အင်္ဂုတ္တရနိကာယ်
(၇) ၂-မဟာဝဂ်
၉-အကုသလမူလသုတ်
၇ဝ။ ရဟန်းတို့ အကုသိုလ်၏ အကြောင်းရင်းတို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ— လောဘဟူသော အကုသိုလ်၏ အကြောင်းရင်း၊ ဒေါသဟူသော အကုသိုလ်၏ အကြောင်းရင်း၊ မောဟဟူသော အကုသိုလ်၏ အကြောင်းရင်းတို့တည်း။ ရဟန်းတို့ တပ်မက်ခြင်း ‘လောဘ’သည် ရှိ၏၊ ယင်းတပ်မက်ခြင်း ‘လောဘ’သည် အကုသိုလ်၏ အကြောင်းရင်းတည်း။ တပ်မက်သူသည် ကိုယ် နှုတ် စိတ်ဖြင့် အားထုတ်၏၊ ယင်းအားထုတ်မှုသည် အကုသိုလ်တည်း။ တပ်မက်သူသည် တပ်မက်ခြင်း ‘လောဘ’ နှိပ်စက်အပ် သိမ်းယူအပ်သော စိတ်ရှိသည်ဖြစ်၍ ငါသည် အားရှိ၏၊ စွမ်းနိုင်၏ဟု သတ်ဖြတ်ခြင်း ဖြင့်သော်လည်းကောင်း၊ နှောင်ဖွဲ့ခြင်းဖြင့်လည်းကောင်း၊ ဆုံးရှုံးစေခြင်းဖြင့်သော်လည်းကောင်း၊ ကဲ့ရဲ့ခြင်းဖြင့် သော်လည်းကောင်း၊ နှင်ထုတ်ခြင်းဖြင့်သော်လည်းကောင်း ထင်ရှားသော ဝတ္ထုဖြင့် (အပြစ်ကို ဆို၍) သူတစ်ပါးအား ဆင်းရဲကို ဖြစ်စေ၏။ ယင်းသို့ ဖြစ်စေခြင်းသည်လည်း အကုသိုလ်တည်း။ ဤသို့လျှင် လောဘကြောင့် ဖြစ်ကုန်သော လောဘလျှင် အကြောင်းရင်းရှိကုန်သော လောဘလျှင် ဖြစ်ကြောင်းရှိကုန် သော လောဘလျှင် အထောက်အပံ့ရှိကုန်သော မြောက်မြားစွာသော ဤအကုသိုလ်တရားယုတ်တို့သည် ထိုသူအား ဖြစ်ကုန်၏။
ရဟန်းတို့ အမျက်ထွက်ခြင်း ‘ဒေါသ’သည် ရှိ၏၊ ယင်း အမျက်ထွက်ခြင်း ဒေါသသည် အကုသိုလ်၏ အကြောင်းရင်းတည်း။ အမျက်ထွက်သူသည် ကိုယ် နှုတ် စိတ်ဖြင့် အားထုတ်၏၊ ယင်းအားထုတ်မှုသည်လည်း အကုသိုလ်တည်း။ အမျက်ထွက်သူသည် အမျက်ထွက်ခြင်း ‘ဒေါသ’ နှိပ်စက်အပ် သိမ်းယူအပ် သော စိတ်ရှိသည် ဖြစ်၍ ငါသည် အားရှိ၏၊ စွမ်းနိုင်၏ဟု သတ်ဖြတ်ခြင်းဖြင့်သော်လည်းကောင်း၊ နှောင်ဖွဲ့ခြင်းဖြင့်သော်လည်းကောင်း၊ ဆုံးရှုံးစေခြင်းဖြင့်သော်လည်းကောင်း၊ ကဲ့ရဲ့ခြင်းဖြင့်သော်လည်းကောင်း၊ နှင်ထုတ်ခြင်းဖြင့်သော်လည်းကောင်း ထင်ရှားမရှိသော ဝတ္ထုဖြင့် (အပြစ်ကို ဆို၍) သူတစ်ပါးအား ဆင်းရဲကို ဖြစ်စေ၏။ ယင်းသို့ ဖြစ်စေခြင်းသည်လည်း အကုသိုလ်တည်း။ ဤသို့လျှင် ဒေါသကြောင့် ဖြစ်ကုန်သော ဒေါသလျှင် အကြောင်းရင်းရှိကုန်သော ဒေါသလျှင် ဖြစ်ကြောင်းရှိကုန်သော ဒေါသလျှင် အထောက်အပံ့ ရှိကုန်သော မြောက်မြားစွာသော ဤအကုသိုလ်တရားယုတ်တို့သည် ထိုသူအား ဖြစ်ကုန်၏။
