အင်္ဂုတ္တရနိကာယ်
(၁ဝ) ၅-လောဏကပလ္လဝဂ်
၇-တတိယ အာဇာနီယသုတ်
၉၉။ ရဟန်းတို့ မင်း၏ အင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော အာဇာနည်မြင်းကောင်းသည် မင်းအား ထိုက်၏၊ မင်း၏ အသုံးအဆောင် ဖြစ်၏၊ မင်း၏ အင်္ဂါအစိတ်အပိုင်းဟူ၍သာလျှင် ရေတွက်ခြင်းသို့ ရောက်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤလောက၌ မင်း၏ အာဇာနည်မြင်းကောင်းသည် အဆင်းနှင့်လည်း ပြည့်စုံ၏၊ ခွန်အားနှင့်လည်း ပြည့်စုံ၏၊ လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ၏။ ရဟန်းတို့ မင်း၏ ဤအင်္ဂါသုံးမျိုးနှင့် ပြည့်စုံသော အာဇာနည်မြင်းကောင်းသည် မင်းအား ထိုက်၏၊ မင်း၏ အသုံး အဆောင်ဖြစ်၏၊ မင်း၏ အင်္ဂါအစိတ်အပိုင်းဟူ၍ သာလျှင် ရေတွက်ခြင်းသို့ ရောက်၏။ ရဟန်းတို့ ဤအတူသာလျှင်တရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်၏၊ ဧည့်သည်တို့အလို့ငှါ စီမံထားသော ဝတ္ထုကိုသော်လည်း ပေးလှူပူဇော်ရန့်ထိုက်၏၊ တမလွန်အတွက် ရည်မျှော်သော အလှူကို ခံထိုက်၏၊ လက်အုပ်ချီခြင်းငှါ ထိုက်၏၊ သတ္တဝါ အပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အဆင်းနှင့်လည်း ပြည့်စုံ၏၊ ခွန်အားနှင့်လည်း ပြည့်စုံ၏၊ လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ၏။
ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အဆင်းနှင့် ပြည့်စုံသနည်း၊ ရဟန်းတို့ ဤသာသနာ တော်၌ ရဟန်းသည် သီလရှိ၏။ ပါတိမောက္ခသံဝရသီလကို စောင့်စည်းလျက် နေ၏၊ အကျင့် ‘အာစာရ’ ကျက်စားရာ ‘ဂေါစရ’ နှင့် ပြည့်စုံ၏၊ အနည်းငယ်မျှသော အပြစ်တို့၌သော်လည်း ဘေးဟု ရှုလေ့ရှိ၏၊ သိက္ခာပုဒ်တို့၌ ဆောက်တည်၍ ကျင့်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အဆင်းနှင့် ပြည့်စုံ၏။
ရဟန်းတို့ ရဟန်းသည် အဘယ်သို့လျှင် ခွန်အားနှင့် ပြည့်စုံသနည်း၊ ရဟန်းတို့ ဤသာသနာ တော်၌ ရဟန်းသည် အကုသိုလ်တရားတို့ကို ပယ်ခြင်းငှါ ကုသိုလ်တရားတို့ကို ပြည့်စုံစေခြင်းငှါ ထက်သန် သော လုံ့လရှိသည်ဖြစ်၍ နေ၏၊ အားအစွမ်းရှိ၏၊ မြဲမြံသော အားထုတ်ခြင်းရှိ၏၊ ကုသိုလ်တရားတို့၌ တာဝန်ကို ပစ်ချထားခြင်း မရှိ။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ခွန်အားနှင့် ပြည့်စုံ၏။
ရဟန်းတို့ ရဟန်းသည် အဘယ်သို့လျှင် လျင်မြန်ခြင်းနှင့် ပြည့်စုံသနည်း၊ ရဟန်းတို့ ဤသာသနာ တော်၌ ရဟန်းသည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်နှင့် လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာကို ယခုဘဝ၌ပင်လျှင် ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ပြုလျက် ရောက်၍ နေ၏။ ဤသို့လျှင် ရဟန်းသည် လျင်မြန်ခြင်းနှင့် ပြည့်စုံ၏။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် (အရပ်ဝေးမှ) ဆောင်လာ၍ သော်လည်း ပေးလှူပူဇော်ရန် ထိုက်၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေ ဖြစ်၏ဟု (မိန့်တော်မူ၏)။
သတ္တမသုတ်။