အင်္ဂုတ္တရနိကာယ်

၂-စရဝဂ်

၂-သီလသုတ်

၁၂။ ရဟန်းတို့ သီလနှင့်ပြည့်စုံကုန် ပါတိမောက်လာ သိက္ခာပုဒ်တို့နှင့် ပြည့်စုံကုန်သည်ဖြစ်၍ နေကြကုန်လော့၊ ပါတိမောက်လာ သိက္ခာပုဒ်တို့ကို စောင့်ထိန်းကုန် အကျင့် ‘အာစာရ’ ကျက်စားရာ ‘ဂေါစာရ’ နှင့် ပြည့်စုံကုန်သည်ဖြစ်၍ နေကြကုန်လော့၊ သေးငယ်သော အပြစ်တို့၌သော်လည်း ဘေးဟု ရှုလေ့ရှိကုန်လျက် သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်ကြကုန်လော့၊ ရဟန်းတို့ သီလနှင့် ပြည့်စုံကုန် ပါတိမောက်လာသိက္ခာပုဒ်တို့နှင့် ပြည့်စုံကုန်သည်ဖြစ်၍ နေကြကုန်သော ပါတိမောက်လာ သိက္ခာပုဒ်တို့ကို စောင့်ထိန်းကုန် အကျင့် ‘အာစာရ’ ကျက်စားရာ ‘ဂေါစရ’ နှင့် ပြည့်စုံကုန်သည်ဖြစ်၍ နေကြကုန်သော သေးငယ်သော အပြစ်တို့၌သော်လည်း ဘေးဟု ရှုလေ့ရှိကုန်လျက် သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်ကုန်သော သင်တို့အား အထက်၌ ပြုရမည့် ကိစ္စသည် အဘယ်အရာ ဖြစ်သနည်း။

ရဟန်းတို့ ရဟန်းအား သွားနေစဉ် အကယ်၍ မက်မောခြင်း ‘အဘိဇ္ဈာ’ ပျက်စီးစေလိုခြင်း ‘ဗျာပါဒ’ ကင်းသည်ဖြစ်မူ၊ လေးလံထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ ပျံ ့လွင့်ခြင်း နောင်တ တစ်ဖန်ပူပန်ခြင်း ‘ဥဒ္ဓစ္စ ကုက္ကုစ္စ’ မဝေခွဲနိုင်ခြင်း ‘ဝိစိကိစ္ဆာ’ ကို ပယ်အပ်သည်ဖြစ်မူ၊ မတွန့်တိုသော လုံ့လရှိသည် ဖြစ်မူ၊ မမေ့ မလျော့သော သတိထင်သည် ဖြစ်မူ၊ ကိုယ်သည် ပူလောင်ခြင်းမရှိ ငြိမ်းအေးမူ၊ စိတ်သည် တစ်ခုတည်းသော အာရုံရှိသည်ဖြစ်၍ တည်ကြည်မူ၊ ရဟန်းတို့ သွားနေစဉ်လည်း ဤသို့ဖြစ်သော ရဟန်းကို ပြင်းစွာ အားထုတ်သူ (မကောင်းမှုမှ) ထိတ်လန့်ခြင်းရှိသူ “အမြဲမပြတ် ထက်သန်သော လုံ့လရှိ၍ (နိဗ္ဗာန်သို့) စေလွှတ်ထားသော စိတ်ရှိသူ”ဟု ဆိုအပ်၏။

ရဟန်းတို့ ရဟန်းအား ရပ်နေစဉ် အကယ်၍ မက်မောခြင်း ‘အဘိဇ္ဈာ’ ပျက်စီးစေလိုခြင်း ‘ဗျာပါဒ’ ကင်းသည်ဖြစ်မူ၊ လေးလံထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ ပျံ ့လွင့်ခြင်း နောင်တ တစ်ဖန် ပူပန်ခြင်း ‘ဥဒ္ဓစ္စကုက္ကုစ္စ’ မဝေခွဲနိုင်ခြင်း ‘ဝိစိကိစ္ဆာ’ကို ပယ်အပ်သည် ဖြစ်မူ၊ မတွန့်တိုသော လုံ့လရှိသည် ဖြစ်မူ၊ မမေ့မလျော့သော သတိ ထင်သည် ဖြစ်မူ၊ ကိုယ်သည် ပူလောင်ခြင်းမရှိ ငြိမ်းအေးမူ၊ စိတ်သည် တစ်ခုတည်းသော အာရုံရှိသည်ဖြစ်၍ တည်ကြည်မူ၊ ရဟန်းတို့ ရပ်နေစဉ်လည်း ဤသို့ဖြစ်သော ရဟန်းကို ပြင်းစွာ အားထုတ်သူ (မကောင်းမှုမှ) ထိတ်လန့်ခြင်းရှိသူ “အမြဲမပြတ် ထက်သန်သော လုံ့လရှိ၍ (နိဗ္ဗာန်သို့) စေလွှတ်ထားသော စိတ်ရှိသူ”ဟု ဆိုအပ်၏။

