အင်္ဂုတ္တရနိကာယ်

(၇) ၂-မဟာဝဂ်

၄-သရဘသုတ်

၆၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ သရဘအမည်ရှိသော ပရိဗိုဇ်သည် ဤ့သာသနာတော်မှ ထွက်ခွါသွားစ ဖြစ်၏၊ ထို ပရိဗိုဇ်သည် ရာဇဂြိုဟ်ပြည် ပရိသတ်အလယ်၌ “ငါသည် သာကီဝင်မင်းသား ရဟန်းတို့၏တရားကို သိပြီ၊ သာကီဝင်မင်းသား ရဟန်းတို့၏တရားကို သိသောကြောင့်သာလျှင် ထို သာသနာတော်မှ ထွက်ခွါခဲ့၏”ဟု ဤသို့သော စကားကို ဆို၏။ ထိုအခါ များစွာသော ရဟန်းတို့သည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီးလျှင် ရာဇဂြိုဟ်ပြည်သို့ ဆွမ်းခံဝင်ကုန်၏၊ ထိုရဟန်းတို့သည် ရာဂြိုဟ်ပြည် ပရိသတ်အလယ်၌ “ငါသည် သာကီဝင်မင်းသား ရဟန်းတို့၏တရားကို သိပြီ၊ သာကီဝင်မင်းသား ရဟန်းတို့၏တရားကို သိသောကြောင့်သာလျှင် ထို သာသနာတော်မှ ထွက်ခွါခဲ့၏”ဟု ဤသို့ ပြောဆိုသော သရဘပရိဗိုဇ်၏ စကားကို ကြားကုန်၏။

ထိုအခါ ထိုရဟန်းတို့သည် ရာဇဂြိုဟ်ပြည်၌ ဆွမ်းခံ၍ ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲခွါခဲ့ကြပြီး လျှင် မြတ်စွာဘုရားအထံ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးကာ တစ်ခုသော နေရာ၌ ထိုင်နေကုန်လျက် “အသျှင်ဘုရား သရဘအမည်ရှိသော ပရိဗိုဇ်သည် ဤသာသနာတော်မှ ထွက်ခွါသွားစ ဖြစ်ပါ၏၊ ထို ပရိဗိုဇ်သည် ရာဇဂြိုဟ်ပြည် ပရိသတ်အလယ်၌ ‘ငါသည် သာကီဝင်မင်းသား ရဟန်းတို့၏တရားကို သိပြီ၊ သာကီဝင်မင်းသား ရဟန်းတို့၏တရားကို သိသောကြောင့်သာလျှင် ထို သာသနာတော်မှ ထွက်ခွါခဲ့၏’ဟု ဤသို့သော စကားကို ပြောဆိုနေပါသည်။ အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် သိပ္ပိနီမြစ် ကမ်းနား ပရိဗိုဇ်တို့အရံ သရဘပရိဗိုဇ်ရှိရာသိ်ု့ သနားသောအားဖြင့် ချဉ်းကပ်တော်မူပါ”ဟု လျှောက် ကုန်၏။ မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံတော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည် ညနေချမ်းအချိန်၌ တစ်ပါးတည်း ကိန်းအောင်းရာမှ ထတော်မူလျက် သိပ္ပိနီမြစ်ကမ်းနား ပရိဗိုဇ်တို့အရံ သရဘပရိဗိုဇ်ရှိရာသိ်ု့ ချဉ်းကပ်ပြီးလျှင် ခင်းထားသော နေရာ၌ ထိုင်လျက် သရဘပရိဗိုဇ်အား— “သရဘ ‘ငါသည် သာကီဝင်မင်းသား ရဟန်းတို့၏တရားကို သိပြီ၊ သာကီဝင်မင်းသား ရဟန်းတို့၏တရားကို သိသောကြောင့်သာလျှင် ထို သာသနာတော်မှ ထွက်ခွါခဲ့၏’ဟု သင် ဤသို့ဆို၏ဟူသည် မှန်သလော”ဟု (မိန့်တော်မူ၏)။ ဤသို့ မိန့်ဆိုသော် သရဘပရိဗိုဇ်သည် ဆိတ်ဆိတ်နေ၏၊ နှစ်ကြိမ်မြောက်လည်း မြတ်စွာဘုရားသည် သရဘပရိဗိုဇ်အား— “သရဘ ပြောလော့၊ သင်သည် သာကီဝင်မင်းသား ရဟန်းတို့၏တရားကို အဘယ်သို့ သိသနည်း၊ အကယ်၍ သင့်အား မပြည့်စုံသေးလျှင် ငါဖြည့်စွက်ပေးမည်၊ အကယ်၍ သင့်အား ပြည့်စုံနေလျှင် ငါဝမ်းမြောက်မည်”ဟု မိန့်တော်မူ၏။ နှစ်ကြိမ်မြောက်လည်း သရဘပရိဗိုဇ်သည် ဆိတ်ဆိတ်နေ၏။ သုံးကြိမ်မြောက်လည်း မြတ်စွာဘုရားသည် သရဘပရိဗိုဇ်အား “သရဘ သင်သည် သာကီဝင်မင်းသား ရဟန်းတို့၏တရားကို အဘယ်သို့ သိသနည်း၊ အကယ်၍ သင့်အား မပြည့်စုံသေးလျှင် ငါဖြည့်စွက်ပေးမည်၊ အကယ်၍ သင့်အား ပြည့်စုံနေလျှင် ငါဝမ်းမြောက်မည်”ဟု သုံးကြိမ်တိုင်တိုင် မိန့်ဆိုသော် သရဘပရဗိုဇ်သည် ဆိတ်ဆိတ် နေ၏။