ရဟန်းတို့ တွေဝေခြင်း ‘မောဟ’သည် ရှိ၏။ ယင်းတွေဝေခြင်း ‘မောဟ’သည် အကုသိုလ်၏ အကြောင်းရင်းတည်း။ တွေဝေသူသည် ကိုယ် နှုတ် စိတ်ဖြင့် အားထုတ်၏၊ ယင်းအားထုတ်မှုသည် အကုသိုလ်ပေတည်း၊ တွေဝေသူသည် တွေဝေခြင်း ‘မောဟ’ နှိပ်စက်အပ် သိမ်းယူအပ်သော စိတ်ရှိသည် ဖြစ်၍ ငါသည် အားရှိ၏၊ စွမ်းနိုင်၏ဟု သတ်ဖြတ်ခြင်းဖြင့်သော်လည်းကောင်း၊ နှောင်ဖွဲ့ခြင်းဖြင့်သော်လည်းကောင်း၊ ဆုံးရှုံးစေခြင်းဖြင့်သော်လည်းကောင်း၊ ကဲ့ရဲ့ခြင်းဖြင့်သော်လည်းကောင်း၊ နှင်ထုတ်ခြင်းဖြင့် သော်လည်းကောင်း ထင်ရှားမရှိသော ဝတ္ထုဖြင့် (အပြစ်ကို ဆို၍) သူတစ်ပါးအား ဆင်းရဲကို ဖြစ်စေ၏။ ယင်းသို့ ဖြစ်စေခြင်းသည်လည်း အကုသိုလ်တည်း။ ဤသို့လျှင် မောဟကြောင့် ဖြစ်ကုန်သော မောဟလျှင် အကြောင်းရင်းရှိကုန်သော မောဟလျှင် ဖြစ်ကြောင်းရှိကုန်သော မောဟလျှင် အထောက်အပံ့ရှိကုန်သော မြောက်မြားစွာသော ဤအကုသိုလ်တရားယုတ်တို့သည် ထိုသူအား ဖြစ်ကုန်၏။ ရဟန်းတို့ ဤသို့ သဘောရှိသော ပုဂ္ဂိုလ်ကို “အချိန်အခါ မဟုတ်ဘဲ ပြောဆိုတတ်သူ”ဟူ၍လည်းကောင်း၊ “မဟုတ်မမှန်သော စကားကို ပြောဆိုတတ်သူ”ဟူ၍လည်းကောင်း၊ “အကျိုးမရှိသော စကားကို ပြောဆိုတတ်သူ”ဟူ၍လည်းကောင်း၊ “တရားမဟုတ်သည်ကို ပြောဆိုတတ်သူ”ဟူ၍လည်းကောင်း၊ “ဝိနည်းမဟုတ်သည်ကို ပြောဆိုတတ်သူ”ဟူ၍လည်းကောင်း ခေါ်ဆိုအပ်၏။
ရဟန်းတို့ ဤသို့သဘောရှိသော ပုဂ္ဂိုလ်ကို “အချိန်အခါ မဟုတ်ဘဲ ပြောဆိုတတ်သူ” “မဟုတ် မမှန်သော စကားကို ပြောဆိုတတ်သူ” “အကျိုးမရှိသော စကားကို ပြောဆိုတတ်သူ” “တရားမဟုတ်သည်ကို ပြောဆိုတတ်သူ” “ဝိနည်းမဟုတ်သည်ကို ပြောဆိုတတ်သူ”ဟု အဘယ့်ကြောင့် ခေါ်ဆိုအပ် ပါသနည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်သည် ငါသည် အားရှိ၏၊ စွမ်းနိုင်၏ဟု သတ်ဖြတ်ခြင်းဖြင့်သော်လည်းကောင်း၊ နှောင်ဖွဲ့ခြင်းဖြင့်သော်လည်းကောင်း၊ ဆုံးရှုံးစေခြင်းဖြင့်သော်လည်းကောင်း၊ ကဲ့ရဲ့ခြင်း ဖြင့်သော်လည်းကောင်း၊ နှင်ထုတ်ခြင်းဖြင့်သော်လည်းကောင်း ထင်ရှားမရှိသော ဝတ္ထုဖြင့် (အပြစ်ကို ဆို၍) သူတစ်ပါးအား ဆင်းရဲကို ဖြစ်စေ၏။ဟုတ်မှန်သောစကားဖြင့် ဆိုအပ်သော် ငြင်းပယ်၏၊ ဝန်မခံ၊ မဟုတ်မမှန်သော စကားဖြင့် ဆိုအပ်သော် ဤစကားသည် “ဤအကြောင်းကြောင့် မမှန်၊ ဤအကြောင်းကြောင့် မဟုတ်”ဟု ထို စကားကို ဖြေရှင်းရန် လုံ့လမပြု။ ထို့ကြောင့် ဤသို့သဘောရှိသော ပုဂ္ဂိုလ်ကို “အချိန်အခါ မဟုတ်ဘဲ ပြောဆိုတတ်သူ”ဟူ၍လည်းကောင်း၊ “မဟုတ်မမှန်သောစကားကို ပြောဆိုတတ်သူ”ဟူ၍လည်းကောင်း၊ “အကျိုးမရှိသော စကားကို ပြောဆိုတတ်သူ”ဟူ၍လည်းကောင်း၊ “တရား မဟုတ်သည်ကို ပြောဆိုတတ်သူ”ဟူ၍လည်းကောင်း၊ “ဝိနည်းမဟုတ်သည်ကို ပြောဆိုတတ်သူ”ဟူ၍လည်းကောင်း ခေါ်ဆိုအပ်၏။
ရဟန်းတို့ ဤသို့သဘောရှိသော ပုဂ္ဂိုလ်သည် လောဘကြောင့် ဖြစ်ကုန်သော အကုသိုလ်တရား ယုတ်တို့ နှိပ်စက်အပ် သိမ်းယူအပ်သော စိတ်ရှိသည်ဖြစ်၍ ယခုဘဝ၌ပင် ပင်ပန်းခြင်း ပြင်းစွာပင်ပန်းခြင်း့ပူလောင်ခြင်းရှိလျက် ဆင်းရဲစွာ နေရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌လည်း မကောင်းသော လားရာကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏။
ဒေါသကြောင့် ဖြစ်ကုန်သော။ပ။ မောဟကြောင့် ဖြစ်ကုန်သော အကုသိုလ်တရားယုတ်တို့ နှိပ်စက် အပ် သိမ်းယူအပ်သော စိတ်ရှိသည်ဖြစ်၍ ယခုဘဝ၌ပင် ပင်ပန်းခြင်း ပြင်းစွာပင်ပန်းခြင်း ပူလောင်ခြင်း ရှိလျက် ဆင်းရဲစွာ နေရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌လည်း မကောင်းသော လားရာ ကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏။
ရဟန်းတို့ သုံးခုသော မာလောနွယ်တို့သည် ဖျက်ဆီး ရစ်ပတ် မှေးယှက်အပ်သော အင်ကြင်းပင် ဖြစ်စေ မျောက်ငိုပင်ဖြစ်စေ ကြို့ပင်ဖြစ်စေ မကြီးပွါးခြင်းသို့ ရောက်ရသကဲ့သို့ ပျက်စီးခြင်းသို့ ရောက်ရ သကဲ့သို့ မကြီးမပွါး ပျက်စီးခြင်းသို့ ရောက်ရသကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် ဤသို့သဘော ရှိသော