အင်္ဂုတ္တရနိကာယ်
(၁ဝ) ၅-လောဏကပလ္လဝဂ်
၈-ပေါတ္ထကသုတ်
၁ဝဝ။ ရဟန်းတို့ လျှော်မျှင်ပုဆိုးသစ်သည် အဆင်းလည်း မလှ၊ အတွေ့လည်း ကြမ်းတမ်း၏၊ အဖိုးလည်း မတန်။ ရဟန်းတို့ လျှော်မျှင်ပုဆိုးတစ်ပတ်ရစ်သည်လည်း အဆင်းလည်း မလှ၊ အတွေ့လည်း ကြမ်းတမ်း၏၊ အဖိုးလည်း မတန်။ ရဟန်းတို့ လျှော်မျှင်ပုဆိုးဟောင်းသည်လည်း အဆင်းလည်း မလှ၊ အတွေ့လည်း ကြမ်းတမ်း၏၊ အဖိုးလည်း မတန်။ ရဟန်းတို့ လျှော်မျှင်ပုဆိုးဟောင်းကို လက်နှီးသော်လည်း ပြုလုပ်ကြကုန်၏၊ အမှိုက်ပုံ၌သော်လည်း စွန့်ပစ်ကြကုန်၏။
ရဟန်းတို့ ဤအတူသာလျှင် သီတင်းငယ်ဖြစ်သော ရဟန်းသည်လည်း အကယ်၍ သီလမရှိသူ၊ သဘောယုတ်သူ ဖြစ်အံ့၊ ဤ(သီလမရှိ, သဘောယုတ်သည့်) အဖြစ်ကို ထို သီတင်းငယ်ရဟန်း၏ အဆင်း မလှသည့် အဖြစ်ဖြင့် ငါဆို၏။ ရဟန်းတို့ ထို လျှော်မျှင်ပုဆိုးသစ်သည် အဆင်းမလှသကဲ့သို့၊ ဤပုဂ္ဂိုလ်ကို ထို (လျှော်မျှင်ပုဆိုးသစ်)လျှင် ဥပမာရှိ၏ဟု ငါဆို၏။ ထို သီလမရှိသော ရဟန်းအား မှီဝဲဆည်းကပ် လုပ်ကျွေး အတုလိုက်သော ပုဂ္ဂိုလ်တို့အား ထိုမှီဝဲဆည်းကပ်ခြင်းစသည်သည် ရှည်စွာသော ကာလပတ်လုံး အစီးအပွါးမဲ့ခြင်း ဆင်းရဲခြင်းငှါ ဖြစ်၏။ ဤရှည်စွာသော ကာလပတ်လုံး အစီးအပွါးမဲ့ခြင်း ဆင်းရဲခြင်းကို ထိုရဟန်း၏ အတွေ့ကြမ်းတမ်းသည့် အဖြစ်ဖြင့် ငါဆို၏။ ရဟန်းတို့ ထို လျှော်မျှင်ပုဆိုးသစ်သည် အတွေ့ ကြမ်းတမ်းသကဲ့သို့၊ ထိုပုဂ္ဂိုလ်ကို ထို လျှော်မျှင်ပုဆိုးသစ်လျှင် ဥပမာရှိ၏ဟု ငါဆို၏။ ထိုရဟန်းခံယူသော သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ အသုံးအဆောင် ဖြစ်သော ဆေးတို့ကို ပေးလှူသော ပုဂ္ဂိုလ်တို့၏ အလှူသည် ကြီးသော အာနိသင်မရှိ၊ ဤအလှူ၏ အကျိုးမကြီးသည့် အဖြစ်ကို ထို သီလ မရှိသော ရဟန်း၏ အဖိုးမတန်သည့် အဖြစ်ဖြင့် ငါဆို၏။ ရဟန်းတို့ ထို လျှော်မျှင်ပုဆိုးသစ်သည့်အဖိုးမတန်သကဲ့သို့ ဤပုဂ္ဂိုလ်ကို ထို (လျှော်မျှင်ပုဆိုးသစ်) လျှင် ဥပမာရှိ၏ဟု ငါဆို၏။ ရဟန်းတို့ သီတင်းလတ်ဖြစ်သော ရဟန်းသည်လည်း။ပ။ ရဟန်းတို့ သီတင်းကြီးဖြစ်သော ရဟန်းသည်လည်း အကယ်၍ သီလမရှိသူ၊ သဘောယုတ်သူ ဖြစ်အံ့၊ ဤ(သီလမရှိ, သဘောယုတ်သည့်) အဖြစ်ကို