အင်္ဂုတ္တရနိကာယ်

(၁၂) ၂-ကေသိဝဂ်

၁-ကေသိသုတ်

၁၁၁။ ထိုအခါ မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေသော ကေသီမည်သော မြင်းဆရာအား မြတ်စွာဘုရားသည် “ကေသိ သင်သည်ကား မြင်းဆရာဟု ထင်ရှား၏၊ အဘယ်သို့လျှင် သင်သည် မြင်းရိုင်းကို ဆုံးမသနည်း”ဟု မိန့်တော်မူ၏။ အသျှင်ဘုရား အကျွန်ုပ်သည် မြင်းရိုင်းကို အနုအားဖြင့်လည်း ဆုံးမပါ၏၊ အကြမ်းအားဖြင့်လည်း ဆုံးမပါ၏၊ အနု အကြမ်းအားဖြင့်လည်း ဆုံးမပါ၏ဟု (လျှောက်၏)။ ကေသိ အကယ်၍ သင်၏ မြင်းရိုင်းသည် အနုအားဖြင့်လည်း အဆုံး အမ မခံ၊ အကြမ်းအားဖြင့်လည်း အဆုံးအမ မခံ၊ အနု အကြမ်းအားဖြင့်လည်း အဆုံးအမ မခံလျှင် ထို မြင်းရိုင်းကို အဘယ်သို့ပြုသနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား အကျွန်ုပ်၏ မြင်းရိုင်းသည် အကယ်၍ အနုအားဖြင့်လည်း အဆုံးအမ မခံ၊ အကြမ်းအားဖြင့်လည်း အဆုံးအမ မခံ၊ အနု အကြမ်း အားဖြင့်လည်း အဆုံးအမ မခံခဲ့လျှင် ထို မြင်းရိုင်းကို သတ်ပစ်ပါသည်။ ထိုသို့ သတ်ခြင်းသည် အဘယ်ကြောင့်နည်းဟူမူ— အကျွန်ုပ်၏ ဆရာအမျိုးအနွယ်အား ဂုဏ်ကျေးဇူးမဲ့ မဖြစ်စေလိုသောကြောင့်ပါတည်း”ဟု (လျှောက်၏)။

အသျှင်ဘုရား မြတ်စွာဘုရားသည်ကား ဆုံးမထိုက်သူတို့ကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူပါ၏၊ အသျှင်ဘုရား အဘယ်သို့လျှင် မြတ်စွာဘုရားသည် ဆုံးမထိုက်သော သူကို ဆုံးမတော်မူပါ သနည်းဟု (လျှောက်၏)။ ကေသိ ငါသည်ကား ဆုံးမထိုက်သော သူတို့ကို အနုအားဖြင့်လည်း ဆုံးမ၏၊ အကြမ်းအားဖြင့်လည်း ဆုံးမ၏၊ အနု အကြမ်းအားဖြင့်လည်း ဆုံးမ၏၊

ကေသိ ထိုသို့ဆုံးမရာ၌ ဤကား အနုအားဖြင့် ဆုံးမပုံတည်း— ဤကား ကာယသုစရိုက်တည်း၊ ဤကား ကာယသုစရိုက်၏ အကျိုးတည်း၊ ဤကား ဝစီသုစရိုက်တည်း၊ ဤကား ဝစီသုစရိုက်၏ အကျိုးတည်း၊ ဤကား မနောသုစရိုက်တည်း၊ ဤကား မနောသုစရိုက်၏ အကျိုးတည်း၊ ဤကား နတ်တို့တည်း၊ ဤကား လူတို့တည်းဟု ဆုံးမ၏။

ကေသိ ထိုသို့ ဆုံးမရာ၌ ဤကား အကြမ်းအားဖြင့် ဆုံးမပုံတည်း— ဤကား ကာယဒုစရိုက်တည်း၊ ဤကား ကာယဒုစရိုက်၏ အကျိုးတည်း၊ ဤကား ဝစီဒုစရိုက်တည်း၊ ဤကား ဝစီဒုစရိုက်၏ အကျိုးတည်း၊ ဤကား မနောဒုစရိုက်တည်း၊ ဤကား မနောဒုစရိုက်၏ အကျိုးတည်း၊ ဤကား ငရဲတည်း၊ ဤကား တိရစ္ဆာန်မျိုးတည်း။ ဤကား ပြိတ္တာဘုံတည်းဟု ဆုံးမ၏။