ပုဂ္ဂိုလ်သည် လောဘကြောင့် ဖြစ်ကုန်သော အကုသိုလ်တရားယုတ်တို့ နှိပ်စက်အပ် သိမ်းယူ အပ်သော စိတ်ရှိသည်ဖြစ်၍ ယခုဘဝ၌ပင် ပင်ပန်းခြင်း ပြင်းစွာပင်ပန်းခြင်း ပူလောင်ခြင်းရှိလျက် ဆင်းရဲစွာ နေရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌လည်း မကောင်းသော လားရာကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏။
ဒေါသကြောင့် ဖြစ်ကုန်သော။ပ။ မောဟကြောင့် ဖြစ်ကုန်သော အကုသိုလ်တရားယုတ်တို့ နှိပ်စက် အပ် သိမ်းယူအပ်သော စိတ်ရှိသည်ဖြစ်၍ ယခုဘဝ၌ပင် ပင်ပန်းခြင်း ပြင်းစွာပင်ပန်းခြင်း ပူလောင်ခြင်း ရှိလျက် ဆင်းရဲစွာ နေရ၏၊ ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌လည်း မကောင်းသော လားရာ ကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏။ ရဟန်းတို့ ဤသည်တို့ကား အကုသိုလ်၏ အကြောင်းရင်း သုံးမျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။
ရဟန်းတို့ ကုသိုလ်၏ အကြောင်းရင်းတို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ— အလောဘဟူသော ကုသိုလ်၏ အကြောင်းရင်း၊ အဒေါသဟူသော ကုသိုလ်၏ အကြောင်းရင်း၊ အမောဟဟူသော ကုသိုလ်၏ အကြောင်းရင်းတို့တည်း။
ရဟန်းတို့ မတပ်မက်ခြင်း ‘အလောဘ’သည် ရှိ၏၊ ယင်းအလောဘသည် ကုသိုလ်၏ အကြောင်း ရင်းတည်း။ မတပ်မက်သူသည် ကိုယ် နှုတ် စိတ်ဖြင့် အားထုတ်၏၊ ယင်းအားထုတ်မှုသည် ကုသိုလ်တည်း။ မတပ်မက်သူသည် တပ်မက်ခြင်း ‘လောဘ’ မနှိပ်စက်အပ် မသိမ်းယူအပ်သော စိတ်ရှိသည် ဖြစ်၍ ငါသည် အားရှိ၏၊ စွမ်းနိုင်၏ဟု သတ်ဖြတ်ခြင်းဖြင့်သော်လည်းကောင်း၊ နှောင်ဖွဲ့ခြင်းဖြင့်သော်လည်းကောင်း၊ ဆုံးရှုံးစေခြင်းဖြင့်သော်လည်းကောင်း၊ ကဲ့ရဲ့ခြင်းဖြင့်သော်လည်းကောင်း၊ နှင်ထုတ်ခြင်းဖြင့်သော်လည်းကောင်း ထင်ရှားမရှိသော ဝတ္ထုဖြင့် (အပြစ်ကို ဆို၍) သူတစ်ပါးအား ဆင်းရဲကို မဖြစ်စေ။ ယင်းသို့ မဖြစ်စေခြင်းသည်လည်း ကုသိုလ်မည်၏။ ဤသို့လျှင် အလောဘကြောင့် ဖြစ်ကုန်သော အလောဘလျှင် အကြောင်းရင်းရှိကုန်သော အလောဘလျှင် ဖြစ်ကြောင်း ရှိကုန်သော အလောဘလျှင် အထောက်အပံ့ ရှိကုန်သော မြောက်မြားစွာကုန်သော ဤကုသိုလ်တရားတို့သည် ထိုသူအား ဖြစ်ကုန်၏။
