အင်္ဂုတ္တရနိကာယ်

(၈) ၃-အာနန္ဒဝဂ်

၁ဝ-စူဠနိုကာသုတ်

၈၁။ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား— “အသျှင်ဘုရား ဤစကားကို မြတ်စွာဘုရားအထံတော်မှ တပည့်တော် နာကြား မှတ်သားရဖူးပါသည်— ‘အာနန္ဒာ သိခီမြတ်စွာဘုရား၏ အဘိဘူအမည်ရှိသော သာဝကသည် ဗြဟ္မာ့ဘုံ၌ တည်လျက် လောကဓာတ်တစ်ထောင်ကို အသံဖြင့် ကြားသိစေနိုင်၏’ဟု (မှတ်သားရဖူးပါသည်)၊ အသျှင်ဘုရား ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည်ကား အဘယ်မျှလောက်သော အရပ်ကို အသံတော်ဖြင့် ကြားသိစေရန် စွမ်းနိုင်ပါသနည်း”ဟု လျှောက်၏။ အာနန္ဒာ ထို အဘိဘူသည် တပည့်သာဝကမျှ သာတည်း၊ မြတ်စွာဘုရားတို့သည်ကား မနှိုင်းယှဉ်အပ်သော ပုဂ္ဂိုလ်တို့ပေတည်းဟု (မိန့်တော်မူ၏)။

နှစ်ကြိမ်မြောက်လည်း အသျှင်အာနန္ဒာသည် “အသျှင်ဘုရား ဤစကားကို မြတ်စွာဘုရားအထံတော်မှ တပည့်တော် နာကြားမှတ်သားရဖူးပါသည် ‘အာနန္ဒာ သိခီမြတ်စွာဘုရား၏ အဘိဘူ အမည် ရှိသော သာဝကသည် ဗြဟ္မာ့ဘုံ၌ တည်လျက် လောကဓာတ်တစ်ထောင်ကို အသံဖြင့် ကြားသိစေနိုင်၏’ဟု (မှတ်သားရဖူးပါသည်)၊ အသျှင်ဘုရား ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည်ကား အဘယ်မျှလောက်သော အရပ်ကို အသံတော်ဖြင့် ကြားသိနိုင်စေရန် စွမ်းနိုင်ပါသနည်း”ဟု လျှောက်၏။ အာနန္ဒာ ထို အဘိဘူသည် တပည့်သာဝကမျှ သာတည်း၊ မြတ်စွာဘုရားတို့သည်ကား မနှိုင်းယှဉ်အပ်သော ပုဂ္ဂိုလ်တို့ပေတည်းဟု (မိန့်တော်မူ၏)။

သုံးကြိမ်မြောက်လည်း အသျှင်အာနန္ဒာသည် “အသျှင်ဘုရား ဤစကားကို မြတ်စွာဘုရားအထံတော်မှ တပည့်တော် နာကြားမှတ်သားရဖူးပါသည် ‘အာနန္ဒာ သိခီမြတ်စွာဘုရား၏ အဘိဘူအမည်ရှိသော သာဝကသည် ဗြဟ္မာဘုံ၌ တည်လျက် လောကဓာတ်တစ်ထောင်ကို အသံဖြင့် ကြားသိစေနိုင်၏’ဟု (မှတ်သားရဖူးပါသည်)၊ အသျှင်ဘုရား ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည်ကား အဘယ်မျှလောက်သော အရပ်ကို အသံတော်ဖြင့် ကြားသိနိုင်စေရန် စွမ်းနိုင်ပါသနည်း”ဟု လျှောက်၏။ အာနန္ဒာ (စကြဝဠာ) တစ်ထောင်ရှိ စူဠနိကာ လောကဓာတ် (လောကဓာတ်ငယ်) ကို သင်ကြားဖူး၏ လောဟု (မေးတော်မူ၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရား ထို (စူဠနိကာလောကဓာတ်) ကို ဟောချိန်တန်ပါပြီ၊ ကောင်းသော စကားကို ဆိုတော်မူ တတ်သော မြတ်စွာဘုရား ထို (စူဠနိကာလောကဓာတ်) ကို ဟောချိန်တန်ပါပြီ၊ မြတ်စွာဘုရား ဟောတော်မူမည့် စူဠနိကာလောကဓာတ်ကို မြတ်စွာဘုရား အထံတော်မှ ကြားနာရ၍ ရဟန်းတို့သည် မှတ်သား ဆောင်ထားကြရပါလိမ့်မည်ဟု (လျှောက်၏)။ အာနန္ဒာ သို့ဖြစ်လျှင် နာကြားလော့၊ ကောင်းစွာ နှလုံး သွင်းလော့၊ ဟောပေအံ့ဟု (မိန့်တော်မူ၏)။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—

