အင်္ဂုတ္တရနိကာယ်

(၇) ၂-မဟာဝဂ်

၃-ဝေနာဂပုရသုတ်

၆၄။ တစ်ရံရောအခါ မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့် အတူ ကောသလတိုင်း တို့၌ ဒေသစာရီ လှည့်လည်တော်မူခဲ့ရာ ကောသလတိုင်း (အဝင်အပါ) ဝေနာဂပုရမည်သော ပုဏ္ဏားရွာသို့ ရောက်တော်မူခဲ့၏။ ဝေနာဂပုရရွာသား ပုဏ္ဏားနှင့် အမျိုးသားတို့သည် ဤသို့ ကြားသိကုန်၏— “အချင်းတို့ သာကီဝင်မင်းမျိုးမှ ရဟန်းပြုသည့် သာကီဝင်မင်းသား ရဟန်းဂေါတမသည် ဝေနာဂပုရရွာ သို့ ရောက်လာသတတ်ဟု (ကြားသိကုန်၏)။ ထို အသျှင်ဂေါတမ၏ ကောင်းသော ကျော်စောသတင်းသည့်ဤသို့ ပျံ့နှံ့၍ ထွက်၏— ‘ထို မြတ်စွာဘုရားသည် ပူဇော်အထူးကိုခံတော်မူထိုက်သော အကြောင်းကြောင့် အရဟံ မည်တော်မူ၏။ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း သမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့်’စရဏ’နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း သုဂတ မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း လောကဝိဒူ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း အနုတ္တရောပုရိသဒမ္မသာရထိ မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း သတ္ထာ ဒေဝမနုဿာနံ မည်တော်မူ၏၊ သစ္စာလေးပါးကို သိတော်မူသော အကြောင်းကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူ၏”ဟု ပျံ့နှံ့၍ ထွက်၏၊ ထို မြတ်စွာဘုရားသည် နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့်တကွသော လူလောကကို ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြားတော်မူ၏၊ ထို မြတ်စွာဘုရားသည် အစ၏ကောင်းခြင်း အလယ်၏ ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့်ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော အလုံးစုံပြည့်စုံသော တရားကို ဟောတော်မူ၏၊ စင်ကြယ်သော မြတ်သော အကျင့်ကို ပြတော်မူ၏၊ ထိုသို့သဘောရှိကုန်သော ရဟန္တာတို့ကို ဖူးမြော်ရခြင်းသည် ကောင်းသည်သာတည်း”ဟု ကြားသိကုန်၏။

ထိုအခါ ဝေနာဂပုရရွာသား ပုဏ္ဏားနှင့်အမျိုးသား အချို့တို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီး လျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်နေကုန်၏၊ အချို့တို့သည် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုကုန်၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားတို့ကို ပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်ကုန်၏၊ အချို့တို့သည် မြတ်စွာဘုရားရှိရာဘက်သို့ လက်အုပ်ချီလျက် တစ်ခုသော နေရာ၌ ထိုင်ကုန်၏၊ အချို့တို့သည် အမည်အနွယ်ကို ပြောကြားလျက် တစ်ခုသော နေရာ၌ ထိုင် ကုန်၏၊ အချို့တို့သည် တိတ်ဆိတ်စွာသာလျှင် တစ်ခုသော နေရာ၌ ထိုင်ကုန်၏။