ထို သီတင်းကြီးရဟန်း၏ အဆင်းမလှသည့် အဖြစ်ဖြင့် ငါဆို၏။ ရဟန်းတို့ ထို လျှော်မျှင်ပုဆိုးသစ်သည် အဆင်းမလှသကဲ့သို့၊ ဤပုဂ္ဂိုလ်ကို ထို (လျှော်မျှင်ပုဆိုးသစ်) လျှင် ဥပမာရှိ၏ဟု ငါဆို၏။ ထို သီလမရှိသော ရဟန်းအား မှီဝဲဆည်းကပ် လုပ်ကျွေး အတုလိုက်သော ပုဂ္ဂိုလ်တို့အား ထိုမှီဝဲဆည်းကပ်ခြင်းစသည်သည် ရှည်စွာသော ကာလပတ်လုံး အစီးအပွါးမဲ့ခြင်း ဆင်းရဲခြင်းငှါ ဖြစ်၏။ ဤ(ရှည်စွာသော ကာလပတ်လုံး အစီးအပွါးမဲ့ခြင်း ဆင်းရဲခြင်း) ကို ထိုရဟန်း၏ အတွေ့ကြမ်းတမ်းသည့် အဖြစ်ဖြင့် ငါဆို၏။ ရဟန်းတို့ ထို လျှော်မျှင်ပုဆိုးသစ်သည် အတွေ့ကြမ်းတမ်းသကဲ့သို့၊ ထိုပုဂ္ဂိုလ်ကို ထို လျှော်မျှင်ပုဆိုးသစ်လျှင် ဥပမာ ရှိ၏ဟု ငါဆို၏။ ထိုရဟန်းခံယူသော သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ အသုံးအဆောင် ဖြစ်သော ဆေးတို့ကို ပေးလှူသော ပုဂ္ဂိုလ်တို့၏ အလှူသည် ကြီးသော အကျိုးအာနိသင်မရှိ။ ဤ(အလှူ၏ အကျိုးမကြီးသည့်) အဖြစ်ကို ထို သီလမရှိသော ရဟန်း၏ အဖိုးမတန်သည့် အဖြစ်ဖြင့် ငါဆို၏။ ရဟန်းတို့ ထို လျှော်မျှင်ပုဆိုးသစ်သည် အဖိုးမတန်သကဲ့သို့ ဤပုဂ္ဂိုလ်ကို ထို (လျှော်မျှင်ပုဆိုးသစ်) လျှင် ဥပမာရှိ၏ဟု ငါဆို၏။
ရဟန်းတို့ ဤသို့သဘောရှိသော သီတင်းကြီးရဟန်းသည် သံဃာ့အလယ်၌ စကားဆိုအံ့၊ ထို သီတင်းကြီးရဟန်းကို ရဟန်းတို့သည် “မိုက်မဲ မလိမ္မာသော သင်၏ စကားဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ သင် စင်လျက်လည်း စကားဆိုသင့်သည်ဟု မှတ်ထင်ဘိ၏”ဟူ၍ ပြောဆိုကုန်၏။ အမှိုက်ပုံ၌ ထို လျှော်မျှင်ပုဆိုးကို စွန့်ပစ်ဘိသကဲ့သို့ သံဃာက နှင်ထုတ်ကြောင်းသဘောရှိသော စကားကို ထို သီလ မရှိသော သီတင်းကြီးသည် အမျက်ထွက်ကာ နှလုံးမသာဘဲ မြွက်ဆို၏။
ရဟန်းတို့ ကာသိတိုင်းဖြစ်ပုဆိုးသစ်သည် အဆင်းလည်း လှ၏၊ အတွေ့လည်းကောင်း၏၊ အဖိုးလည်းတန်၏။ ရဟန်းတို့ ကာသိတိုင်းဖြစ်တစ်ပတ်ရစ်ပုဆိုးသည်လည်း အဆင်းလည်း လှ၏၊ အတွေ့လည်းကောင်း၏၊ အဖိုးလည်း တန်၏။ ရဟန်းတို့ ကာသိတိုင်းဖြစ်ဆွေးညစ်သော ပုဆိုးဟောင်းသည်လည်း အဆင်းလည်း လှ၏၊ အတွေ့လည်းကောင်း၏၊ အဖိုးလည်း တန်၏။ ရဟန်းတို့ ကာသိတိုင်းဖြစ်ပုဆိုးဟောင်းကို ရတနာထုပ်သော်လည်း ပြုလုပ်၏၊ နံ့သာကြုတ်၌သော်လည်း ထည့်ကုန်၏။