ရဟန်းတို့ ရဟန်းအား ထိုင်နေစဉ် အကယ်၍ မက်မောခြင်း ‘အဘိဇ္ဈာ’ ပျက်စီးစေလိုခြင်း ‘ဗျာပါဒ’ ကင်းသည်ဖြစ်မူ၊ လေးလံထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ ပျံ ့လွင့်ခြင်း နောင်တ တစ်ဖန် ပူပန်ခြင်း ‘ဥဒ္စစ္စကုက္ကုစ္စ’ မဝေခွဲနိုင်ခြင်း ‘ဝိစိကိစ္ဆာ’ ကို ပယ်အပ်သည်ဖြစ်မူ၊ မတွန့်တိုသော လုံ့လရှိသည်ဖြစ်မူ၊ မမေ့မလျော့သော သတိထင်သည် ဖြစ်မူ၊ ကိုယ်သည် ပူလောင်ခြင်းမရှိ ငြိမ်းအေးမူ၊ စိတ်သည် တစ်ခုတည်းသော အာရုံရှိသည်ဖြစ်၍ တည်ကြည်မူ၊ ရဟန်းတို့ ထိုင်နေစဉ်လည်း ဤသို့ဖြစ်သော ရဟန်းကို ပြင်းစွာ အားထုတ်သူ (မကောင်းမှုမှ) ထိတ်လန့်ခြင်းရှိသူ “အမြဲမပြတ် ထက်သန်သော လုံ့လရှိ၍ (နိဗ္ဗာန်သို့) စေလွှတ်ထားသော စိတ်ရှိသူ”ဟု ဆိုအပ်၏။

ရဟန်းတို့ နိုးကြားနေသော ရဟန်းအား လျောင်းနေစဉ် အကယ်၍ မက်မောခြင်း ‘အဘိဇ္ဈာ’ ပျက်စီးစေလိုခြင်း ‘ဗျာပါဒ’ ကင်းသည်ဖြစ်မူ၊ လေးလံထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ ပျံ ့လွင့်ခြင်း နောင်တ တစ်ဖန် ပူပန်ခြင်း ‘ဥဒ္စစ္စ ကုက္ကုစ္စ’ မဝေခွဲနိုင်ခြင်း ‘ဝိစိကိစ္ဆာ’ ကို ပယ်အပ်သည်ဖြစ်မူ၊ မတွန့်တိုသော လုံ့လရှိသည် ဖြစ်မူ၊ မမေ့မလျော့သော သတိထင်သည် ဖြစ်မူ၊ ကိုယ်သည် ပူလောင်ခြင်းမရှိ ငြိမ်းအေးမူ၊ စိတ်သည် တစ်ခုတည်းသော အာရုံရှိသည်ဖြစ်၍ တည်ကြည်မူ၊ ရဟန်းတို့ လျောင်းနေစဉ်လည်း ဤသို့ ဖြစ်သော နိုးကြားနေသော ရဟန်းကို ပြင်းစွာ အားထုတ်သူ (မကောင်းမှုမှ) ထိတ်လန့်ခြင်းရှိသူ “အမြဲ မပြတ် ထက်သန်သော လုံ့လရှိ၍ (နိဗ္ဗာန်သို့) စေလွှတ်ထားသော စိတ်ရှိသူ”ဟု ဆိုအပ်၏ (ဟူ၍ မိန့်တော်မူ၏။)

ရဟန်းသည် စောင့်စည်းလျက်သာ သွားရာ၏၊ စောင့်စည်းလျက်သာ ရပ်ရာ၏၊ စောင့်စည်းလျက်သာ ထိုင်နေရာ၏၊ စောင့်စည်းလျက်သာ အိပ်ရာ၏၊ စောင့်စည်း လျက်သာ လက်ခြေစသည်ကို ကွေးရာ၏၊ စောင့်စည်းလျက်သာ ဆန့်ရာ၏။ ရဟန်းသည် အထက်ပိုင်း အလယ်ပိုင်း အောက်ပိုင်း လောက၏ ဖြစ်ရာဟူသမျှ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၏ ဖြစ်ခြင်း ပျက်ခြင်းကို ကောင်းစွာ ရှု၏။ စိတ်၏ ငြိမ်းခြင်းအား လျောက်ပတ်သော အကျင့်ကို ဖြည့်ကျင့်သော အခါခပ်သိမ်း သတိနှင့် ပြည့်စုံသော ထို ိသို့သဘောရှိသော ရဟန်းကို အမြဲမပြတ် နိဗ္ဗာန်သို့ စေလွှတ်ထားသော စိတ်ရှိသူဟူ၍ ဆိုကုန်၏။

ဒုတိယသုတ်။