အင်္ဂုတ္တရနိကာယ်

(၈) ၃-အာနန္ဒဝဂ်

၂-အာဇီဝကသုတ်

၇၃။ အခါတစ်ပါး၌ အသျှင်အာနန္ဒာသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ အာဇီဝက၏တပည့် သူကြွယ်တစ်ယောက်သည် အသျှင်အာနန္ဒာအထံသို့ ချဉ်းကပ်၍ အသျှင်အာနန္ဒာကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်လျက် အသျှင်အာနန္ဒာအား— “အသျှင်အာနန္ဒာ အဘယ်သူတို့၏တရားသည် ကောင်းစွာ ဟောကြားအပ်သော တရားဖြစ်ပါ သနည်း၊ အဘယ်သူတို့သည် လောက၌ ကောင်းစွာ ကျင့်ကြပါကုန်သနည်း၊ အဘယ်သူတို့သည် လောက၌ ကောင်းစွာ ပြုပြီးဖြစ်ပါကုန် သနည်း”ဟု လျှောက်၏။

သူကြွယ် သို့ဖြစ်လျှင် ဤအရာ၌ သင့်ကိုပင် တစ်ဖန် ပြန်မေးအံ့၊ ထို အမေးကို သင် နှစ်သက်သလို ဖြေကြားလော့။ သူကြွယ် ထို အရာကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ အကြင်သူတို့သည် ရာဂကို ပယ်ရန်တရားကို ဟောကုန်၏၊ ဒေါသကို ပယ်ရန်တရားကို ဟောကုန်၏၊ မောဟကို ပယ်ရန်တရားကို ဟောကုန်၏၊ ထိုသူတို့၏တရားသည် ကောင်းစွာ ဟောအပ်သော တရား ဖြစ်သလော၊ သို့မဟုတ် မဖြစ်သလော၊ ဤနေရာ၌ (သင့်စိတ်) အသို့ ရှိပါသနည်းဟု (မေး၏)။ အသျှင်ဘုရား အကြင်သူတို့သည် ရာဂကို ပယ်ရန်တရားကို ဟောကုန်၏၊ ဒေါသကို ပယ်ရန်တရားကို ဟောကုန်၏၊ မောဟကို ပယ်ရန်တရားကို ဟောကုန်၏၊ ထိုသူတို့၏တရားသည် ကောင်းစွာ ဟောအပ်သော တရားဖြစ်ပါ၏၊ ဤနေရာ၌ တပည့်တော်၏ (စိတ်သည်) ဤအတိုင်းပင် ရှိပါသည်ဟု (လျှောက်၏)။

သူကြွယ် ထို အရာကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ အကြင်သူတို့သည် ရာဂကို ပယ်ရန် ကျင့်ကုန်၏၊ ဒေါသကို ပယ်ရန် ကျင့်ကုန်၏၊ မောဟကို ပယ်ရန် ကျင့်ကုန်၏၊ ထိုသူတို့သည် လောက၌ ကောင်းစွာ ကျင့်သူတို့ ဖြစ်ကုန်သလော၊ သို့မဟုတ် မကျင့်သူတို့ ဖြစ်ကုန်သလော၊ ဤနေရာ၌ (သင့်စိတ်) အသို့ရှိသနည်းဟု (မေး၏)။ အသျှင်ဘုရား အကြင်သူတို့သည် ရာဂကို ပယ်ရန် ကျင့်ကုန်၏၊ ဒေါသကို ပယ်ရန် ကျင့်ကုန်၏၊ မောဟကို ပယ်ရန် ကျင့်ကုန်၏၊ ထိုသူတို့သည် လောက၌ ကောင်းစွာ ကျင့်သူတို့ ဖြစ်ပါကုန်၏။ ဤနေရာ၌ တပည့်တော်၏ (စိတ်သည်) ဤအတိုင်းပင် ရှိပါသည်ဟု (လျှောက်၏)။