ရဟန်းတို့ ဤအတူသာလျှင် သီတင်းငယ်ရဟန်းသည်လည်း သီလရှိသူ၊ ကောင်းသောသဘောရှိသူ ဖြစ်အံ့၊ ဤ(သီလရှိ၍ ကောင်းသော သဘောရှိသည့်အဖြစ်) ကို ထိုရဟန်း၏ အဆင်းလှသောအဖြစ်ဖြင့် ငါဆို၏။ ရဟန်းတို့ ထို ကာသိတိုင်းဖြစ်ပုဆိုးသည် အဆင်းလှသကဲ့သို့၊ ဤပုဂ္ဂိုလ်ကို ထို ကာသိတိုင်းဖြစ်ပုဆိုးလျှင် ဥပမာရှိ၏ဟု ငါဆို၏။ ထို သီလရှိသော ရဟန်းအား မှီဝဲဆည်းကပ် လုပ်ကျွေးအတုလိုက်သော ပုဂ္ဂိုလ်အား ထိုသို့ မှီဝဲဆည်းကပ်ခြင်းစသည်သည် ရှည်စွာသော ကာလပတ်လုံး အစီးအပွါးရှိခြင်း ချမ်းသာခြင်းငှါ ဖြစ်၏၊ ဤ(ရှည်စွာသော ကာလပတ်လုံး အစီးအပွါးရှိခြင်း ချမ်းသာခြင်း) အဖြစ်ကို ထိုရဟန်း၏ အတွေ့ကောင်းသည့်အဖြစ်ဖြင့် ငါဆို၏။ ရဟန်းတို့ ကာသိတိုင်းဖြစ်ပုဆိုးသည် အတွေ့ ကောင်းသကဲ့သို့၊ ထိုပုဂ္ဂိုလ်ကို ထို (ကာသိတိုင်းဖြစ်ပုဆိုး) လျှင် ဥပမာရှိ၏ဟု ငါဆို၏။ ထိုရဟန်း ခံယူသော သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ အသုံးအဆောင်ဖြစ်သော ဆေးတို့ကို ပေးလှူသော လူတို့၏ အလှူသည် ကြီးသော အကျိုးအာနိသင် ရှိ၏။ ဤအလှူ၏ အကျိုးကြီးသည့် အဖြစ်ကို ထို သီလရှိသော ရဟန်း၏ အဖိုးများစွာ ထိုက်သည့်အဖြစ်ဖြင့် ငါဆို၏။ ရဟန်းတို့ ထို ကာသိတိုင်းဖြစ်ပုဆိုးသည် အဖိုးများစွာ ထိုက်သကဲ့သို့၊ ဤပုဂ္ဂိုလ်ကို ထို (ကာသိတိုင်းဖြစ်ပုဆိုး) လျှင် ဥပမာရှိ၏ဟု ငါဆို၏။ ရဟန်းတို့ သီတင်းလတ်ရဟန်းသည်လည်း။ပ။ သီတင်းကြီး ရဟန်းသည်လည်း့။ပ။ ငါဆို၏။
ရဟန်းတို့ ဤသို့သဘောရှိသော သီတင်းကြီးရဟန်းသည် သံဃာ့အလယ်၌ စကားဆိုအံ့၊ ထို သီတင်းကြီးကို ရဟန်းတို့သည် “အသျှင်တို့နည်းသော အသံရှိကြကုန်လော့၊ သီတင်းကြီးရဟန်းသည် သုတ် အဘိဓမ္မာ ဝိနည်းကို ရွတ်ဆိုနေ၏”ဟု ပြောဆိုကုန်၏။ ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ “ငါသည် ကာသိတိုင်းဖြစ်ပုဆိုးနှင့်တူစွာ ဖြစ်စေအံ့၊ ငါသည် လျှော်မျှင်ပုဆိုးနှင့်တူစွာ မဖြစ်စေအံ့”ဟု ကျင့်ရမည်။ ရဟန်းတို့ ဤအတိုင်းသာ သင်တို့ ကျင့်ရမည်ဟု (မိန့်တော်မူ၏)။
အဋ္ဌမသုတ်။