အာနန္ဒာ လ နေတို့ လှည့်လည်လျက် အရပ်မျက်နှာတို့ ထွန်းလင်းတောက်ပရာ (စကြဝဠာ) တစ်ခု အပိုင်းအခြားကို တစ်ထောင်ဖြင့် မြှောက်ယူရသော လောကသည် ရှိ၏၊ ထို လောကဓာတ်တစ်ထောင်၌ လတစ်ထောင် နေတစ်တောင် မြင်းမိုရ်တောင်မင်းတစ်ထောင် ဇမ္ဗူဒိပ် ‘တောင်’ ကျွန်းတစ်ထောင် အပရ ဂေါယာန ‘အနောက်’ ကျွန်းတစ်ထောင် ဥတ္တရကုရု’မြောက်’ ကျွန်းတစ်ထောင် ပုဗ္ဗဝိဒေဟ’အရှေ့’ ကျွန်း တစ်ထောင် မဟာသမုဒ္ဒရာလေးထောင် နတ်မင်းကြီးလေးထောင် စာတုမဟာရာဇ်နတ်ဘုံတစ်ထောင့်တာဝတိံသာနတ်ဘုံတစ်ထောင် ယာမာနတ်ဘုံတစ်ထောင် တုသိတာနတ်ဘုံတစ်ထောင် နိမ္မာနရတိနတ်ဘုံ တစ်ထောင် ပရနိမ္မိတဝသဝတ္တီနတ်ဘုံတစ်ထောင် ဗြဟ္မာဘုံတစ်ထောင် ရှိ၏။ အာနန္ဒာ ဤလောကဓာတ် ကို တစ်ထောင်ဖြင့် မြှောက်ခြင်းရှိသော စူဠနိကာလောကဓာတ်ဟု ဆိုအပ်၏။ အာနန္ဒာ တစ်ထောင်ဖြင့် မြှောက်ခြင်းရှိသော စူဠနိကာလောကဓာတ်တစ်ခု အပိုင်းအခြားကို တစ်ထောင်ဖြင့် မြှောက်ယူရသော လောကသည် ရှိ၏။ အာနန္ဒာ ဤလောကဓာတ်ကို နှစ်ကြိမ်မြောက် တစ်ထောင်ဖြင့် မြှောက်ခြင်းရှိသော မဇ္ဈိမိကာ လောကဓာတ်ဟု ဆိုအပ်၏။

အာနန္ဒာ နှစ်ကြိမ်မြောက် တစ်ထောင်ဖြင့် မြှောက်ခြင်းရှိသော မဇ္ဈိမိကာလောကဓာတ် တစ်ခုကို တစ်ထောင်ဖြင့် မြှောက်ယူရသော လောကသည် ရှိ၏။ အာနန္ဒာ ဤလောကဓာတ်ကို သုံးကြိမ်သုံးခါ ထောင်များစွာ မြှောက်ခြင်းရှိသော မဟာလောကဓာတ်၁ဟု ဆိုအပ်၏။ အာနန္ဒာ မြတ်စွာဘုရားသည် အလိုတော်ရှိသော် (စကြဝဠာကုဋေတစ်သိန်းရှိ) မဟာလောကဓာတ်ကို အသံဖြင့် ကြားသိစေနိုင်၏၊ ထို့ထက် အလွန်လည်း အလိုရှိရာ အရပ်အပိုင်းအခြားကို ကြားသိစေနိုင်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား မြတ်စွာဘုရားသည် အဘယ်သို့လျှင် စကြဝဠာ ကုဋေတစ်သိန်းရှိ မဟာလောကဓာတ်ကို အသံဖြင့် ကြားသိစေတော်မူပါသနည်း၊ ထို့ထက်အလွန်လည်း အလိုရှိရာ အရပ်အပိုင်းအခြားကို ကြားသိစေနိုင်ပါသနည်းဟု (လျှောက်၏)။ အာနန္ဒာ မြတ်စွာဘုရားသည် အကြင် အခါ၌ (စကြဝဠာ ကုဋေ တစ်သိန်းရှိ) မဟာလောကဓာတ်ကို အရောင်အလင်းဖြင့် နှံ့စေရာ၏၊ ထိုအခါ ထို သတ္တဝါတို့သည် ထို အရောင်အလင်းကို သိကုန်ရာ၏၊ ထို့နောက် မြတ်စွာဘုရားသည် ကြွေးကြော်သံကို ပြုရာ၏၊ အသံကို ကြားစေနိုင်ရာ၏။ အာနန္ဒာ ဤသို့လျှင် မြတ်စွာဘုရားသည် (စကြဝဠာ ကုဋေတစ်သိန်းရှိ) မဟာ လောကဓာတ်ကို အသံဖြင့် ကြားသိစေနိုင်၏၊ ထို့ထက် အလွန်လည်း အလိုရှိရာ အရပ်အပိုင်းအခြားကို ကြားသိစေနိုင်၏ဟု (မိန့်တော်မူ၏)။

