အင်္ဂုတ္တရနိကာယ်

(၈) ၃-အာနန္ဒဝဂ်

၁-ဆန္နသုတ်

၇၂။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ဆန္နပရိဗိုဇ်သည် အသျှင် အာနန္ဒာထံသို့ ချဉ်းကပ်၍ အသျှင်အာနန္ဒာနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို ပြီးဆုံးစေလျက် တစ်ခုသော နေရာ၌ ထိုင်ပြီးလျှင် အသျှင်အာနန္ဒာအား— “ငါ့သျှင်အာနန္ဒာ သင်တို့သည်လည်း ရာဂပယ်ခြင်းကို ပညတ်ကုန်သလော၊ ဒေါသပယ်ခြင်းကို ပညတ်ကုန်သလော၊ မောဟပယ်ခြင်းကို ပညတ်ကုန်သလော”ဟု့မေး၏။ ငါ့သျှင်ဆန္န ငါတို့သည်သာ ရာဂပယ်ခြင်းကို ပညတ်ကုန်၏၊ ဒေါသပယ်ခြင်းကို ပညတ်ကုန်၏၊ မောဟပယ်ခြင်းကို ပညတ်ကုန်၏ဟု (ဆို၏)။

ငါ့သျှင်အာနန္ဒာ သင်တို့သည် ရာဂ၌ အဘယ်အပြစ်ကို မြင်၍ ရာဂပယ်ခြင်းကို ပညတ်ပါကုန်သနည်း၊ ဒေါသ၌ အဘယ်အပြစ်ကို မြင်၍ ဒေါသပယ်ခြင်းကို ပညတ်ပါကုန်သနည်း၊ မောဟ၌ အဘယ်အပြစ်ကို မြင်၍ မောဟပယ်ခြင်းကို ပညတ်ပါကုန်သနည်းဟု (မေး၏)။

ငါ့သျှင်ဆန္န တပ်မက်သော သူသည် တပ်မက်ခြင်း ‘ရာဂ’ နှိပ်စက် သိမ်းကျုံးယူထားသော စိတ်ရှိရ ကား မိမိဆင်းရဲရန်ကိုလည်း လှုံ့ဆော်၏၊ သူတစ်ပါးဆင်းရဲရန်ကိုလည်း လှုံ့ဆော်၏၊ မိမိသူတစ်ပါး နှစ်ဦးစုံ ဆင်းရဲရန်ကိုလည်း လှုံ့ဆော်၏၊ စိတ်ကို စွဲ၍ ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း ခံစားရ၏။ ရာဂကို ပယ်သည်ရှိသော် မိမိဆင်းရဲရန်ကိုလည်း မလှုံ့ဆော်၊ သူတစ်ပါးဆင်းရဲရန်ကိုလည်း မလှုံ့ဆော်၊ မိမိ သူတစ်ပါး နှစ်ဦးစုံ ဆင်းရဲရန်ကိုလည်း မလှုံ့ဆော်၊ စိတ်ကို စွဲ၍ ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း မခံစားရ။ ငါ့သျှင်ဆန္န တပ်မက်သောသူသည် တပ်မက်ခြင်း ‘ရာဂ’ နှိပ်စက် သိမ်းကျုံးယူထားသော စိတ်ရှိရကား ကိုယ်ဖြင့် မကောင်းသော အကျင့်ကို ပြုကျင့်၏။ နှုတ်ဖြင့် မကောင်းသော အကျင့်ကို ပြုကျင့်၏။ စိတ်ဖြင့် မကောင်းသော အကျင့်ကို ပြုကျင့်၏။ ရာဂကို ပယ်သည်ရှိသော် ကိုယ်ဖြင့် မကောင်းသော အကျင့်ကို မပြုကျင့်၊ နှုတ်ဖြင့် မကောင်းသော အကျင့်ကို မပြုကျင့်၊ စိတ်ဖြင့် မကောင်းသော အကျင့်ကို မပြုကျင့်။ ငါ့သျှင်ဆန္န တပ်မက်သော သူသည် တပ်မက်ခြင်း ‘ရာဂ’ နှိပ်စက် သိမ်းကျုံးယူထားသော စိတ်ရှိရကား မိမိအကျိုးကိုလည်းဟုတ်မှန်သောအတိုင်း မသိ၊ သူတစ်ပါး အကျိုး ကိုလည်းဟုတ်မှန်သော အတိုင်း မသိ၊ မိမိ သူတစ်ပါး အကျိုးနှစ်ပါးကိုလည်းဟုတ်မှန်သော အတိုင်း မသိ။ ရာဂကို ပယ်သည်ရှိသော် မိမိအကျိုးကိုလည်းဟုတ်မှန်သောအတိုင်း သိ၏၊ သူတစ်ပါးအကျိုးကိုလည်းဟုတ်မှန်သောအတိုင်း သိ၏၊ မိမိ သူတစ်ပါး အကျိုးနှစ်ပါးကိုလည်းဟုတ်မှန်သောအတိုင်း သိ၏။ ငါ့သျှင်ဆန္န တပ်မက်ခြင်း ‘ရာဂ’သည် ကန်းသည်ကို ပြုတတ်၏၊ ပညာမျက်စိ မရှိသည်ကို ပြုတတ်၏၊ ပညာဉာဏ်ကို မပြုတတ်၊ ပညာကို ချုပ်ကွယ်စေတတ်၏၊ ပင်ပန်းခြင်းအဖို့ ရှိ၏၊ ငြိမ်းအေးမှုကို မဖြစ်စေတတ်။

