အင်္ဂုတ္တရနိကာယ်
(၁၃) ၃-ဘယဝဂ်
၇-ပဌမ တထာဂတအစ္ဆရိယသုတ်
၁၂၇။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရား၏ ထင်ရှားဖြစ်ပေါ်ခြင်းကြောင့် အံ့ဖွယ်သရဲ မဖြစ်ဖူးမြဲ ဖြစ်ကုန်သော သဘောတရား လေးမျိုးတို့သည် ထင်ရှားဖြစ်ပေါ်ကုန်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ဘုရားအလောင်းသည် တုသိတာနတ်ပြည်မှ စုတေ၍ အောက်မေ့မှုသတိ, ဆင်ခြင်ဉာဏ်သမ္ပဇဉ်ရှိသည်ဖြစ်၍ မယ်တော်ဝမ်းသို့ သက်သောအခါ နတ် မာရ်နတ် ဗြဟ္မာတို့နှင့်တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့်တကွသော လူလောက၌ မနှိုင်းရှည့်နိုင်သော ကြီးကျယ်သော အလင်းရောင်သည် နတ်တို့၏ အာနုဘော် (အလင်းရောင်) ကို ကျော်လွန်၍ ထင်ရှားဖြစ်ပေါ်လာ၏၊ ဟင်းလင်း ဖြစ်ကုန်သော ထောက်တည်ရာ မရှိကုန်သော မိုက်ကုန်သော မှောင်မဲကုန်သော အကြင် လောကန္တရိက် (ငရဲ) တို့သည် ရှိကုန်၏၊ ယင်း (ငရဲ) တို့၌ တန်ခိုးအာနုဘော်ကြီးကုန်သော ဤလနေတို့သော်လည်း ထွန်းလင်းခြင်းငှါ မစွမ်းနိုင်ကုန်၊ ထို (ငရဲ) တို့၌လည်း မနှိုင်းရှည့်နိုင်သော ကြီးကျယ်သော အလင်း ရောင်သည် နတ်တို့၏ အာနုဘော် (အလင်းရောင်) ကို ကျော်လွန်၍ ထင်ရှားဖြစ်ပေါ်၏။ ထို (ငရဲ) တို့၌ ဖြစ်နေကြသော သတ္တဝါတို့သည်လည်း “အချင်းတို့ ဤ(ငရဲ) ၌ ကျရောက်ကုန်သော တစ်ပါးသော သတ္တဝါ တို့သည်လည်း ရှိကြပါသေးတကား”ဟု ထို အလင်းရောင်ဖြင့် အချင်းချင်း သိမြင်ကုန်၏။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရား၏ ထင်ရှားဖြစ်ပေါ်ခြင်းကြောင့် ပဌမ ဤအံ့ဖွယ်သရဲ မဖြစ်ဖူးမြဲဖြစ်သော သဘောသည် ထင်ရှားဖြစ်ပေါ်၏။
ရဟန်းတို့ နောက်တစ်မျိုးကား ဘုရားအလောင်းသည် အောက်မေ့မှုသတိ,ဆင်ခြင်ဉာဏ် သမ္ပဇဉ်ရှိသည်ဖြစ်၍ မယ်တော်ဝမ်းမှ ဖွားမြင်သောအခါ နတ် မာရ်နတ် ဗြဟ္မာတို့နှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူလောက၌ မနှိုင်းရှည့်နိုင်သော ကြီးကျယ်သော အလင်းရောင်သည် နတ်တို့၏ အာနုဘော် (အလင်းရောင်) ကို ကျော်လွန်၍ ထင်ရှားဖြစ်ပေါ်၏၊ ဟင်းလင်း ဖြစ်ကုန်သော ထောက်တည်ရာ မရှိကုန်သော မိုက်ကုန်သော မှောင်မဲကုန်သော အကြင် လောကန္တရိက် (ငရဲ) တို့သည် ရှိကုန်၏၊ ယင်း (ငရဲ) တို့၌ တန်ခိုးအာနုဘော်ကြီးကုန်သော ဤလနေတို့သော်လည်း ထွန်းလင်းခြင်းငှါ မစွမ်းနိုင်ကုန်၊ ထို (ငရဲ) တို့၌လည်း မနှိုင်းရှည့်နိုင်သော ကြီးကျယ်သော အလင်းရောင့်သည် နတ်တို့၏ အာနုဘော် (အလင်းရောင်) ကို ကျော်လွန်၍ ထင်ရှား ဖြစ်ပေါ်၏။ ထို ငရဲတို့၌ ဖြစ်နေကြ ကုန်သော သတ္တဝါတို့သည်လည်း “အချင်းတို့ ဤ(ငရဲ)၌ ကျရောက်ကုန်သော တစ်ပါးသော သတ္တဝါတို့သည်လည်း ရှိကြပါသေးတကား”ဟု ထို အလင်းရောင်ဖြင့် အချင်းချင်း သိမြင်ကုန်၏။ ရဟန်းတို့ ပူဇော် အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရား၏ ထင်ရှားဖြစ်ပေါ်ခြင်းကြောင့် ဒုတိယဤအံ့ဖွယ်သရဲ မဖြစ်ဖူးမြဲဖြစ်သော သဘောသည် ထင်ရှား ဖြစ်ပေါ်၏။
