အင်္ဂုတ္တရနိကာယ်

(၁၁) ၁-ဝလာဟကဝဂ်

၂-ဒုတိယ ဝလာဟကသုတ်

၁ဝ၂။ ရဟန်းတို့ မိုးတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— ချုန်းသာ ချုန်း၍ မရွာသောမိုး၊ ရွာသာရွာ၍ မချုန်းသောမိုး၊ ချုန်းလည်းမချုန်း ရွာလည်းမရွာသောမိုး၊ ချုန်းလည်းချုန်း့ရွာလည်း ရွာသောမိုးတို့တည်း။ ရဟန်းတို့ မိုးတို့သည် ဤလေးမျိုးတို့တည်း။ ရဟန်းတို့ ဤအတူသာလျှင် မိုးနှင့်တူကုန်သော ပုဂ္ဂိုလ်လေးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။ အဘယ် လေးမျိုးတို့နည်းဟူမူ— ချုန်းသာချုန်း၍ မရွာသောပုဂ္ဂိုလ်၊ ရွာသာရွာ၍ မချုန်းသော ပုဂ္ဂိုလ်၊ ချုန်းလည်း မချုန်း ရွာလည်းမရွာသောပုဂ္ဂိုလ်၊ ချုန်းလည်းချုန်း ရွာလည်း ရွာသောပုဂ္ဂိုလ်တို့တည်း။

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ချုန်းသာချုန်း၍ မရွာသော ပုဂ္ဂိုလ်မည်သနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သုတ် ဂေယျ ဝေယျာကရဏ ဂါထာ ဥဒါန်း ဣတိဝုတ် ဇာတ် အဗ္ဘုတဓမ္မ ဝေဒလ္လဟူသော ဓမ္မကို သင်ကြား၏၊ ထို ုပုဂ္ဂိုလ်သည် “ဤကား ဆင်းရဲတည်း”ဟုဟုတ်တိုင်းမှန်စွာ မသိ၊ “ဤကား ဆင်းရဲဖြစ်ပေါ်ကြောင်းတည်း” ဟုဟုတ်တိုင်းမှန်စွာ မသိ၊ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်)တည်း”ဟုဟုတ်တိုင်းမှန်စွာ မသိ၊ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်တည်း”ဟုဟုတ်တိုင်းမှန်စွာ မသိ။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် ချုန်းသာ ချုန်း၍ မရွာသော ပုဂ္ဂိုလ်မည်၏။ ရဟန်းတို့ ထို မိုးသည် ချုန်းသာချုန်း၍ မရွာသကဲ့သို့ ဤပုဂ္ဂိုလ်ကို ထို မိုးနှင့် တူ၏ဟု ငါဆို၏။

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ရွာသာရွာ၍ မချုန်းသောပုဂ္ဂိုလ်မည်သနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သုတ် ဂေယျ ဝေယျာကရဏ ဂါထာ ဥဒါန်း ဣတိဝုတ် ဇာတ် အဗ္ဘုတဓမ္မ ဝေဒလ္လဟူသော ဓမ္မကို မသင်ကြား၊ ထို ုပုဂ္ဂိုလ်သည် “ဤကား ဆင်းရဲတည်း”ဟုဟုတ်တိုင်း မှန်စွာ သိ၏။ပ။ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်တည်း”ဟုဟုတ်တိုင်း မှန်စွာ သိ၏။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် ရွာသာရွာ၍ မချုန်းသော ပုဂ္ဂိုလ်မည်၏၊ ရဟန်းတို့ ထို မိုးသည် ရွာသာရွာ၍ မချုန်းသကဲ့သို့၊ ဤပုဂ္ဂိုလ်ကို ထို မိုးနှင့် တူ၏ဟု ငါဆို၏။

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ချုန်းလည်းမချုန်း ရွာလည်း မရွာသော ပုဂ္ဂိုလ် မည်သနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သုတ် ဂေယျ ဝေယျာကရဏ ဂါထာ ဥဒါန်း ဣတိဝုတ် ဇာတ် အဗ္ဘုတဓမ္မ ဝေဒလ္လဟူသော ဓမ္မကို မသင်ကြား၊ ထို ုပုဂ္ဂိုလ်သည် “ဤကား ဆင်းရဲတည်း”ဟုဟုတ်တိုင်းမှန်စွာ မသိ။ပ။ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်တည်း”ဟုဟုတ်တိုင်းမှန်စွာ မသိ။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် ချုန်းလည်း မချုန်း ရွာလည်းမရွာသော ပုဂ္ဂိုလ်မည်၏။ ရဟန်းတို့ ထို မိုးသည် ချုန်းလည်းမချုန်း ရွာလည်း မရွာသကဲ့သို့၊ ဤပုဂ္ဂိုလ်ကို ထို မိုးနှင့် တူ၏ဟု ငါဆို၏။

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ချုန်းလည်းချုန်း ရွာလည်းရွာသော ပုဂ္ဂိုလ်မည်သနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သုတ် ဂေယျ ဝေယျာကရဏ ဂါထာ ဥဒါန်း ဣတိဝုတ် ဇာတ် အဗ္ဘုတ ဓမ္မ ဝေဒလ္လဟူသော ဓမ္မကို သင်ကြား၏၊ ထိုပုဂ္ဂိုလ်သည် “ဤကား ဆင်းရဲတည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏။ပ။ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်တည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် ချုန်းလည်းချုန်း ရွာလည်းရွာသော ပုဂ္ဂိုလ် မည်၏၊ ရဟန်းတို့ ထို မိုးသည် ချုန်းလည်း ချုန်း ရွာလည်းရွာသကဲ့သို့၊ ဤပုဂ္ဂိုလ်ကို ထို မိုးနှင့်တူ၏ဟု ငါဆို၏။ ရဟန်းတို့ မိုးနှင့်တူသော ဤပုဂ္ဂိုလ်လေးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။