တစ်ခုသော နေရာ၌ ထိုင်နေသော ဝေနာဂပုရရွာသား ဝစ္ဆအနွယ်၌ ဖြစ်သော ပုဏ္ဏားသည် မြတ်စွာဘုရားအား— အသျှင်ဂေါတမ အံ့ဖွယ်ရှိပေစွ၊ အသျှင်ဂေါတမ မဖြစ်ဖူးမြဲ ဖြစ်ပေစွ၊ အသျှင်ဂေါတမ၏ စက္ခုစသော ဣန္ဒြေတို့သည် အလွန်ကြည်လင်လှပါကုန်၏၊ အရေအဆင်းသည် အလွန်စင်ကြယ်ပါ၏၊ အလွန် တောက်ပပါ၏၊ အသျှင်ဂေါတမ သရဒအခါ တန်ဆောင်မုန်းလ၌ မှည့်သစ်စ ဆီးသီးသည် စင်ကြယ် တောက်ပသကဲ့သို့၊ ဤအတူပင် အသျှင်ဂေါတမ၏ စက္ခုစသော ဣန္ဒြေတို့သည် ကြည်လင်ကုန်၏၊ အရေ အဆင်းသည် စင်ကြယ်တောက်ပလှပါ၏၊ အသျှင်ဂေါတမ အညှာမှ ကြွေကျစ ထန်းသီးမှည့်သည် စင်ကြယ် တောက်ပသကဲ့သို့၊ ဤအတူပင် အသျှင်ဂေါတမ၏ စက္ခုစသော ဣန္ဒြေတို့သည် ကြည်လင်ပါကုန်၏၊ အရေ အဆင်းသည် စင်ကြယ်တောက်ပလှပါ၏။ အသျှင်ဂေါတမ ကျွမ်းကျင်သော ရွှေပန်းထိမ်သည်သည် ကောင်းစွာ အပြေအပြစ်ပြု၍ မိုက်ဝ၌ အလွန်ကောင်းမွန်စွာ ကြည်စေပြီးလျှင် ကမ္ဗလာနီ၌ တင်ထားသော တစ်နိက္ခရှိ ဇမ္ဗူရာဇ်ရွှေစင်သည် အရောင်ထွက်လျက် တောက်ပြောင် တင့်တယ်ဘိသကဲ့သို့၊ ဤအတူပင် အသျှင်ဂေါတမ၏ စက္ခုစသော ဣန္ဒြေတို့သည် ကြည်လင်ပါကုန်၏၊ အရေအဆင်းသည် စင်ကြယ် တောက်ပလှပါ၏။ အသျှင်ဂေါတမ အကြင် မြင့်သောနေရာ မြတ်သောနေရာတို့သည် ရှိကုန်၏။ ဤသည်တို့ကား အဘယ်နည်း၊ မြင့်သော အခြေရှိသော ညောင်စောင်း၊ ပလ္လင်၊ မွေးရှည်ကော်ဇောကြီး၊ ဆန်းကြယ်သော သားမွေးအခင်း၊ ဖြူသော သားမွေးအခင်း၊ ပန်းပြောက်ခြယ် သားမွေးအခင်း၊ လဲသွပ် အခင်း၊ ရုပ်ပုံခြယ် သားမွေးအခင်း၊ နှစ်ဖက်မွေးရှိအခင်း၊ တစ်ဖက်မွေးရှိအခင်း၊ ရွှေချည်ထိုးအခင်း၊ ပိုးချ ည်အခင်း၊ ့သားမွေးအခင်းကြီး၊ ဆင်ကုန်နှီး၊ မြင်းကုန်းနှီး၊ ရထားခင်းနှီး၊ သစ်နက်ရေအခင်း၊ ဝံပိုင့်ရေအခင်းမြတ်၊ နီသော မျက်နှာကြက်နှင့် အုံးနီနှစ်ဖက်ရှိ နေရာတို့တည်း။ အသျှင်ဂေါတမသည် ဤသို့သဘောရှိသော မြင့်သောနေရာ မြတ်သောနေရာတို့ကို အလိုရှိတိုင်း မငြိုငြင် မပင်ပန်းဘဲရသည် မဟုတ်ပါလောဟု မေးလျှောက်လေ၏။

ပုဏ္ဏား အကြင် မြင့်သောနေရာ မြတ်သောနေရာတို့သည် ရှိကုန်၏။ ဤသည်တို့ကား အဘယ်နည်း၊ မြင့်သော အခြေရှိသော ညောင်စောင်း၊ ပလ္လင်၊ မွေးရှည်ကော်ဇောကြီး၊ ဆန်းကြယ်သော သားမွေး အခင်း၊ ဖြူသော သားမွေးအခင်း၊ ပန်းပြောက်ခြယ် သားမွေးအခင်း၊ လဲသွပ်အခင်း၊ ရုပ်ပုံခြယ် သားမွေး အခင်း၊ နှစ်ဖက်မွေးရှိအခင်း၊ တစ်ဖက်မွေးရှိအခင်း၊ ရွှေချည်ထိုးအခင်း၊ ပိုးချည်အခင်း၊ သားမွေး အခင်းကြီး၊ ဆင်ကုန်းနှီး၊ မြင်းကုန်းနှီး၊ ရထားခင်းနှီး၊ သစ်နက်ရေအခင်း၊ ဝံပိုင့်ရေအခင်းမြတ်၊ နီသော မျက်နှာကြက်နှင့် အုံးနီနှစ်ဖက်ရှိ နေရာတို့တည်း။ ထို မြင့်သောနေရာ မြတ်သောနေရာတို့ကို ရဟန်းတို့သည် ရနိုင်ခဲကုန်၏၊ ရသော်လည်း မအပ်စပ်ကုန်။