သူကြွယ် ထို အရာကို သင် အဘယ်သို့ မှတ်ထင်သနည်း၊ အကြင်သူတို့သည် ရာဂကို ပယ်ပြီး ဖြစ်၏၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီးဖြစ်၏၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးဖြစ်၏၊ အသစ် မဖြစ်ခြင်းကို ပြုပြီး ဖြစ်၏၊ နောင်တစ်ဖန် ဖြစ်ခြင်းသဘော မရှိ၊ အကြင်သူတို့သည် ဒေါသကို ပယ်ပြီး ဖြစ်၏၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီးဖြစ်၏၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးဖြစ်၏၊ အသစ် မဖြစ်ခြင်းကို ပြုပြီးဖြစ်၏၊ နောင်တစ်ဖန် ဖြစ်ခြင်းသဘော မရှိ၊ အကြင်သူတို့သည် မောဟကိုပယ်ပြီး ဖြစ်၏၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီး ဖြစ်၏၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးဖြစ်၏၊ အသစ် မဖြစ်ခြင်းကို ပြုပြီးဖြစ်၏၊ နောင်တစ်ဖန် ဖြစ်ခြင်း သဘော မရှိ၊ ထိုသူတို့သည် လောက၌ ကောင်းစွာ ပြုပြီးသူတို့ ဖြစ်ကုန်သလော၊ သို့မဟုတ် မပြုပြီးသူတို့ ဖြစ်ကုန်သလော ဤနေရာ၌ (သင့်စိတ်) အသို့ရှိ သနည်းဟု (မေး၏)။ အသျှင်ဘုရား အကြင်သူတို့သည် ရာဂကို ပယ်ပြီးဖြစ်၏၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီးဖြစ်၏၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးဖြစ်၏၊ အသစ် မဖြစ်ခြင်းကို ပြုပြီးဖြစ်၏၊ တစ်ဖန် ဖြစ်ခြင်းသဘော မရှိ။ အကြင်သူတို့သည် ဒေါသကို ပယ်ပြီးဖြစ်၏။ပ။ အကြင်သူတို့သည် မောဟကို ပယ်ပြီးဖြစ်၏၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီးဖြစ်၏၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးဖြစ်၏၊ အသစ် မဖြစ်ခြင်းကို ပြုပြီးဖြစ်၏၊ နောင်တစ်ဖန် ဖြစ်ခြင်းသဘော မရှိ။ ထိုသူတို့သည် လောက၌ ကောင်းစွာ ပြုပြီးသူတို့ ဖြစ်ကုန်၏၊ ဤနေရာ၌ တပည့်တော်၏ (စိတ်သည်) ဤအတိုင်းပင် ရှိပါသည်ဟု (လျှောက်၏)။

သူကြွယ် “အသျှင်ဘုရားအာနန္ဒာ အကြင်သူတို့သည် ရာဂကို ပယ်ရန် ဒေါသကို ပယ်ရန် မောဟကို ပယ်ရန်တရားဟောကုန်၏၊ ထိုသူတို့၏တရားသည် ကောင်းစွာ ဟောအပ်သော တရား ဖြစ်၏”ဟု ဤသို့လျှင် သင်သည်ပင် ထို အမေးကို ဖြေဆိုပြီး ဖြစ်၏။ “အသျှင်ဘုရားအာနန္ဒာ အကြင်သူတို့သည် ရာဂကို ပယ်ရန် ဒေါသကို ပယ်ရန် မောဟကို ပယ်ရန် ကျင့်ကုန်၏၊ ထိုသူတို့သည် လောက၌ ကောင်းစွာ ကျင့်သူတို့ ဖြစ်ပါကုန်၏”ဟု ဤသို့လျှင် သင်သည်ပင် ထို အမေးကို ဖြေဆိုပြီးဖြစ်၏။ “အသျှင်ဘုရား အာနန္ဒာ အကြင်သူတို့သည် ရာဂကို ပယ်ပြီး ဖြစ်၏၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီး ဖြစ်၏၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီး ဖြစ်၏၊ အသစ် မဖြစ်ခြင်းကို ပြုပြီးဖြစ်၏၊ နောင်တစ်ဖန် ဖြစ်ခြင်းသဘော မရှိ။ အကြင်သူတို့သည် ဒေါသကို ပယ်ပြီး ဖြစ်၏။ပ။ အကြင်သူတို့သည် မောဟကို ပယ်ပြီး ဖြစ်၏၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီး ဖြစ်၏၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးဖြစ်၏၊ အသစ် မဖြစ်ခြင်းကို ပြုပြီးဖြစ်၏၊ နောင်တစ်ဖန် ဖြစ်ခြင်းသဘော မရှိ၊ ထိုသူတို့သည် လောက၌ ကောင်းစွာ ပြုပြီးသူတို့ ဖြစ်ပါကုန်၏”ဟု ဤသို့လျှင် သင်သည်ပင် ထို အမေးကို ဖြေဆိုပြီးဖြစ်၏ဟု (ဆို၏)။