ရဟန်းတို့ အမျက်မထွက်ခြင်း ‘အဒေါသ’သည် ရှိ၏၊ ယင်းအဒေါသသည် ကုသိုလ်၏ အကြောင်း ရင်းတည်း။ အမျက်မထွက်သော သူသည် ကိုယ် နှုတ် စိတ်ဖြင့် အားထုတ်၏၊ ယင်းအားထုတ်မှုသည် ကုသိုလ်တည်း။ အမျက်မထွက်သူသည် အမျက်ထွက်ခြင်း ‘ဒေါသ’ မနှိပ်စက်အပ် မသိမ်းယူအပ်သော စိတ်ရှိသည် ဖြစ်၍ ငါသည် အားရှိ၏၊ စွမ်းနိုင်၏ဟု သတ်ဖြတ်ခြင်းဖြင့်သော်လည်းကောင်း၊ နှောင်ဖွဲ့ခြင်းဖြင့် သော်လည်းကောင်း၊ ဆုံးရှုံးစေခြင်းဖြင့်သော်လည်းကောင်း၊ ကဲ့ရဲ့ခြင်းဖြင့်သော်လည်းကောင်း၊ နှင်ထုတ်ခြင်း ဖြင့်သော်လည်းကောင်း ထင်ရှားမရှိသော ဝတ္ထုဖြင့် (အပြစ်ကို ဆို၍) သူတစ်ပါးအား ဆင်းရဲကို မဖြစ်စေ။ ယင်းသို့ မဖြစ်စေခြင်းသည်လည်း ကုသိုလ်မည်၏။ ဤသို့လျှင် အဒေါသကြောင့် ဖြစ်ကုန်သော အဒေါသ လျှင် အကြောင်းရင်းရှိကုန်သော အဒေါသလျှင့်ဖြစ်ကြောင်း ရှိကုန်သော အဒေါသလျှင် အထောက်အပံ့ ရှိကုန်သော မြောက်မြားစွာသော ဤကုသိုလ်တရားတို့သည် ထိုသူအား ဖြစ်ကုန်၏။
ရဟန်းတို့ မတွေဝေခြင်း ‘အမောဟ’သည် ရှိ၏။ ယင်းအမောဟသည် ကုသိုလ်၏ အကြောင်း ရင်းတည်း။ မတွေဝေသော ပုဂ္ဂိုလ်သည် ကိုယ် နှုတ် စိတ်ဖြင့် အားထုတ်၏၊ ယင်းအားထုတ်ခြင်းသည်လည်း ကုသိုလ်တည်း။ မတွေဝေသူသည် တွေဝေခြင်း ‘မောဟ’ မနှိပ်စက်အပ် မသိမ်းယူအပ်သော စိတ်ရှိသည်ဖြစ်၍ ငါသည် အားရှိ၏၊ စွမ်းနိုင်၏ဟု သတ်ဖြတ်ခြင်းဖြင့်သော်လည်းကောင်း၊ နှောင်ဖွဲ့ခြင်းဖြင့် သော်လည်းကောင်း၊ ဆုံးရှုံးစေခြင်းဖြင့်သော်လည်းကောင်း၊ ကဲ့ရဲ့ခြင်းဖြင့်သော်လည်းကောင်း၊ နှင်ထုတ်ခြင်းဖြင့်သော်လည်းကောင်း ထင်ရှားမရှိသော ဝတ္ထုဖြင့် (အပြစ်ကို ဆို၍) သူတစ်ပါးအား ဆင်းရဲကို မဖြစ်စေ။ ယင်းသို့ မဖြစ်စေခြင်းသည်လည်း ကုသိုလ်မည်၏။ ဤသို့လျှင် အမောဟကြောင့် ဖြစ်ကုန် သော အမောဟလျှင် အကြောင်းရင်းရှိကုန်သော အမောဟလျှင် ဖြစ်ကြောင်းရှိကုန်သော အမောဟလျှင် အထောက်အပံ့ရှိကုန်သော မြောက်မြားစွာသော ဤကုသိုလ်တရားတို့သည် ထိုသူအား ဖြစ်ကုန်၏။ ရဟန်းတို့ ဤသို့သဘောရှိသော ပုဂ္ဂိုလ်ကို “သင့်လျော်သော အချိန်၌ ပြောဆိုတတ်သူ”ဟူ၍လည်းကောင်း၊ “မှန်သော စကားကို ပြောဆိုတတ်သူ”ဟူ၍လည်းကောင်း၊ “အကျိုးရှိသော စကားကို ပြောဆို တတ်သူ”ဟူ၍လည်းကောင်း၊ “တရားကို ပြောဆိုတတ်သူ”ဟူ၍လည်းကောင်း “ဝိနည်းကို ပြောဆို တတ်သူ”ဟူ၍လည်းကောင်း ခေါ်ဆိုအပ်၏။
ရဟန်းတို့ ဤသို့သဘောရှိသော သူကို သင့်လျော်သော အချိန်အခါ၌ ပြောဆိုတတ်သူ မှန်သော စကားကို ပြောဆိုတတ်သူ အကျိုးရှိသော စကားကို ပြောဆိုတတ်သူတရားကို ပြောဆိုတတ်သူ ဝိနည်းကို ပြောဆိုတတ်သူဟူ၍ အဘယ့်ကြောင့် ခေါ်ဆိုအပ်သနည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်သည် ငါသည် အားရှိ၏၊ စွမ်းနိုင်၏ဟု သတ်ဖြတ်ခြင်းဖြင့်သော်လည်းကောင်း၊ နှောင်ဖွဲ့ခြင်းဖြင့်သော်လည်းကောင်း၊ ဆုံးရှုံးစေခြင်း ဖြင့်သော်လည်းကောင်း၊ ကဲ့ရဲ့ခြင်းဖြင့်သော်လည်းကောင်း၊ နှင်ထုတ်ခြင်းဖြင့်သော်လည်းကောင်း ထင်ရှား မရှိသော ဝတ္ထုဖြင့် (အပြစ်ကို ဆို၍) သူတစ်ပါးအား ဆင်းရဲကို မဖြစ်စေ။ဟုတ်မှန်သော စကားဖြင့် ဆိုအပ်သော် ဝန်ခံ၏၊ မပယ်ရှား၊ မဟုတ် မမှန်သော စကားဖြင့် ဆိုအပ်သော် “ဤစကားသည် ဤအကြောင်းကြောင့် မမှန်၊ ဤအကြောင်းကြောင့် မဟုတ်”ဟု ထို စကားကို ဖြေရှင်းရန် လုံ့လပြု၏။ ထို့ကြောင့် ဤသို့သဘောရှိသော သူကို သင့်လျော်သော အချိန်၌ ပြောဆိုတတ်သူ၊ မှန်သောစကားကို ပြောဆိုတတ်သူ၊ အကျိုးရှိသော စကားကို ပြောဆိုတတ်သူ၊ တရားကို ပြောဆိုတတ်သူ၊ ဝိနည်းကို ပြောဆိုတတ်သူဟူ၍ ခေါ်အပ်၏။
ရဟန်းတို့ ဤသို့သဘောရှိသော ပုဂ္ဂိုလ်သည် လောဘကြောင့် ဖြစ်ကုန်သော အကုသိုလ်တရား ယုတ်တို့ကို ပယ်ပြီးပြီ၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီးပြီ၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးပြီ၊ အသစ် မဖြစ်ခြင်းကို ပြုပြီးပြီ၊ နောင်တစ်ဖန် ဖြစ်ခြင်းသဘော မရှိတော့ပြီ၊ ယခုဘဝ၌ပင် မပင်ပန်း ပြင်းစွာမပင်ပန်း မပူလောင်ဘဲ ချမ်းသာစွာ နေရ၏၊ ယခုဘဝ၌ပင် ငြိမ်းအေးရ၏။
ဒေါသကြောင့် ဖြစ်ကုန်သော။ပ။ ငြိမ်းအေးရ၏။ မောဟကြောင့် ဖြစ်ကုန်သော။ပ။ ငြိမ်းအေးရ၏။ ရဟန်းတို့ သုံးခုသော မာလောနွယ်တို့သည် အင်ကြင်းပင်ကိုဖြစ်စေ မျောက်ငိုပင်ကိုဖြစ်စေ ကြို့ပင်ကို ဖြစ်စေ ဖျက်ဆီး ရစ်ပတ် မှေးယှက်အပ်၏။ ထိုအခါ လူတစ်ယောက်သည် ပေါက်တူးနှင့်ခြင်းတောင်းကို ယူလာပြီးလျှင် ထို မာလောနွယ်ကို အရင်းမှ ဖြတ်တောက် တူးဖြိုလျက် အယုတ်ဆုံးအားဖြင့် ပန်းရင်းရိုးမျှ လောက်သော အမြစ်ငယ်များပါ မကျန် နုတ်ပစ်၏။ ထို လူသည် ထို မာလောနွယ်ကို နုပ်နုပ်ပါအောင် ဖြတ်စဉ်းခွဲစိတ်၍ အစိတ်စိတ် အမြွာမြွာ ပြုပြီးလျှင် လေနေပူ၌ ခြောက်သွေ့စေ၍ မီးရှို့ပြာချပြီးနောက် ပြင်းထန်သော လေ၌မူလည်း လွှင့်ရာ၏။ လျင်သော မြစ်ရေအလျဉ်၌မူလည်း မျှောရာ၏။ ရဟန်းတို့ ဤသို့ပြုလုပ်သော် ထို မာလောနွယ်တို့သည် အမြစ်ရင်းပါ ပြတ်ပြီးဖြစ်ကုန်၏၊ နုတ်ပြီးသော ထန်းပင်ရာ့ကဲ့သို့ ပြုပြီးဖြစ်ကုန်၏၊ အသစ်မဖြစ်ခြင်းကို ပြုပြီးဖြစ်ကုန်၏၊ နောင်တစ်ဖန် ဖြစ်ခြင်းသဘော မရှိကုန်။ ရဟန်းတို့ ဤအတူပင်လျှင် ဤသို့ သဘောရှိသော ပုဂ္ဂိုလ်သည် လောဘကြောင့် ဖြစ်သော အကုသိုလ်တရားယုတ်တို့ကို ပယ်ပြီးပြီ၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီးပြီ၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးပြီ၊ အသစ်မဖြစ်ခြင်းကို ပြုပြီးပြီ၊ နောင်တစ်ဖန် ဖြစ်ခြင်းသဘော မရှိတော့ပြီ၊ ယခုဘဝ၌ပင် မပင်ပန်း ပြင်းစွာမပင်ပန်း မပူလောင်ဘဲ ချမ်းသာစွာ နေရ၏၊ ယခုဘဝ၌ပင် ငြိမ်းအေးရ၏။
ဒေါသကြောင့် ဖြစ်ကုန်သော။ပ။ မောဟကြောင့် ဖြစ်ကုန်သော အကုသိုလ်တရားယုတ်တို့ကို ပယ်ပြီးပြီ၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီးပြီ၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးပြီ၊ အသစ် မဖြစ်ခြင်းကို ပြုပြီးပြီ၊ နောင်တစ်ဖန် ဖြစ်ခြင်းသဘော မရှိတော့ပြီ၊ ယခုဘဝ၌ပင် မပင်ပန်း ပြင်းစွာ မပင်ပန်း မပူလောင်ဘဲ ချမ်းသာစွာ နေရ၏၊ မျက်မှောက်ဘဝ၌ပင် ငြိမ်းအေးရ၏။ ရဟန်းတို့ ဤသည်တို့ကား ကုသိုလ်၏ အကြောင်းရင်းသုံးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
နဝမသုတ်။