ကေသိ ထိုသို့ ဆုံးမရာ၌ ဤသည်ကား အနု အကြမ်းအားဖြင့် ဆုံးမပုံတည်း— ဤကား ကာယ သုစရိုက်တည်း၊ ဤကား ကာယသုစရိုက်၏ အကျိုးတည်း၊ ဤကား ကာယဒုစရိုက်တည်း၊ ဤကား ကာယဒုစရိုက်၏ အကျိုးတည်း၊ ဤကား ဝစီသုစရိုက်တည်း၊ ဤကား ဝစီသုစရိုက်၏ အကျိုးတည်း၊ ဤကား ဝစီဒုစရိုက်တည်း၊ ဤကား ဝစီဒုစရိုက်၏ အကျိုးတည်း၊ ဤကား မနောသုစရိုက်တည်း၊ ဤကား မနောသုစရိုက်၏ အကျိုးတည်း၊ ဤကား မနောဒုစရိုက်တည်း၊ ဤကား မနောဒုစရိုက်၏ အကျိုးတည်း၊ ဤကား နတ်တို့တည်း၊ ဤကား လူတို့တည်း၊ ဤကား ငရဲတို့တည်း၊ ဤကား တိရစ္ဆာန်မျိုးတည်း၊ ဤကား ပြိတ္တာဘုံတည်းဟု ဆုံးမ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား အကယ်၍ အသျှင်ဘုရား၏ ဆုံးမထိုက်သူသည် အနုအားဖြင့်လည်း အဆုံးအမ မခံ၊ အကြမ်းအားဖြင့်လည်း အဆုံးအမ မခံ၊ အနုအကြမ်းအားဖြင့်လည်း အဆုံးအမ မခံခဲ့လျှင် မြတ်စွာဘုရားသည် ထိုသူကို အဘယ်သို့လျှင် ပြုလုပ်ပါသနည်းဟု (လျှောက်၏)။ ကေသိ ငါ၏ ဆုံးမထိုက်သူသည် အကယ်၍ အနုအားဖြင့်လည်း အဆုံးအမ မခံ၊ အကြမ်းအားဖြင့်လည်း အဆုံးအမ မခံ၊ အနု အကြမ်း အားဖြင့်လည်း အဆုံးအမ မခံခဲ့လျှင် ထိုသူကို ငါသည် သတ်ပစ်၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား မြတ်စွာဘုရားအား သူ့အသက်သတ်ခြင်းသည် မအပ်သည်သာ မဟုတ်ပါလော၊ ထိုသို့ ဖြစ်ပါလျက် မြတ်စွာဘုရားသည် “ကေသိ ထိုသူကို ငါသည် သတ်ပစ်၏”ဟု မိန့်တော်မူဘိ၏ဟု (လျှောက်၏)။

ကေသိ မှန်ပေ၏၊ မြတ်စွာဘုရားအား သူ့အသက်ကို သတ်ခြင်းသည် မအပ်သည်သာတည်း၊ စင်စစ်သော် ကား ထို ဆုံးမထိုက်သူသည် အကယ်၍ အနုအားဖြင့်လည်း အဆုံးအမ မခံ၊ အကြမ်းအားဖြင့်လည်း့အဆုံးအမ မခံ၊ အနုအကြမ်းအားဖြင့်လည်း အဆုံးအမ မခံခဲ့လျှင် ထိုသူကို မြတ်စွာဘုရားသည် ပြောဆို ဆုံးမထိုက်သူဟူ၍ အသိအမှတ် မပြုတော့ပေ၊ ပညာရှိ သီတင်းသုံးဖော်တို့ကလည်း ပြောဆို ဆုံးမထိုက်သူဟူ၍ အသိအမှတ် မပြုကြကုန်။ ယင်းသို့ အသိအမှတ် မပြုကြခြင်းသည်ပင် မြတ်စွာဘုရား အဆုံးအမ တော်၌ သတ်ပစ်လိုက်သည် မည်ပေ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား မြတ်စွာဘုရားက ပြောဆိုဆုံးမထိုက်သူဟူ၍ အသိအမှတ် မပြု၊ ပညာရှိ သီတင်း သုံးဖော်တို့ကလည်း ပြောဆိုဆုံးမထိုက်သူဟူ၍ အသိအမှတ် မပြုကြခြင်းသည်ပင် စင်စစ် ကောင်းစွာ သတ်ပစ်လိုက်သည် မည်ပါပေ၏။ အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏။ပ။ အသျှင်ဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါဟု (လျှောက်၏)။

ပဌမသုတ်။