အသျှင်ဘုရား အံ့ဖွယ်ရှိပါပေစွ၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ မိမိ၏ အယူဝါဒကို ချီးမြှောက်မြှင့်တင်ခြင်း သူတစ်ပါးအယူဝါဒကို ရှုတ်ချခြင်း အလျှင်းမရှိ ဖြစ်ပါပေ၏၊ အကြောင်းသင့်ရာ၌ သာလျှင်တရားဟောပြောခြင်း ဖြစ်ပါပေ၏၊ (အကျွန်ုပ်မေးအပ်သော ပြဿနာ၏) အနက်အဓိပ္ပါယ် ကိုလည်း ဖြေဆိုပြီး ဖြစ်ပါ၏၊ မိမိကိုယ်ကိုလည်း ချီးမြှောက်အပ်သည် မဟုတ်ပါ။ အသျှင်ဘုရားအာနန္ဒာ အသျှင်ဘုရားတို့သည် ရာဂကို ပယ်ရန် ဒေါသကို ပယ်ရန် မောဟကို ပယ်ရန်တရားဟောပါကုန်၏။ အသျှင်ဘုရားအာနန္ဒာ အသျှင်ဘုရားတို့၏တရားသည် ကောင်းစွာ ဟောအပ်သော တရားပါတည်း။ အသျှင်ဘုရားအာနန္ဒာ အသျှင်ဘုရားတို့သည် ရာဂကို ပယ်ရန် ဒေါသကို ပယ်ရန် မောဟကို ပယ်ရန် ကျင့်ကုန်၏၊ အသျှင်ဘုရားအာနန္ဒာ အသျှင်ဘုရားတို့သည် လောက၌ ကောင်းစွာ ကျင့်သော သူတို့ပါတည်း။ အသျှင်ဘုရားအာနန္ဒာ အသျှင်ဘုရားတို့သည် လောက၌ ရာဂကို ပယ်ပြီး ဖြစ်ပါကုန်၏၊ အမြစ် ရင်းကို အကြွင်းမဲ့ဖြတ်ပြီး ဖြစ်ပါကုန်၏၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးဖြစ်ပါကုန်၏၊ အသစ် မဖြစ်ခြင်းကို ပြုပြီးဖြစ်ပါကုန်၏၊ နောင်တစ်ဖန် မဖြစ်ခြင်းသဘော ရှိပါကုန်၏။ အသျှင်ဘုရားတို့သည့်ဒေါသကို ပယ်ပြီးဖြစ်ပါကုန်၏။ပ။ အသျှင်ဘုရားတို့သည် မောဟကို ပယ်ပြီးဖြစ်ပါကုန်၏၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီးဖြစ်ပါကုန်၏၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးဖြစ်ပါကုန်၏၊ အသစ်မဖြစ်ခြင်းကို ပြုပြီးဖြစ်ပါကုန်၏၊ နောင်တစ်ဖန် မဖြစ်ခြင်းသဘော ရှိပါကုန်၏။ အသျှင်ဘုရားတို့သည် လောက၌ ကောင်းစွာ ပြုပြီးသူတို့ပါတည်း။

အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဘုရား (တရားတော်သည်) အလွန် နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဘုရား ဥပမာသော်ကား မှောက်ထားသည်ကို လှန်ပြဘိ သကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ပြဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ “မျက်စိအမြင်ရှိသောသူတို့သည် အဆင်းတို့ကို မြင်ကြ လိမ့်မည်”ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း ဤအတူသာလျှင် အသျှင်ဘုရားအာနန္ဒာသည် အကြောင်းအမျိုးမျိုးဖြင့်တရားတော်ကို ပြတော်မူပါပေ၏၊ အသျှင်ဘုရား အာနန္ဒာ ထို အကျွန်ုပ်သည် ထို မြတ်စွာဘုရားကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော် ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ အသျှင်ဘုရားအာနန္ဒာ ထို အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ် ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါဟု (လျှောက်၏)။

ဒုတိယသုတ်။