အင်္ဂုတ္တရနိကာယ်

(၈) ၃-အာနန္ဒဝဂ်

၉-ဂန္ဓဇာတသုတ်

၈ဝ။ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌့ထိုင်လျက် မြတ်စွာဘုရားအား— အသျှင်ဘုရား လေအောက်သို့သာ ရနံ့သွား၍ လေညာသို့ ရနံ့ မသွားသော နံ့သာမျိုးတို့သည် သုံးမျိုးတို့ပါတည်း၊ အဘယ်သုံးမျိုးတို့နည်းဟူမူ— အမြစ်နံ့သာမျိုး၊ အနှစ်နံ့သာမျိုး၊ အပွင့်နံ့သာမျိုးတို့တည်း၊ အသျှင်ဘုရား လေအောက်သို့သာ ရနံ့သွား၍ လေညာသို့ ရနံ့မသွားသော နံ့သာမျိုးတို့သည် ဤသုံးမျိုးတို့ပါတည်း။ အသျှင်ဘုရား လေအောက်သို့လည်း သွားနိုင် လေညာသို့လည်း သွားနိုင် လေအောက်လေညာ နှစ်နေရာလုံးသို့လည်း သွားနိုင်သော တစ်စုံတစ်ခုသော နံ့သာမျိုးသည် ရှိနိုင်ပါသလောဟု လျှောက်၏။ အာနန္ဒာ လေအောက်သို့လည်း ရနံ့သွားနိုင် လေညာ သို့လည်း ရနံ့သွားနိုင် လေအောက်လေညာ နှစ်နေရာလုံးသို့လည်း ရနံ့သွားနိုင်သော တစ်စုံတစ်ခုသော နံ့သာမျိုးသည် ရှိ၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား လေအောက်သို့လည်း ရနံ့သွားနိုင် လေညာသို့လည်း ရနံ့သွားနိုင် လေအောက်လေညာ နှစ်နေရာလုံးသို့လည်း ရနံ့သွားနိုင်သော တစ်စုံတစ်ခုသော နံ့သာမျိုးကား အဘယ်ပါနည်းဟု (လျှောက်၏)။

အာနန္ဒာ ဤလောကဝယ် အကြင် ရွာနိဂုံး၌ ယောကျာ်းဖြစ်စေ မိန်းမဖြစ်စေ ဘုရားတရား သံဃာကို ကိုးကွယ်ဆည်းကပ်၏၊ သူ့ အသက်သတ်ခြင်း, မပေးသည်ကို ယူခြင်း, ကာမတို့၌ မှားယွင်းစွာ လွန် ကျူးခြင်း, မဟုတ် မမှန်ပြောဆိုခြင်း, မေ့လျော့ကြောင်းဖြစ်သော သေအရက်ကို သောက်ခြင်းမှ ရှောင် ကြဉ်၏၊ သီလရှိ၏၊ ကောင်းသော သဘောရှိ၏၊ ဝန်တိုခြင်းဟူသော အညစ်အကြေးမှ ကင်းသော စိတ်ဖြင့် အိမ်ကို အုပ်ချုပ်နေ၏၊ လွတ်လွတ် စွန့်လေ့ရှိ၏၊ ဆေးကြောပြီးသော လက်ရှိ၏၊ စွန့်ကြဲမှု၌ ပျော်ပိုက်၏၊ တောင်းခံသူတို့နှင့် ဆက်စပ်လျက် ရှိ၏၊ ပေးကမ်းခြင်း ဝေဖန်ခြင်း၌ ပျော်ပိုက်၏။

သမဏဗြာဟ္မဏတို့သည် ထိုသူ၏ ဂုဏ်သတင်းကို အရပ်လေးမျက်နှာတို့၌ ပြောဆိုကုန်၏— “ဤမည်သော ရွာနိဂုံး၌ (ဤမည်သော) ယောကျာ်းသည်လည်းကောင်း၊ မိန်းမသည်လည်းကောင်း ဘုရားတရား သံဃာကို ကိုးကွယ်ဆည်းကပ်၏၊ သူ့အသက်သတ်ခြင်း, မပေးသည်ကို ယူခြင်း, ကာမတို့၌ မှားယွင်းစွာ လွန်ကျူးခြင်း, မဟုတ်မမှန် ပြောဆိုခြင်း, မေ့လျော့ကြောင်းဖြစ်သော သေအရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်၏၊ သီလရှိ၏၊ ကောင်းသော သဘောရှိ၏၊ ဝန်တိုခြင်းဟူသော အညစ်အကြေးမှ ကင်းသော စိတ်ဖြင့် အိမ်ကို အုပ်ချုပ်နေ၏၊ လွတ်လွတ် စွန့်ကြဲလေ့ရှိ၏၊ ဆေးကြောပြီးသော လက်ရှိ၏၊ စွန့်ကြဲမှု၌ ပျော်ပိုက်၏၊ တောင်းခံသူတို့နှင့် ဆက်စပ်လျက် ရှိ၏၊ ပေးကမ်းခြင်း ဝေဖန်ခြင်း၌ ပျော် ပိုက်၏”ဟု (ပြောဆိုကြကုန်၏)။

နတ်တို့သည်လည်း ထိုသူ၏ ဂုဏ်သတင်းကို ပြောဆိုကြကုန်၏— “ဤမည်သော ရွာနိဂုံး၌ (ဤမည်သော) ယောကျာ်းသည်လည်းကောင်း၊ မိန်းမသည်လည်းကောင်း ဘုရားတရား သံဃာကို ကိုးကွယ် ဆည်းကပ်၏၊ သူ့ အသက်သတ်ခြင်း။ပ။ မေ့လျော့ကြောင်းဖြစ်သော သေအရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်၏၊ သီလရှိ၏၊ ကောင်းသော သဘောရှိ၏၊ ဝန်တိုခြင်းဟူသော အညစ်အကြေးမှ ကင်းသော စိတ်ဖြင့် အိမ်ကို အုပ်ချုပ်နေ၏၊ လွတ်လွတ် စွန့်ကြဲလေ့ရှိ၏၊ ဆေးကြောပြီးသော လက်ရှိ၏၊ စွန့်ကြဲမှု၌ ပျော်ပိုက်၏၊ တောင်းခံသူတို့နှင့် ဆက်စပ်လျက် ရှိ၏၊ ပေးကမ်းခြင်း ဝေဖန်ခြင်း၌ ပျော်ပိုက်၏”ဟု (ပြောဆိုကြကုန်၏)။ အာနန္ဒာ လေအောက်သို့လည်း ရနံ့သွားနိုင် လေညာသို့လည်း ရနံ့သွားနိုင် လေအောက် လေညာ နှစ်နေရာလုံးသို့လည်း ရနံ့သွားနိုင်သော နံ့သာမျိုးကား ဤ(ဆိုခဲ့ပြီး သရဏဂုံ, သီလ စသည်နှင့် ပြည့်စုံခြင်း) ဂုဏ်သတင်းပေတည်း။ ပန်းတို့၏ ရနံ့သည် လေညာသို့ မရောက်နိုင်၊ စန္ဒကူး တောင်စလပ် ကြက်ရုံး ပန်းတို့၏ ရနံ့သည်လည်း လေညာသို့ မရောက်နိုင်ကုန်၊ သူတော်ကောင်းတို့၏ ရနံ့သည်ကား လေညာသို့ ရောက်နိုင်၏၊ သူတော်ကောင်းသည်ကား အရပ်ဆယ် မျက်နှာအားလုံးတို့ကို ဂုဏ်သတင်းရနံ့ဖြင့် သင်းပျံ့လွှမ်းမိုးနိုင်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။