ဤသို့ မိန့်တော်မူသော် အသျှင်အာနန္ဒာသည် အသျှင်ဥဒါယီ (လာဠုဒါယီ) မထေရ်အား ဤသို့ ပြောဆို၏— “ငါ့အား အရတော်လေစွတကား ငါသည် ကောင်းစွာ ရအပ်ပေသည်တကား၊ ငါ၏ဆရာ မြတ်စွာဘုရားသည် ဤသို့ တန်ခိုးအာနုဘော် ရှိပါပေသည်”ဟု (ဆို၏)။ အသျှင်အာနန္ဒာ ဤသို့ ဆိုသော် ဥဒါယီသည် အသျှင်အာနန္ဒာအား “ငါ့သျှင်အာနန္ဒာ သင်၏ဆရာ မြတ်စွာဘုရားသည် ဤသို့ ကြီးသော တန်ခိုးအာနုဘော် ရှိခြင်းသည် သင့်အား အဘယ်အကျိုးရှိပါသနည်း”ဟု (ဆို၏)။ ဤသို့ ဆိုသော် အသျှင်ဥဒါယီအား မြတ်စွာဘုရားသည် “ဥဒါယီ ဤသို့ မဆိုလင့်၊ ဥဒါယီ ဤသို့ မဆိုလင့်။ ဥဒါယီ အာနန္ဒာသည် တပ်မက်ခြင်း ‘ရာဂ’ မကင်းသေးဘဲ အကယ်၍ သေသွားခဲ့လျှင် (ငါဘုရား၌) ကြည်ညိုနေသော ထို စိတ်ကြောင့် ခုနစ်ကြိမ်တိုင်တိုင် နတ်ပြည်တို့၌ နတ်မင်း ဖြစ်နိုင်၏၊ ခုနစ်ကြိမ်တိုင်တိုင် ဤဇမ္ဗူဒိပ်ကျွန်း၌ပင် ကြီးမြတ်သော စကြဝတေးမင်း ဖြစ်နိုင်၏။ ဥဒါယီ စင်စစ်သော်ကား အာနန္ဒာသည် ယခုဘဝ၌ပင် ပရိနိဗ္ဗာန်ပြုလတ္တံ့”ဟု မိန့်တော်မူ၏။

ဒသမသုတ်။

သုံးခုမြောက် အာနန္ဒဝဂ် ပြီး၏။

၁။ စကြဝဠာတစ်ခုတည်၊ စကြဝဠာတစ်ထောင်ဖြင့် မြှောက်၊ စူဠနိကာလောကဓာတ် တစ်ခုဖြစ်၏။ စူဠနိကာလောကဓာတ် တစ်ခု (စကြဝဠာတစ်ထောင်) တည်၊ စကြဝဠာတစ်ထောင်ဖြင့် မြှောက်၊ မဇ္ဈိမိကာလောကဓာတ်တစ်ခု (စကြဝဠာတစ်သန်း) ဖြစ်၏။ မဇ္ဈိမိကာလောကဓာတ် တစ်ခု (စကြဝဠာတစ်သန်း) တည်၊ စူဠနိကာလောကဓာတ်တစ်ထောင် (စကြဝဠာတစ်သန်း) ဖြင့် မြှောက်၊ မဟာလောကဓာတ်တစ်ခု (စကြဝဠာကုဋေတစ်သိန်း) ဖြစ်၏။