ငါ့သျှင်ဆန္န အမျက်ထွက်သော သူသည် အမျက်ထွက်ခြင်း ‘ဒေါသ’ နှိပ်စက်။ပ။ ငါ့သျှင်ဆန္န တွေဝေ သော သူသည် တွေဝေခြင်း ‘မောဟ’ နှိပ်စက် သိမ်းကျုံးယူထားသော စိတ်ရှိရကား မိမိဆင်းရဲရန်ကိုလည်း လှုံ့ဆော်၏၊ သူတစ်ပါး ဆင်းရဲရန်ကိုလည်း လှုံ့ဆော်၏၊ မိမိ သူတစ်ပါး နှစ်ဦးစုံ ဆင်းရဲရန်ကိုလည်း လှုံ့ဆော်၏၊ စိတ်ကို စွဲမှီ၍ ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း ခံစားရ၏။ မောဟကို ပယ်သည်ရှိသော် မိမိဆင်းရဲရန်ကိုလည်း မလှုံ့ဆော်၊ သူတစ်ပါးဆင်းရဲရန်ကိုလည်း မလှုံ့ဆော်၊ မိမိ သူတစ်ပါး နှစ်ဦးစုံ ဆင်းရဲရန်ကိုလည်း မလှုံ့ဆော်၊ စိတ်ကို စွဲမှီ၍ ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်း ကိုလည်း မခံစားရ။ ငါ့သျှင်ဆန္န တွေဝေသော သူသည် တွေဝေခြင်း ‘မောဟ’ နှိပ်စက် သိမ်းကျုံး ယူထားသော စိတ်ရှိရကား ကိုယ်ဖြင့် မကောင်းသော အကျင့်ကို ပြုကျင့်၏။ နှုတ်ဖြင့် မကောင်းသော အကျင့်ကို ပြုကျင့်၏။ စိတ်ဖြင့် မကောင်းသော အကျင့်ကို ပြုကျင့်၏။ မောဟကို ပယ်သည်ရှိသော် ကိုယ်ဖြင့် မကောင်းသော အကျင့်ကို မပြုကျင့်၊ နှုတ်ဖြင့် မကောင်းသော အကျင့်ကို မပြုကျင့်၊ စိတ်ဖြင့် မကောင်းသော အကျင့်ကို မပြုကျင့်။ ငါ့သျှင်ဆန္န တွေဝေသောသူသည် တွေဝေခြင်း ‘မောဟ’ နှိပ်စက် သိမ်းကျုံးယူထားသော စိတ်ရှိရကား မိမိအကျိုးကိုလည်းဟုတ်မှန်သောအတိုင်း မသိ၊ သူတစ်ပါးအကျိုး ကိုလည်းဟုတ်မှန်သောအတိုင်း မသိ၊ မိမိသူတစ်ပါး အကျိုးနှစ်ပါးကိုလည်းဟုတ်မှန်သော အတိုင်း မသိ။ မောဟကို ပယ်သည်ရှိသော် မိမိအကျိုးကိုလည်းဟုတ်မှန်သောအတိုင်း သိ၏၊ သူတစ်ပါး အကျိုးကိုလည်းဟုတ်မှန်သောအတိုင်း သိ၏၊ မိမိ သူတစ်ပါး အကျိုးနှစ်ပါးကိုလည်းဟုတ်မှန်သော အတိုင်း သိ၏။ ငါ့သျှင်ဆန္န မောဟသည် ကန်းသည်ကို ပြုတတ်၏၊ ပညာမျက်စိ မရှိသည်ကို့ပြုတတ်၏၊ ပညာဉာဏ်ကို မပြုတတ်၊ ပညာကို ချုပ်ကွယ်စေတတ်၏၊ ပင်ပန်းခြင်းအဖို့ ရှိ၏၊ ငြိမ်းအေးမှုကို မဖြစ်စေတတ်။ ငါ့သျှင်ဆန္န ငါတို့သည် တပ်မက်ခြင်း ‘ရာဂ’၌ ဤသို့သော အပြစ်ကို မြင်၍ ရာဂပယ်ခြင်း ကို ပညတ်ကုန်၏၊ ဒေါသ၌ ဤသို့သော အပြစ်ကို မြင်၍ ဒေါသပယ်ခြင်းကို ပညတ်ကုန်၏၊ မောဟ၌ ဤသို့သော အပြစ်ကို မြင်၍ မောဟပယ်ခြင်းကို ပညတ်ကုန်၏ဟု (မိန့်ဆို၏)။