ရဟန်းတို့ နောက်တစ်မျိုးကား မြတ်စွာဘုရားသည် အတုမရှိသော သမ္မာသမ္ဗောဓိဉာဏ် (အရဟတ္တမဂ် ဉာဏ် သဗ္ဗညုတဉာဏ်) ကို ထိုးထွင်း၍ သိတော်မူသောအခါ နတ် မာရ်နတ် ဗြဟ္မာတို့နှင့် တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူလောက၌ မနှိုင်းရှည့် နိုင်သော ကြီးကျယ်သော အလင်းရောင်သည် နတ်တို့၏ အာနုဘော် (အလင်းရောင်) ကို ကျော်လွန်၍ ထင်ရှားဖြစ်ပေါ်၏၊ ဟင်းလင်းဖြစ်ကုန်သော ထောက်တည်ရာ မရှိကုန်သော မိုက်ကုန်သော မှောင်မဲကုန် သော အကြင် လောကန္တရိက် (ငရဲ) တို့သည် ရှိကုန်၏၊ ယင်း (ငရဲ) တို့၌ တန်ခိုးအာနုဘော်ကြီးကုန်သော ဤလနေတို့သော်လည်း ထွန်းလင်းခြင်းငှါ မစွမ်းနိုင်ကုန်၊ ထို (ငရဲ)တို့၌ ဖြစ်နေကြကုန်သော သတ္တဝါတို့သည်လည်း “အချင်းတို့ ဤ(ငရဲ) ၌ ကျရောက်ကုန်သော တစ်ပါးသော သတ္တဝါတို့သည်လည်း ရှိကြပါ သေးတကား”ဟု ထို အလင်းရောင်ဖြင့် အချင်းချင်း သိမြင်ကုန်၏။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရား၏ ထင်ရှားဖြစ်ပေါ်ခြင်းကြောင့် တတိယ ဤအံ့ဖွယ်သရဲ မဖြစ်ဖူးမြဲဖြစ်သော သဘောသည် ထင်ရှားဖြစ်ပေါ်၏။
ရဟန်းတို့ နောက်တစ်မျိုးကား မြတ်စွာဘုရားသည် အတုမရှိသော တရားစကြာကို လည်စေတော်မူသောအခါ၌ နတ် မာရ်နတ် ဗြဟ္မာတို့နှင့် တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူလောက၌ မနှိုင်းရှည့်နိုင်သော ကြီးကျယ်သော အလင်းရောင်သည် နတ်တို့၏ အာနုဘော် (အလင်းရောင်) ကို ကျော်လွန်၍ ထင်ရှားဖြစ်ပေါ်၏၊ ဟင်းလင်းဖြစ်ကုန်သော ထောက်တည်ရာ မရှိကုန်သော မိုက်ကုန်သော မှောင်မဲကုန်သော အကြင် လောကန္တရိက်ငရဲတို့သည် ရှိကုန်၏၊ ယင်း (ငရဲ) တို့၌ တန်ခိုးအာနုဘော်ကြီးကုန်သော ဤလနေတို့သော်လည်း ထွန်းလင်းခြင်းငှါ မစွမ်းနိုင်ကုန်၊ ထို (ငရဲ) တို့၌လည်း မနှိုင်းရှည့်နိုင်သော ကြီးကျယ်သော အလင်းရောင်သည် နတ်တို့၏ အာနုဘော် (အလင်းရောင်)ကို ကျော်လွန်၍ ထင်ရှားဖြစ်ပေါ်၏။ ထို (ငရဲ) တို့၌ ဖြစ်နေကြကုန်သော သတ္တဝါတို့သည်လည်း “အချင်းတို့ ဤ(ငရဲ) ၌ ကျရောက်ကုန်သော တစ်ပါးသော သတ္တဝါတို့သည်လည်း ရှိကြပါသေး တကား”ဟု ထို အလင်းရောင်ဖြင့် အချင်းချင်း သိမြင်ကုန်၏။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက် သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရား၏ ထင်ရှားဖြစ်ပေါ်ခြင်းကြောင့် စတုတ္ထ ဤအံ့ဖွယ်သရဲ မဖြစ်ဖူးမြဲဖြစ်သော သဘောသည် ထင်ရှားဖြစ်ပေါ်၏။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရား၏ ထင်ရှားဖြစ်ပေါ်ခြင်းကြောင့် အံဖွယ်သရဲ မဖြစ်ဖူးမြဲဖြစ်သော ဤသဘောတရား လေးမျိုး တို့သည် ထင်ရှားဖြစ်ပေါ်ကုန်၏ဟု (မိန့်တော်မူ၏)။
သတ္တမသုတ်။