အင်္ဂုတ္တရနိကာယ်

(၇) ၂-မဟာဝဂ်

၂-ဘယသုတ်

၆၃။ ရဟန်းတို့ “အမိနှင့်သား အချင်းချင်း မကာကွယ်နိုင်သော ‘အမာတာပုတ္တိကဘေး’တို့သည် ဤသုံးမျိုးတို့တည်း”ဟု အကြားအမြင်မရှိသော ပုထုဇဉ်သည် ဆို၏။ အဘယ်သုံးမျိုးတို့နည်းဟူ— ရဟန်းတို့ မီးကြီးစွာ စွဲလောင်သော အခါသည် ဖြစ်တတ်၏၊ မီးကြီးစွာ စွဲလောင်သည်ရှိသော် ထို မီးသည့်ရွာတို့ကိုလည်းကောင်း၊ နိဂုံးတို့ကိုလည်းကောင်း၊ မြို ့တို့ကိုလည်းကောင်း စွဲလောင်အပ်ကုန်၏၊ ရွာ နိဂုံး မြို့တို့ကို စွဲလောင်အပ်ကုန်သည်ရှိသော် ထိုသို့ လောင်ရာ၌ အမိသည်လည်း ကာကွယ်နိုင်သော သားကို တွေ့ခွင့်မရ၊ သားသည်လည်း ကာကွယ်နိုင်သော အမိကို တွေ့ခွင့်မရ။ ရဟန်းတို့ ဤသည်ကား အမိနှင့် သား အချင်းချင်း မကာကွယ်နိုင်သော “ပဌမ အမာတာပုတ္တိကဘေးတည်း”ဟု အကြားအမြင် မရှိသော ပုထုဇဉ်သည် ဆို၏။

ရဟန်းတို့ နောက်တစ်မျိုးကား မိုးကြီးစွာ ရွာသွန်းသော အခါသည် ဖြစ်တတ်၏၊ မိုးကြီးစွာ ရွာသွန်းသည်ရှိသော် ကြီးစွာသော ရေအလျဉ်သည် ဖြစ်၏၊ ကြီးစွာသော ရေအလျဉ် ဖြစ်လတ်သော် ထို ရေအလျဉ်သည် ရွာတို့ကိုလည်းကောင်း၊ နိဂုံးတို့ကိုလည်းကောင်း၊ မြို့တို့ကိုလည်းကောင်း မျောစေအပ် ကုန်၏။ ရွာ နိဂုံး မြို့တို့ကို မျောစေအပ်ကုန်သည်ရှိ်သော် ထိုသို့ မျောစေရာ၌ အမိသည်လည်း ကာကွယ်နိုင်သော သားကို တွေ့ခွင့်မရ၊ သားသည်လည်း ကာကွယ်နိုင်သော အမိကို တွေ့ခွင့်မရ။ ရဟန်းတို့ ဤသည်ကား အမိနှင့်သား အချင်းချင်း မကာကွယ်နိုင်သော “ဒုတိယ အမာတာပုတ္တိက ဘေးတည်း”ဟု အကြားအမြင်မရှိသော ပုထုဇဉ်သည် ဆို၏။

ရဟန်းတို့ နောက်တစ်မျိုးကား တောပုန်းသောင်းကျန်းမှုဘေး တွေ့ကြုံ၍ ဇနပုဒ်နေသူတို့သည် (ပစ္စည်းများကို) ယာဉ်ဖြင့် တင်ဆောင်ကာ ထို ထို အရပ်သို့ ထွက်ပြေးရသော အခါသည် ဖြစ်တတ်၏၊ တောပုန်းသောင်းကျန်းမှုဘေး တွေ့ကြုံ၍ ဇနပုဒ်နေသူတို့ (ပစ္စည်းများကို) ယာဉ်ဖြင့် တင်ဆောင်ကာ ထို ထို အရပ်သို့ ထွက်ပြေးရသည်ရှိသော် ထိုသို့ ထွက်ပြေးရာ၌ အမိသည် ကာကွယ်နိုင်သော သားကို တွေ့ခွင့်မရ၊ သားသည်လည်း ကာကွယ်နိုင်သော အမိကို တွေ့ခွင့်မရ။ ရဟန်းတို့ ဤသည်ကား အမိနှင့် သား အချင်းချင်း မကာကွယ်နိုင်သော “တတိယ အမာတာပုတ္တိကဘေးတည်း”ဟု အကြားအမြင်မရှိသော ပုထုဇဉ်သည် ဆို၏။ ရဟန်းတို့ “အမိနှင့်သား အချင်းချင်း မကာကွယ်နိုင်သော ဘေးတို့သည် ဤသုံးမျိုးတို့တည်း”ဟု အကြားအမြင်မရှိသော ပုထုဇဉ်သည် ဆို၏။