ငါ့သျှင် (အာနန္ဒာ) ထို ရာဂ ဒေါသ မောဟကို ပယ်ရန် လမ်းစဉ် အကျင့် ရှိပါသလောဟု (မေး၏)။

ငါ့သျှင်ဆန္န ထို ရာဂ ဒေါသ မောဟကို ပယ်ရန် လမ်းစဉ် အကျင့်သည် ရှိ၏ဟု (ဆို၏)။ ငါ့သျှင်အာနန္ဒာ ထို ရာဂ ဒေါသ မောဟကို ပယ်ရန် လမ်းစဉ် အကျင့်ကား အဘယ်နည်းဟု (မေး၏)။ ငါ့သျှင် အင်္ဂါရှစ်ပါး ရှိသော ဤအရိယာမဂ်တရားပင်တည်း။ ဤမဂ်သည် အဘယ်နည်းဟူမူ— မှန်စွာသိခြင်း ‘သမ္မာဒိဋ္ဌိ’၊ မှန်စွာကြံစည်ခြင်း ‘သမ္မာသင်္ကပ္ပ’၊ မှန်စွာပြောဆိုခြင်း ‘သမ္မာဝါစာ’၊ မှန်စွာပြုလုပ်ခြင်း ‘သမ္မာကမ္မန္တ’၊ မှန်စွာအသက်မွေးခြင်း ‘သမ္မာအာဇီဝ’၊ မှန်စွာ အားထုတ်ခြင်း ‘သမ္မာဝါယာမ’၊ မှန်စွာ အောက်မေ့ခြင်း ‘သမ္မာသတိ’၊ မှန်စွာ တည်ကြည်ခြင်း ‘သမ္မာသမာဓိ’၊ ဤရှစ်ပါးတို့ပေတည်း။ ငါ့သျှင် (ဆန္န) ဤသည်ကား ထို ရာဂ ဒေါသ မောဟကို ပယ်ရန် လမ်းစဉ် အကျင့်ပေတည်းဟု (ဆို၏)။ ငါ့သျှင်အာနန္ဒာ ထို ရာဂ ဒေါသ မောဟကို ပယ်ရန် လမ်းစဉ်သည် ကောင်းပါပေ၏၊ အကျင့်သည် ကောင်းပါပေ၏၊ ငါ့သျှင် အာနန္ဒာ မမေ့မလျော့ရန် သင့်လှပါပေ၏ဟု (ဆို၏)။

ပဌမသုတ်။