အသျှင်ဂေါတမ ဤလောက၌ အချို့သော သူသည် နိမိတ်ဖြင့် “သင့်စိတ်သည် ဤသို့ ဖြစ်၏၊ သင့်စိတ်သည် ဤသို့သော သဘောရှိ၏၊ သင့်စိတ်သည် ဤသို့ အခြင်းအရာရှိ၏၊ သင့်စိတ်အကြံသည် ဤသို့ ဖြစ်၏”ဟု အတပ်ဟော၏၊ ထိုသူသည် များစွာ အတပ်ဟောစေကာမူ ထို အတိုင်းပင် ဖြစ်၏၊ တစ်ပါးသော အခြင်းအရာအားဖြင့် မဖြစ်။ အသျှင်ဂေါတမ ဤလောက၌ အချို့သောသူသည် နိမိတ်ဖြင့် အတပ်မဟော၊ စင်စစ်သော်ကား လူတို့၏အသံ ဘီလူးတို့၏အသံ နတ်တို့၏အသံကို ကြား၍ အတပ် ဟော၏။ပ။ လူတို့၏အသံ ဘီလူးတို့၏အသံ နတ်တို့၏အသံကို ကြား၍ အတပ်မဟော၊ စင်စစ်သော် ကား ကြံစည်သုံးသပ်သော သူ၏ ကြံစည်မှု ပျံ ့နှံ့ခြင်းကြောင့်ဖြစ်သော အသံကို ကြား၍ အတပ် ဟော၏။ပ။ ကြံစည်သုံးသပ်သောသူ၏ ကြံစည်မှု ပျံ့နှံ့ခြင်းကြောင့်ဖြစ်သော အသံကို ကြား၍ အတပ် မဟော၊ စင်စစ်သော်ကား ကြံစည်သုံးသပ်ခြင်း မရှိသော သမာဓိဝင်စားသော ပုဂ္ဂိုလ်၏စိတ်ကို မိမိစိတ်ဖြင့် ပိုင်းခြား၍ သိ၏ “ဤအသျှင်သည် စိတ်ဟူသော သင်္ခါရတို့ကို ထားသော အခြင်းအရာအားဖြင့် ဤစိတ် အခြားမဲ့၌ ဤမည်သော အကြံကို ကြံလတ္တံ့”ဟု အပြားအားဖြင့် သိ၏။ ထိုသူသည် များစွာ အတပ် ဟောစေကာမူ ထို အတိုင်းပင် ဖြစ်၏၊ တစ်ပါးသော အခြင်းအရာအားဖြင့် မဖြစ်။ အသျှင်ဂေါတမ ဤသည်လည်း ပြာဋိဟာပါတည်း။ ထို ပြာဋိဟာကို ပြုသူသာ ခံစားရ၏၊ ထို ပြာဋိဟာသည် ပြုသူအားသာလျှင် ဖြစ်ပါ၏။ အသျှင်ဂေါတမ ဤပြာဋိဟာသည်လည်း မျက်လှည့်နှင့် တူသော သဘောရှိသကဲ့သို့ အကျွန်ုပ် အား ထင်ပါ၏။

အသျှင်ဂေါတမ ဤလောက၌ အချို့သောသူသည် “ဤသို့ ကြံကုန်လော့၊ ဤသို့ မကြံကုန်လင့်၊ ဤသို့ နှလုံးသွင်းကုန်လော့၊ ဤသို့ နှလုံးမသွင်းကုန်လင့်၊ ဤ(တရား) ကို ပယ်ကုန်လော့၊ ဤတရားသို့ ရောက်၍ နေကုန်လော့”ဟု ဆုံးမ၏။ အသျှင်ဂေါတမ ပြာဋိဟာသုံးမျိုးတို့တွင် ဤဆုံးမခြင်း ပြာဋိဟာကို သာလျှင် သာလွန်မွန်မြတ်သည် ဖြစ်၍ အကျွန်ုပ် နှစ်သက်ပါ၏။

