အင်္ဂုတ္တရနိကာယ်

(၁ဝ) ၅-လောဏကပလ္လဝဂ်

၆-ဒုတိယ အာဇာနီယသုတ်

၉၈။ ရဟန်းတို့ မင်း၏ အင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော အာဇာနည်မြင်းကောင်းသည် မင်းအား ထိုက်၏၊ မင်း၏ အသုံးအဆောင်ဖြစ်၏၊ မင်း၏ အင်္ဂါအစိတ်အပိုင်းဟူ၍သာလျှင် ရေတွက်ခြင်းသို့ ရောက်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤလောက၌ မင်း၏ အာဇာနည်မြင်းကောင်းသည် အဆင်းနှင့်လည်း ပြည့်စုံ၏၊ ခွန်အားနှင့်လည်း ပြည့်စုံ၏၊ လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ၏။ ရဟန်းတို့ မင်း၏ အင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော အာဇာနည်မြင်းကောင်းသည် မင်းအား ထိုက်၏၊ မင်း၏ အသုံး အဆောင်ဖြစ်၏၊ မင်း၏ အင်္ဂါအစိတ်အပိုင်းဟူ၍သာလျှင် ရေတွက်ခြင်းသို့ ရောက်၏။ ရဟန်းတို့ ဤအတူ သာလျှင်တရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူ ပူဇော်ရန် ထိုက်၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်၏။ အဘယ် သုံးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အဆင်းနှင့်လည်း ပြည့်စုံ၏၊ ခွန်အား နှင့်လည်း ပြည့်စုံ၏၊ လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ၏။

ရဟန်းတို့ ရဟန်းသည် အဘယ်သို့လျှင် အဆင်းနှင့် ပြည့်စုံသနည်း၊ ရဟန်းတို့ ဤသာသနာ တော်၌ ရဟန်းသည် သီလရှိ၏။ပ။ သိက္ခာပုဒ်တို့၌ ဆောက်တည်၍ ကျင့်၏၊ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အဆင်းနှင့် ပြည့်စုံ၏။

ရဟန်းတို့ ရဟန်းသည် အဘယ်သို့လျှင် ခွန်အားနှင့် ပြည့်စုံသနည်း၊ ရဟန်းတို့ ဤသာသနာ တော်၌ ရဟန်းသည် အကုသိုလ်တရားတို့ကို ပယ်ခြင်းငှါ ကုသိုလ်တရားတို့ကို ပြည့်စုံစေခြင်းငှါ ထက်သန် သော လုံ့လရှိသည်ဖြစ်၍ အားအစွမ်းရှိ၏၊ မြဲမြံသော လုံ့လရှိ၏၊ ကုသိုလ်တရားတို့၌ တာဝန်ကို ပစ်ချထားခြင်း မရှိ။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ခွန်အားနှင့် ပြည့်စုံ၏။

ရဟန်းတို့ ရဟန်းသည် အဘယ်သို့လျှင် လျင်မြန်ခြင်းနှင့် ပြည့်စုံသနည်း၊ ရဟန်းတို့ ဤသာသနာ တော်၌ ရဟန်းသည် အောက် (ကာမဘုံ) ၌ (ပဋိသန္ဓေနေခြင်း) အဖို့ရှိသည့် ငါးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် ဗြဟ္မာ့ဘုံ၌ ဥပပါတ် ပဋိသန္ဓေနေပြီးလျှင် ထို (ဘုံ) ၌သာလျှင် ပရိနိဗ္ဗာန်ပြု၍ ထို (ဘုံ) မှ ပြန်လည်ခြင်းသဘော မရှိသော အနာဂါမ်ဖြစ်၏၊ ဥပပါတ်ပဋိသန္ဓေဖြစ်၍ ထို ဗြဟ္မာ့ဘုံ၌ပင် ပရိနိဗ္ဗာန်ပြု၏၊ ထို ဗြဟ္မာ့ဘုံမှ ပြန်လည်ခြင်းသဘော မရှိပြီ။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် လျင်မြန်ခြင်းနှင့် ပြည့်စုံ၏။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။