ပုဏ္ဏား ငါသည် ယခုအခါ၌ အလိုရှိတိုင်း မငြိုငြင် မပင်ပန်းဘဲရသော မြင့်သောနေရာ မြတ်သော နေရာတို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ— နတ်တို့၏ ဥစ္စာဖြစ်သော မြင့်သော နေရာ မြတ်သော နေရာ၊ ဗြဟ္မာတို့၏ ဥစ္စာဖြစ်သော မြင့်သောနေရာ မြတ်သောနေရာ၊ အရိယာတို့၏ ဥစ္စာဖြစ်သော မြင့်သော နေရာ မြတ်သော နေရာတို့တည်း။ ပုဏ္ဏား ငါသည် ယခုအခါ၌ အလိုရှိတိုင်း မငြိုမငြင် မပင်ပန်းဘဲရသော မြင့်သောနေရာ မြတ်သောနေရာတို့ကား ဤသုံးမျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ အသျှင်ဂေါတမသည် ယခုအခါ၌ အလိုရှိတိုင်း မငြိုမငြင် မပင်ပန်းဘဲရသော နတ်တို့၏ ဥစ္စာဖြစ်သော မြင့်သောနေရာ မြတ်သောနေရာဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။ ပုဏ္ဏား ငါသည် အကြင် ရွာကိုလည်းကောင်း၊ နိဂုံးကိုလည်းကောင်း အမှီပြု၍ နေ၏၊ ထို ငါသည် နံနက် အခါ၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူလျက် ထို ရွာသို့လည်းကောင်း၊ နိဂုံးသို့လည်းကောင်း ဆွမ်းခံဝင်ခဲ့၏၊ ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲခွါခဲ့ပြီးလျှင် တောအရပ်သို့သာ ဝင်ခဲ့၏၊ ထို အရပ်၌ မြက်သစ်ရွက်တို့ကို တစ်ပေါင်းတည်း စုရုံးကာ ထက်ဝယ်ဖွဲ့ခွေပြီးလျှင် ကိုယ်ကို ဖြောင့်မတ်စွာ ထား၍ ကမ္မဋ္ဌာန်းသို့ ရှေးရှု သတိကို ဖြစ်စေလျက် ထိုင်နေ၏၊ ထို ငါသည် ကာမတို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်ခြင်း ‘ဝိတက်’နှင့် တကွဖြစ်သော၊ သုံးသပ် ဆင်ခြင်ခြင်း ‘ဝိစာရ’ နှင့်တကွဖြစ်သော၊ ‘နီဝရဏ’ ကင်းခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ ဝိတက်ဝိစာရတို့၏ ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော၊ စိတ်တည်ကြည်ခြင်း ‘သမာဓိ’ကို ဖြစ်ပွားစေတတ်သော၊ ကြံစည်ခြင်း ‘ဝိတက်’ မရှိသော၊ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ မရှိသော၊ တည်ကြည်ခြင်း ‘သမာဓိ’ကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေ၏။ နှစ်သိမ့်ခြင်း ‘ပီတိ’ ကိုလည်း မတပ်မက်ခြင်းကြောင့် အောက်မေ့ခြင်း ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’နှင့် ပြည့်စုံသည် ဖြစ်၍ လျစ်လျူရှု လျက် နေ၏၊ ချမ်းသာခြင်း ‘သုခ’ကိုလည်း ကိုယ်ဖြင့် ခံစား၏၊ အကြင် (တတိယ) ဈာန်ကြောင့် ထိုသူကို “လျစ်လျူ ရှုသူ သတိရှိသူ ချမ်းသာစွာ နေလေ့ရှိသူ”ဟု အရိယာ (ပုဂ္ဂိုလ်) တို့သည် ပြောကြားကုန်၏၊ ထို ငါသည် ထို တတိယဈာန်သို့ ရောက်၍ နေ၏။ ချမ်းသာဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ရှေးဦးကပင်လျှင် ဝမ်းသာခြင်း နှလုံးမသာခြင်းတို့၏ ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲချမ်းသာ မရှိသော လျစ်လျူရှုမှု ‘ဥပေက္ခာ’ကြောင့်ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက် ၍ နေ၏။ ပုဏ္ဏား ဤသို့ဖြစ်သော် ငါသည် အကယ်၍ စင်္ကြံသွားအံ့၊ ထိုအခါ၌ ငါ၏ စင်္ကြံသွားခြင်းသည် နတ်တို့၏ ဥစ္စာဖြစ်သော စင်္ကြံပင့်ဖြစ်၏။ ပုဏ္ဏား ဤသို့ ဖြစ်သော် ငါသည် အကယ်၍ ရပ်အံ့၊ ထိုအခါ၌ ငါ၏ ရပ်ခြင်းသည် နတ်တို့၏ ဥစ္စာဖြစ်သော ရပ်တည်ရာ ဖြစ်၏။ ပုဏ္ဏား ဤသို့ ဖြစ်သော် ငါသည် အကယ်၍ ထိုင်နေအံ့၊ ထိုအခါ၌ ငါ၏ ထိုင်နေခြင်းသည် နတ်တို့၏ ဥစ္စာဖြစ်သော ထိုင် နေရာပင် ဖြစ်၏။ ပုဏ္ဏား ဤသို့ဖြစ်သော် ငါသည် အကယ်၍ အိပ်အံ့၊ ထိုအခါ၌ ငါ၏ အိပ်ခြင်းသည် နတ်တို့၏ ဥစ္စာဖြစ်သော မြင့်သော အိပ်ရာ မြတ်သော အိပ်ရာပင် ဖြစ်၏။ ပုဏ္ဏား ငါသည် ယခုအခါ အလိုရှိတိုင်း မငြိုမငြင် မပင်ပန်းဘဲရသော နတ်တို့၏ ဥစ္စာဖြစ်သော မြင့်သော နေရာ မြတ်သော နေရာဟူသည် ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ အံ့ဖွယ်ရှိပါပေစွ၊ အသျှင်ဂေါတမ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ အသျှင်ဂေါတမမှတစ်ပါး အခြား အဘယ်မည်သော သူသည် ဤသို့သဘောရှိသော နတ်တို့၏ ဥစ္စာဖြစ်သော မြင့်သောနေရာ မြတ်သော နေရာကို အလိုရှိတိုင်း မငြိုမငြင် မပင်မပန်းဘဲ ရလိမ့်မည်နည်း၊ အသျှင်ဂေါတမ အသျှင် ဂေါတမသည် ယခု အခါ၌ အလိုရှိတိုင်း မငြိုမငြင် မပင်ပန်းဘဲရသော ဗြဟ္မာတို့၏ ဥစ္စာဖြစ်သော မြင့်သော နေရာ မြတ်သော နေရာဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။

ပုဏ္ဏား ဤလောက၌ ငါသည် အကြင် ရွာကိုလည်းကောင်း၊ နိဂုံးကိုလည်းကောင်း အမှီပြု၍ နေ၏၊ ထို ငါသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူလျက် ထို ရွာသို့လည်းကောင်း၊ နိဂုံးသို့လည်းကောင်း ဆွမ်းခံဝင်ခဲ့၏၊ ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲခွါခဲ့ပြီးလျှင် တောအရပ်သို့သာ ဝင်ခဲ့၏၊ ထို တောအရပ်၌ မြက်သစ်ရွက်တို့ကို တစ်ပေါင်းတည်း စုရုံး၍ ထက်ဝယ်ဖွဲ့ခွေပြီး ကိုယ်ကို ဖြောင့်မတ်စွာ ထား၍ ကမ္မဋ္ဌာန်းသို့ ရှေးရှု သတိကို ဖြစ်စေလျက် ထိုင်နေ၏၊ ထို ငါသည် မေတ္တာနှင့် ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်ကို ပျံ ့နှံ့စေ၍ နေ၏။ ထို့အတူ နှစ်ခုမြောက်သော အရပ်ကို။ သုံးခုမြောက်သော အရပ်ကို။ လေးခုမြောက်သော အရပ်ကို ပျံ့နှံ့စေ၍ နေ၏။ ဤနည်းအားဖြင့် အထက် အောက်ဖီလာအရပ်ကို ပျံ့နှံ့စေ၍ နေ၏၊ အလုံးစုံသော အရပ်တို့၌ သတ္တဝါအားလုံးတို့၌ မိမိနှင့် အတူ ပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သော အပိုင်းအခြား မရှိသော ရန်မရှိသောကြောင့်ကြမရှိသော မေတ္တာနှင့် တကွဖြစ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။ သနားခြင်း ‘ကရုဏာ’ နှင့် တကွဖြစ်သော စိတ်ဖြင့်။ပ။ ဝမ်းမြောက်ခြင်း ‘မုဒိတာ’ နှင့် တကွဖြစ်သော စိတ်ဖြင့်။ပ။ လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့် တကွဖြစ်သော စိတ်ဖြင့် တစ်ခုသော အရပ်ကို ပျံ့နှံ့စေ၍ နေ၏။ ထို့အတူ နှစ်ခုမြောက်သော အရပ်ကို။ သုံးခုမြောက်သော အရပ်ကို။ လေးခုမြောက်သော အရပ်ကို ပျံ့နှံ့စေ၍ နေ၏။ ဤနည်းအားဖြင့် အထက် အောက် ဖီလာအရပ်ကို ပျံ့နှံ့စေ၍ နေ၏။ အလုံးစုံသော အရပ်တို့၌ သတ္တဝါအားလုံးတို့၌ မိမိနှင့်အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သော အပိုင်းအခြားမရှိသော ရန်မရှိသောကြောင့်ကြမရှိသော ဥပေက္ခာနှင့် တကွဖြစ်သော စိတ် ဖြင့် ပျံ့နှံ့စေ၍ နေ၏။ ပုဏ္ဏား ဤသို့ ဖြစ်သော် ငါသည် အကယ်၍ စင်္ကြံသွားအံ့၊ ထိုအခါ၌ ငါ၏ စင်္ကြံသွားခြင်းသည် ဗြဟ္မာတို့၏ ဥစ္စာဖြစ်သော စင်္ကြံပင် ဖြစ်၏။ ပုဏ္ဏား ဤသို့ဖြစ်သော် ငါသည် အကယ်၍ ရပ်တည်အံ့၊ ထိုအခါ၌ ငါ၏ ရပ်တည်ခြင်းသည် ဗြဟ္မာတို့၏ ဥစ္စာဖြစ်သော ရပ်တည်ရာပင် ဖြစ်၏။ ပုဏ္ဏား ဤသို့ဖြစ်သော် ငါသည် အကယ်၍ ထိုင်နေသည် ဖြစ်အံ့၊ ထိုအခါ၌ ငါ၏ ထိုင်နေခြင်းသည် ဗြဟ္မာတို့၏ ဥစ္စာဖြစ်သော ထိုင်နေရာပင် ဖြစ်၏။ ပုဏ္ဏား ဤသို့ ဖြစ်သော် ငါသည် အကယ်၍ အိပ်အံ့၊ ထိုအခါ၌ ငါ၏ အိပ်ခြင်းသည် ဗြဟ္မာတို့၏ ဥစ္စာဖြစ်သော မြင့်သောအိပ်ရာ မြတ်သောအိပ်ရာပင် ဖြစ်၏။ ပုဏ္ဏား ငါသည် ယခုအခါ၌ အလိုရှိတိုင်း မငြိုမငြင် မပင်မပန်းဘဲရသော ဗြဟ္မာတို့၏ ဥစ္စာဖြစ်သော မြင့်သော နေရာ မြတ်သော နေရာဟူသည် ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ အံ့ဖွယ်ရှိပါပေစွ၊ အသျှင်ဂေါတမ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ အသျှင်ဂေါတမမှတစ်ပါး အခြား အဘယ်မည်သောသူသည် ဤသို့သဘောရှိသော ဗြဟ္မာတို့၏ ဥစ္စာဖြစ်သော မြင့်သော နေရာ့မြတ်သော နေရာကို အလိုရှိတိုင်း မငြိုမငြင် မပင်မပန်းဘဲ ရလိမ့်မည်နည်း။ အသျှင်ဂေါတမ အသျှင် ဂေါတမသည် ယခုအခါ၌ အလိုရှိတိုင်း မငြိုမငြင် မပင်မပန်းဘဲရသော အရိယာတို့၏ ဥစ္စာဖြစ်သော မြင့်သောနေရာ မြတ်သောနေရာသည် အဘယ်ပါနည်းဟု (လျှောက်၏)။

ပုဏ္ဏား ဤလောက၌ ငါသည် အကြင် ရွာကိုလည်းကောင်း၊ နိဂုံးကိုလည်းကောင်း အမှီပြု၍ နေ၏၊ ထို ငါသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူလျက် ထို ရွာသို့လည်းကောင်း၊ နိဂုံးသို့လည်းကောင်း ဆွမ်းခံဝင်ခဲ့၏။ ငါသည် ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲခွါခဲ့ပြီးလျှင် တောအရပ် သို့သာ ဝင်ခဲ့၏၊ ထို ငါသည် ထို တောအရပ်၌ မြက်သစ်ရွက်တို့ကို တစ်ပေါင်းတည်း စုရုံး၍ ထက်ဝယ် ဖွဲ့ခွေပြီးလျှင် ကိုယ်ကို ဖြောင့်မတ်စွာ ထား၍ ကမ္မဋ္ဌာန်းသို့ ရှေးရှု သတိကို ဖြစ်စေလျက် ထိုင်နေ၏၊ ထို ငါသည် ဤသို့ သိ၏၊ “ငါသည် တပ်မက်ခြင်း ‘ရာဂ’ ကို ပယ်အပ်ပြီ၊ အမြစ်ရင်းကို အကြွင်းမဲ့ဖြတ် အပ်ပြီ၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုအပ်ပြီ၊ အသစ်မဖြစ်ခြင်းကို ပြုအပ်ပြီ၊ နောင်တစ်ဖန် ဖြစ်ခြင်း သဘော မရှိတော့ပြီ၊ ငါသည် အမျက်ထွက်ခြင်း ‘ဒေါသ’ကို ပယ်အပ်ပြီ၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်အပ်ပြီ၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုအပ်ပြီ၊ အသစ်မဖြစ်ခြင်းကို ပြုအပ်ပြီ၊ နောင်တစ်ဖန် ဖြစ်ခြင်းသဘော မရှိတော့ပြီ။ ငါသည် တွေဝေခြင်း ‘မောဟ’ ကို ပယ်အပ်ပြီ၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်အပ်ပြီ၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုအပ်ပြီ၊ အသစ်မဖြစ်ခြင်းကို ပြုအပ်ပြီ၊ နောင်တစ်ဖန် ဖြစ်ခြင်းသဘော မရှိတော့ပြီ။ ပုဏ္ဏား ဤသို့ဖြစ်သော် ထို ငါသည် အကယ်၍ စင်္ကြံသွားအံ့၊ ထိုအခါ၌ ငါ၏ စင်္ကြံသွားခြင်းသည် မြတ်သော စင်္ကြံသွားခြင်း မည်၏၊ ပုဏ္ဏား ဤသို့ဖြစ်သော် ထို ငါသည် အကယ်၍ ရပ်အံ့။ပ။ အကယ်၍ ထိုင်နေအံ့။ပ။ အကယ်၍ အိပ်အံ့၊ ထိုအခါ၌ ဤငါ၏အိပ်ခြင်းသည် မြင့်သောနေရာ မြတ်သောနေရာ၌ အိပ်ခြင်းမည်၏။ ပုဏ္ဏား ငါသည် ယခုအခါ၌ အလိုရှိတိုင်း မငြိုမငြင် မပင်ပန်းဘဲရသော အရိယာတို့၏ ဥစ္စာဖြစ်သော မြင့်သောနေရာ မြတ်သောနေရာဟူသည် ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ အံ့ဖွယ်ရှိပါပေစွ၊ အသျှင်ဂေါတမ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ အသျှင်ဂေါတမမှတစ်ပါး အခြား အဘယ်မည်သော သူသည် ဤသို့သဘောရှိသော အရိယာတို့၏ ဥစ္စာဖြစ်သော မြင့်သောနေရာ မြတ်သော နေရာကို အလိုရှိတိုင်း ရလိမ့်မည်နည်း၊ မငြိုမငြင် မပင်ပန်းဘဲ ရလိမ့်မည်နည်း။ အသျှင် ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါ၏၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန် နှစ်သက်ဖွယ် ရှိပါ၏။ အသျှင်ဂေါတမ မှောက်ထားသည်ကို လှန်ပြဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်း ထားသည်ကို ဖွင့်လှစ်ပြဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းမှန်ကို ပြောကြား ဘိသကဲ့သို့လည်းကောင်း၊ “မျက်စိအမြင်ရှိသော သူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်”ဟု အမိုက် မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း ဤအတူသာလျှင် အသျှင်ဂေါတမသည် အကြောင်းအမျိုးမျိုးဖြင့်တရားတော်ကို ပြတော်မူပါပေ၏။ ထို အကျွန်ုပ်သည် အသျှင်ဂေါတမကို ကိုးကွယ် ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါဟု (လျှောက်၏)။

တတိယသုတ်။