ရဟန်းတို့ ထို သုံးမျိုးတို့ကို အမိနှင့်သား အချင်းချင်း ကာကွယ်နိုင်သော ဘေးတို့လည်း ဖြစ်ကုန် လျက်သာလျှင် “အမိနှင့်သား အချင်းချင်း မကာကွယ်နိုင်သော ဘေးတို့”ဟု အကြားအမြင်မရှိသော ပုထုဇဉ်သည် ဆို၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ— ရဟန်းတို့ မီးကြီး စွဲလောင်သော အခါသည် ဖြစ်တတ်၏၊ မီးကြီး စွဲလောင်သည် ရှိသော် ထို မီးသည် ရွာတို့ကိုလည်းကောင်း၊ နိဂုံးတို့ကိုလည်းကောင်း၊ မြို့တို့ကိုလည်းကောင်း စွဲလောင်အပ်ကုန်၏၊ ရွာ နိဂုံး မြို့တို့ကို စွဲလောင်အပ်ကုန်သည်ရှိသော် အမိသည်လည်း ကာကွယ်နိုင်သော သားကို တွေ့ခွင့်ရ၍ သားသည်လည်း ကာကွယ်နိုင်သော အမိကို တွေ့ခွင့်ရ သော အခါမျိုးသည် တစ်ခါတစ်ရံ ဖြစ်နိုင်သေး၏။ ရဟန်းတို့ အမိနှင့်သား အချင်းချင်း ကာကွယ်နိုင် သော ဤပဌမဘေးကိုပင်လျှင် “အမိနှင့်သား အချင်းချင်း မကာကွယ်နိုင်သော ဘေးတည်း”ဟု အကြား အမြင်မရှိသော ပုထုဇဉ်သည် ဆို၏။

ရဟန်းတို့ နောက်တစ်မျိုးကား မိုးကြီး ရွာသွန်းသော အခါသည် ဖြစ်တတ်၏၊ မိုးကြီး ရွာသွန်း ခဲ့သော် ကြီးစွာသော ရေအလျဉ်သည် ဖြစ်၏၊ ကြီးစွာသော ရေအလျဉ် ဖြစ်လတ်သော် ထို ရေအလျဉ်သည် ရွာတို့ကိုလည်းကောင်း၊ နိဂုံးတို့ကိုလည်းကောင်း၊ မြို့တို့ကိုလည်းကောင်း မျောစေ၏။ ရွာ နိဂုံး မြို့တို့ကို မျောစေအပ်ကုန်သည်ရှိ်သော် အမိသည်လည်း ကာကွယ်နိုင်သော သားကို တွေ့ခွင့်ရ၍ သားသည်လည်း ကာကွယ်နိုင်သော အမိကို တွေ့ခွင့်ရသော အခါမျိုးသည် တစ်ခါတစ်ရံ ဖြစ်နိုင်သေး၏။ ရဟန်းတို့ အမိနှင့်သား အချင်းချင်း ကာကွယ်နိုင်သော ဤဒုတိယဘေးကိုပင်လျှင် “အမိနှင့်သား အချင်းချင်း မကာကွယ်နိုင်သော ဘေးတည်း”ဟု အကြားအမြင်မရှိသော ပုထုဇဉ်သည် ဆို၏။

ရဟန်းတို့ နောက်တစ်မျိုးကား တောပုန်းသောင်းကျန်းမှုဘေးဖြစ်၍ ဇနပုဒ်နေသူတို့သည် (ပစ္စည်းများကို) ယာဉ်ဖြင့် တင်ဆောင်ကာ ထို ထို အရပ်သို့ ထွက်ပြေးကြရသော အခါမျိုးသည် ဖြစ့်တတ်၏၊ ရဟန်းတို့ တောပုန်းသောင်းကျန်းမှုဘေးဖြစ်၍ ဇနပုဒ်နေသူတို့သည် (ပစ္စည်းများကို) ယာဉ် ဖြင့် တင်ဆောင်၍ ထို ထို အရပ်သို့ ထွက်ပြေးကြရကုန်သော် အမိသည်လည်း ကာကွယ်နိုင်သော သားကို တွေ့ခွင့်ရ၍ သားသည်လည်း ကာကွယ်နိုင်သော အမိကို တွေ့ခွင့်ရသော အခါမျိုးသည် တစ်ခါတစ်ရံ ဖြစ်နိုင်သေး၏။ ရဟန်းတို့ အမိနှင့်သား အချင်းချင်း ကာကွယ်နိုင်သော ဤတတိယဘေးကိုပင်လျှင် “အမိနှင့်သား အချင်းချင်း မကာကွယ်နိုင်သော ဘေးတည်း”ဟု အကြားအမြင်မရှိသော ပုထုဇဉ်သည် ဆို၏။ ရဟန်းတို့ ဤသုံးမျိုးတို့ကို အမိနှင့်သား အချင်းချင်း ကာကွယ်နိုင်သော ဘေးတို့ ဖြစ်လျက် သာလျှင် “အမိနှင့်သား အချင်းချင်း မကာကွယ်နိုင်သော ဘေးတည်း”ဟု အကြားအမြင် မရှိသော ပုထုဇဉ်သည် ဆို၏။