ထိုအခါ ထို ပရိဗိုဇ်တို့သည် သရဘပရိဗိုဇ်အား “ငါ့သျှင် သရဘ သင် တောင့်တနေသော ရဟန်း ဂေါတမကပင် သင့်ကို ဖိတ်ကြား၏၊ ငါ့သျှင် သရဘ ပြောပါလော့၊ သင်သည် သာကီဝင်မင်းသား ရဟန်း တို့၏တရားကို အဘယ်သို့ သိပါသနည်း၊ အကယ်၍ သင့်အား မပြည့်စုံသေးလျှင် ရဟန်းဂေါတမက ဖြည့်စွက်ပေးလိမ့်မည်၊ အကယ်၍ သင့်အား ပြည့်စုံနေလျှင်လည်း ရဟန်းဂေါတမက ဝမ်းမြောက်ပါ လိမ့်မည်”ဟု (ပြောကုန်၏)။ ဤသို့ ပြောဆိုကြသော် သရဘပရိဗိုဇ်သည် ဆိတ်ဆိတ်နေကာ မျက်နှာမလှ ငိုက်ဆိုက်ကျလျက် အောက်သို့ချအပ်သော မျက်နှာရှိသည်ဖြစ်၍ မှိုင်တွေကာဖြင့် ပြောစရာစကားမရှိဘဲ ထိုင်နေ၏။

ထိုအခါ မြတ်စွာဘုရားသည် သရဘပရိဗိုဇ်ကို ဆိတ်ဆိတ်နေကာ မျက်နှာမလှ ငိုက်ဆိုက်ကျလျက် အောက်သို့ချအပ်သော မျက်နှာရှိသည်ဖြစ်၍ မှိုင်တွေကာဖြင့် ပြောစရာစကား မရှိဖြစ်နေသည်ကို သိတော့်မူ၍ ထို ပရိဗိုဇ်တို့အား ဤစကားကို မိန့်တော်မူ၏— ပရိဗိုဇ်တို့ အကြင်သူသည် ငါ့ကို (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူ၏ဟူ၍ ဝန်ခံသော အသျှင်ဘုရားသည် ဤမည်သော တရား တို့ကိုမူကား ထိုးထွင်း၍ မသိဟု ဆိုငြားအံ့၊ ငါသည် ထို ဆိုသောသူကို ကောင်းစွာ မေးမြန်း စိစစ် စစ်ဆေးခဲ့မူ ထိုသူသည် စကားတစ်ခုဖြင့် စကားတစ်ခုကိုသော်လည်း ဖုံးကွယ်လိမ့်မည်၊ အပြင်စကားကို ဆောင်၍သော်လည်း ပယ်လိမ့်မည်၊ စိတ်ဆိုးခြင်း အမျက်ထွက်ခြင်း မနှစ်သက်ခြင်း အမူအရာကိုသော်လည်း ထင်စွာပြုလိမ့်မည်ဟူသော ဤသုံးမျိုးသော ဌာနတို့တွင် တစ်မျိုးမျိုးသော ဌာနသို့ မရောက်ရာ သော အကြောင်းအခွင့် မရှိပေ၊ သရဘပရိဗိုဇ်ကဲ့သို့ ဆိတ်ဆိတ်နေကာ မျက်နှာမလှ ငိုက်ဆိုက်ကျလျက် အောက်သို့ချအပ်သော မျက်နှာရှိသည်ဖြစ်၍ မှိုင်တွေကာဖြင့် ပြောစရာစကား မရှိဘဲသော်လည်း ထိုင်နေ ရလိမ့်မည်။

ပရိဗိုဇ်တို့ အကြင်သူသည် ငါဘုရားကို “အာသဝေါကုန်ပြီးသူဟု ဝန်ခံသော အသျှင်ဘုရားသည် ဤမည်သော အာသဝေါတို့ကား မကုန်သေးပေ”ဟူ၍ ဆိုငြားအံ့၊ ငါသည် ထို ဆိုသောသူကို ကောင်းစွာ မေးမြန်း စိစစ် စစ်ဆေးခဲ့မူ ထိုသူသည် စကားတစ်ခုဖြင့် စကားတစ်ခုကိုသော်လည်း ဖုံးကွယ်လိမ့်မည်၊ အပြင်စကားကို ဆောင်၍သော်လည်း ပယ်လိမ့်မည်၊ စိတ်ဆိုးခြင်း အမျက်ထွက်ခြင်း မနှစ်သက်ခြင်း အမူအရာကိုသော်လည်း ထင်စွာပြုလိမ့်မည်ဟူသော ဤသုံးမျိုးသော ဌာနတို့တွင် တစ်မျိုးမျိုးသော ဌာနသို့ မရောက်ရာသော အကြောင်းအခွင့် မရှိပေ၊ သရဘပရိဗိုဇ်ကဲ့သို့ ဆိတ်ဆိတ်နေကာ မျက်နှာမလှ ငိုက်ဆိုက်ကျလျက် အောက်သို့ချအပ်သော မျက်နှာရှိသည်ဖြစ်၍ မှိုင်တွေကာဖြင့် ပြောစရာစကားမရှိဘဲ သော်လည်း ထိုင်နေရလိမ့်မည်။