အသျှင်ဂေါတမ အံ့ဖွယ်ရှိပါပေစွ၊ အသျှင်ဂေါတမ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ အသျှင်ဂေါတမသည် ဤပြာဋိဟာကို ကောင်းစွာ ဟောတော်မူပါပေ၏၊ အသျှင်ဂေါတမကို ဤပြာဋိဟာသုံးမျိုးတို့နှင့်လည်း ပြည့်စုံ၏ဟူ၍ အကျွန်ုပ်တို့ အသိအမှတ်ပြုပါကုန်၏၊ အကြောင်းကို ဆိုသော် အသျှင်ဂေါတမသည် များပြားသော တန်ခိုးဖန်ဆင်းခြင်းကို ပြီးစေတော်မူနိုင်ပါပေ၏။ပ။ ဗြဟ္မာ့ဘုံတိုင်အောင်လည်း ကိုယ်ကို (မိမိ) အလိုအတိုင်း ဖြစ်စေနိုင်ပါပေ၏။ အသျှင်ဂေါတမသည် ကြံစည်သုံးသပ်ခြင်း မရှိသော သမာဓိဝင်စားသော ပုဂ္ဂိုလ်၏ စိတ်ကို (မိမိ) စိတ်ဖြင့် ပိုင်းခြား သိတော်မူ၏၊ “ဤအသျှင်သည် စိတ်ဟူသော သင်္ခါရတို့ကို ကောင်းစွာထားသော အခြင်းအရာအားဖြင့် ဤစိတ်၏ အခြားမဲ့၌ ဤမည်သောအကြံကို ကြံစည်လတ္တံ့”ဟု သိတော်မူပါပေ၏။ အသျှင်ဂေါတမသည် “ဤသို့ ကြံကုန်လော့၊ ဤသို့ မကြံကုန်လင့်၊ ဤသို့ နှလုံး သွင်းကုန်လော့၊ ဤသို့ နှလုံးမသွင်းကုန်လင့်၊ ဤတရားကို ပယ်ကုန်လော့၊ ဤတရားသို့ ရောက်၍ နေကုန်လော့”ဟု ဆုံးမတော်မူပါပေ၏ဟု (လျှောက်၏)။

ပုဏ္ဏား သင်သည် စင်စစ် (ငါ့ဂုဏ်ကို) ထိပါးပုတ်ခတ်လျက် ဤစကားကို ဆိုဘိ၏၊ အမှန်အားဖြင့် ငါကသာ သင့်အား ပြောကြားရမည်၊ ပုဏ္ဏား ငါသည် များပြားသော တန်ခိုးဖန်ဆင်းခြင်းကို ပြီးစေ နိုင်၏။ပ။ ဗြဟ္မာ့ဘုံတိုင်အောင်လည်း ကိုယ်ကို (မိမိ) အလိုအတိုင်း ဖြစ်စေနိုင်၏၊ ပုဏ္ဏား ငါသည် ကြံစည် သုံးသပ်ခြင်းမရှိသော သမာဓိဝင်စားသူ၏ စိတ်ကို (မိမိ) စိတ်ဖြင့် ပိုင်းခြား၍ သိ၏— “ဤအသျှင်သည် စိတ်ဟူသော သင်္ခါရတို့ကို ထားသော အခြင်းအရာအားဖြင့် ဤစိတ်၏ အခြားမဲ့၌ ဤမည်သော အကြံကို ကြံစည်လတ္တံ့”ဟု သိ၏၊ ပုဏ္ဏား ငါသည် “ဤသို့ ကြံကြကုန်လော့၊ ဤသို့ မကြံကုန်လင့်၊ ဤသို့ နှလုံးသွင်းကုန်လော့၊ ဤသို့ နှလုံးမသွင်းကုန်လင့်၊ ဤတရားကို ပယ်ကုန်လော့၊ ဤတရားသို့ ရောက်၍ နေကုန်လော့”ဟု ဆုံးမ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ အသျှင်ဂေါတမမှ တစ်ပါး ဤပြာဋိဟာသုံးမျိုးတို့နှင့် ပြည့်စုံသည့် အခြား ရဟန်းရှိပါသေးသလောဟု (လျှောက်၏)။ ပုဏ္ဏား ရဟန်းတစ်ရာသာ မဟုတ်၊ နှစ်ရာ သုံးရာ လေးရာ ငါးရာသာ မဟုတ်၊ စင်စစ်သော်ကား ဤပြာဋိဟာသုံးမျိုးတို့နှင့် ပြည့်စုံသော ထိုရဟန်းတို့သည် များစွာပင် ရှိကုန်သည်သာတည်းဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ ထိုရဟန်းတို့သည် ယခု အဘယ်၌ နေပါကုန်သနည်းဟု (လျှောက်၏)၊ ပုဏ္ဏား ဤရဟန်းသံဃာအတွင်းမှာပင် နေကုန်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ (တရားတော်သည်) အလွန် နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ ဥပမာသော်ကား မှောက်ထားသော ဝတ္ထုကို လှန်ပြဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသော ဝတ္ထုကို ဖွင့်လှစ်ပြဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ “မျက်စိအမြင်ရှိသူတို့သည် အဆင်းတို့ကို မြင်ကြ လိမ့်မည်”ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း ဤအတူသာလျှင် အသျှင်ဂေါတမသည် အကြောင်းအမျိုးမျိုးဖြင့်တရားတော်ကို ပြတော်မူပါပေ၏၊ ထို အကျွန်ုပ်သည် အသျှင် ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟူ၍ မှတ်တော်မူပါဟု (လျှောက်၏)။

ဒသမသုတ်။

ရှေးဦးစွာသော ဗြာဟ္မဏဝဂ် ပြီး၏။