ရဟန်းတို့ အမိနှင့်သား အချင်းချင်း မကာကွယ်နိုင်သော ဘေးတို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ— အိုဘေး၊ နာဘေး၊ သေဘေးတို့တည်း။ ရဟန်းတို့ အမိသည် “ငါ အိုပါအံ့၊ ငါ၏ သား မအိုပါစေလင့်”ဟု အိုမင်းသော သားကို ကာကွယ်ခွင့် မရနိုင်၊ သားသည်လည်း “ငါ အိုပါအံ့၊ ငါ၏ အမိ မအိုပါစေလင့်”ဟု အိုမင်းသော အမိကို ကာကွယ်ခွင့် မရနိုင်။

ရဟန်းတို့ အမိသည် “ငါ နာပါအံ့၊ ငါ၏ သား မနာပါစေလင့်”ဟု နာသော သားကို ကာကွယ်ခွင့် မရနိုင်၊ သားသည်လည်း “ငါ နာပါအံ့၊ ငါ၏ အမိ် မနာပါစေလင့်”ဟု နာသော အမိကို ကာကွယ်ခွင့် မရနိုင်။

ရဟန်းတို့ အမိသည် “ငါ သေပါအံ့၊ ငါ၏ သား မသေပါစေလင့်”ဟု သေသော သားကို ကာကွယ်ခွင့် မရနိုင်၊ သားသည်လည်း “ငါ သေပါအံ့၊ ငါ၏ အမိ မသေပါစေလင့်”ဟု သေသော အမိကို ကာကွယ်ခွင့် မရနိုင်။ ရဟန်းတို့ အမိနှင့်သား အချင်းချင်း မကာကွယ်နိုင်သော ဘေးတို့သည် ဤသုံးမျိုးတို့တည်း။

ရဟန်းတို့ ဤအမိနှင့်သား အချင်းချင်း ကာကွယ်နိုင်သော ဘေး သုံးမျိုးတို့ကိုလည်းကောင်း၊ ဤအမိနှင့်သား အချင်းချင်း မကာကွယ်နိုင်သော ဘေးသုံးမျိုးတို့ကိုလည်းကောင်း ပယ်ရန် လွတ်မြောက်ရန် လမ်းစဉ် အကျင့်သည် ရှိ၏။ ရဟန်းတို့ ဤအမိနှင့်သား အချင်းချင်း ကာကွယ်နိုင်သော ဘေးသုံးမျိုး တို့ကိုလည်းကောင်း၊ ဤအမိနှင့်သား အချင်းချင်း မကာကွယ်နိုင်သော ဘေးသုံးမျိုးတို့ကိုလည်းကောင်း ပယ်ရန် လွတ်မြောက်ရန် လမ်းစဉ်အကျင့်ဟူသည် အဘယ်နည်း၊ အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်ပင်တည်း။ ဤမဂ်ဟူသည် အဘယ်နည်း မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’၊ မှန်စွာကြံခြင်း ‘သမ္မာသင်္ကပ္ပ’၊ မှန်စွာ ပြောဆိုခြင်း ‘သမ္မာဝါစာ’၊ မှန်စွာပြုလုပ်ခြင်း ‘သမ္မာကမ္မ န္တ’၊ မှန်စွာအသက်မွေးခြင်း ‘သမ္မာအာဇီဝ’၊ မှန်စွာအားထုတ်ခြင်း ‘သမ္မာဝါယာမ’၊ မှန်စွာအောက်မေ့ခြင်း ‘သမ္မာသတိ’၊ မှန်စွာတည်ကြည်ခြင်း ‘သမ္မာ သမာဓိ’၊ (ဤရှစ်ပါးတို့ပေတည်း)။ ရဟန်းတို့ ဤသည်ကား အမိနှင့်သား အချင်းချင်း ကာကွယ် နိုင်သော ဘေးသုံးမျိုးတို့ကိုလည်းကောင်း၊ အမိနှင့်သား အချင်းချင်း မကာကွယ်နိုင်သော ဘေးသုံးမျိုး တို့ကိုလည်းကောင်း ပယ်ရန် လွတ်မြောက်ရန် လမ်းစဉ်အကျင့်တည်းဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။