ပရိဗိုဇ်တို့ အကြင်သူသည် ငါဘုရားကို ဝဋ်ဆင်းရဲကုန်ရန် “အသျှင်ဘုရား ဟောသော တရားသည် ထိုတရားကို ကျင့်သူအား ကောင်းစွာ ဝဋ်ဆင်းရဲကုန်ခြင်းငှါ မထုတ်ဆောင်နိုင်”ဟု ဆိုငြားအံ့၊ ငါသည် ထို ဆိုသော သူကို ကောင်းစွာ မေးမြန်း စိစစ်စစ်ဆေးခဲ့ပါမူ ထိုသူသည် စကားတစ်ခုဖြင့် စကား တစ်ခုကို သော်လည်း ဖုံးကွယ်လိမ့်မည်၊ အပြင်စကားကို ဆောင်၍သော်လည်း ပယ်လိမ့်မည်၊ စိတ်ဆိုးခြင်း အမျက် ထွက်ခြင်း မနှစ်သက်ခြင်း အမူအရာကိုသော်လည်း ထင်စွာပြုလိမ့်မည်ဟူသော ဤသုံးမျိုးသော ဌာနတို့ တွင် တစ်မျိုးမျိုးသော ဌာနသို့ မရောက်ရာသော အကြောင်းအခွင့် မရှိပေ၊ သရဘပရိဗိုဇ်ကဲ့သို့ ဆိတ် ဆိတ်နေကာ မျက်နှာမလှ ငိုက်ဆိုက်ကျလျက် အောက်သို့ချအပ်သော မျက်နှာရှိသည်ဖြစ်၍ မှိုင်တွေကာဖြင့် ပြောစရာစကား မရှိဘဲသော်လည်း ထိုင်နေရလိမ့်မည်ဟု မိန့်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် သိပ္ပိနီမြစ်ကမ်းနား ပရိဗိုဇ်တို့အရံ၌ ရဲရင့်သော အသံကို သုံးကြိမ်တိုင်တိုင် ကျူးရင့်တော်မူ၍ ကောင်းကင်သို့ ကြွတော်မူ၏။

ထိုအခါ ထို ပရိဗိုဇ်တို့သည် မြတ်စွာဘုရား ကြွတော်မူ၍ မကြာမြင့်မီပင် သရဘပရိဗိုဇ်ကို နှုတ် နှင်တံဖြင့် ဝိုင်းအုံ၍ ထိုးဆွကုန်၏— “ငါ့သျှင်သရဘ တောအုပ်ကြီးထဲ၌ မြေခွေးအိုသည် ခြင်္သေ့သံ ဟောက် မည်ဟု (ဟောက်သော်လည်း) ကွဲအက်သော မြေခွေးသံသာ ထွက်သကဲ့သို့၊ သင်သည် ရဟန်း ဂေါတမ ကွယ်ရာ၌ ‘ခြင်္သေ့သံဟောက်မည်’ဟု (ဟောက်သော်လည်း) ကွဲအက်သော မြေခွေးသံသာလျှင် ထွက်ဘိ၏။ ငါ့သျှင်သရဘ ကြက်မငယ်သည် ကြက်ဖသံတွန်မည်ဟု (တွန်သော်လည်း) ကြက်မသံသာ ထွက်သကဲ့သို့ သင်သည် ရဟန်းဂေါတမကွယ်ရာ၌ ‘ကြက်ဖသံကို တွန်မည်’ဟု (တွန်သော်လည်း) ကြက်မသံသာလျှင် ထွက်ဘိ၏။ ငါ့သျှင် သရဘ နွားသည် (အကြီးအမှူး) နွားမရှိသော နွားခြံ၌ အောင်မြင်သော နွားကြီးအသံ တွန်နိုင်၏ဟု မှတ်ထင်သကဲ့သို့ သင်သည် ရဟန်းဂေါတမ ကွယ်ရာ၌ အောင်မြင်သော (နွားကြီး) အသံ တွန်နိုင်၏ဟု မှတ်ထင်ဘိ၏။ ဤသို့လျှင် ထို ပရိဗိုဇ်တို့သည် သရဘပရိဗိုဇ်ကို နှုတ်နှင်တံဖြင့် ဝိုင်းအုံ၍ ထိုးဆွကုန်၏။

စတုတ္ထသုတ်။