အင်္ဂုတ္တရနိကာယ်

၂-စရဝဂ်

၄-သံဝရသုတ်

၁၄။ ရဟန်းတို့ အားထုတ်ခြင်းတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— (စက္ခုန္ဒြေစသည်ကို) စောင့်စည်းသူ၏အားထုတ်ခြင်း၊ (ကာမဝိတက်စသည်တို့ကို) စွန့်ပယ်သူ၏ အား ထုတ်ခြင်း၊ (ဗောဇ္ဈင်ကို) ပွါးများသောသူ၏ အားထုတ်ခြင်း၊ (သမာဓိနိမိတ်ကို) စောင့်ရှောက်သူ၏ အားထုတ်ခြင်းတို့တည်း။ ရဟန်းတို့ စောင့်စည်းသူ၏ အားထုတ်ခြင်းဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မျက်စိဖြင့် ရူပါရုံကို မြင်သော် (ယောကျာ်း မိန်းမဟူသော) သဏ္ဌာန် နိမိတ်ကို စွဲယူလေ့မရှိ၊ (လက်ခြေစသော အင်္ဂါ ပြုံးဟန် ရယ်ဟန် စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့မရှိ၊ (အကယ်၍) စက္ခုန္ဒြေကို မစောင့်စည်းဘဲ နေလျှင် စက္ခုန္ဒြေကို မစောင့်စည်းခြင်းဟူသော အကြောင်းကြောင့် မက်မောခြင်း ‘အဘိဇ္ဈာ’၊ နှလုံးမသာခြင်း ‘ဒေါမနဿ’ဟူသော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ထို (မစောင့်စည်း) သူကို လိုက်၍ နှိပ်စက်ကုန်ရာ၏၊ (ထို့ကြောင့် ရဟန်းသည်) ထို စက္ခုန္ဒြေကို စောင့်စည်းခြင်းငှါ ကျင့်၏၊ စက္ခုန္ဒြေကို စောင့်စည်း၏၊ စက္ခုန္ဒြေ၌ စောင့်စည်းခြင်းသို့ ရောက်၏။ နားဖြင့် သဒ္ဒါရုံကို ကြားသော်။ပ။ နှာခေါင်းဖြင့် ဂန္ဓာရုံကို နမ်းသော်။ လျှာဖြင့် ရသာရုံကို လျက်သော်။ ကိုယ်ဖြင့် ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိသော်။ စိတ်ဖြင့် ဓမ္မာရုံကို သိသော် (ယောကျာ်းမိန်းမဟူသော) သဏ္ဌာန်နိမိတ်ကို စွဲယူလေ့မရှိ။ (လက်ခြေစသော အင်္ဂါ ပြုံးဟန် ရယ်ဟန် စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့မရှိ၊ (အကယ်၍) မနိန္ဒြေကို မစောင့်စည်းဘဲ နေလျှင် မနိန္ဒြေကို မစောင့်စည်းခြင်းဟူသော အကြောင်းကြောင့် မက်မောခြင်း ‘အဘိဇ္ဈာ’၊ နှလုံးမသာခြင်း ‘ဒေါမနဿ’ဟူသော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ထို (မစောင့်စည်း) သူကို လိုက်၍ နှိပ်စက်ကုန်ရာ၏၊ (ထို့ကြောင့် ရဟန်းသည်) မနိန္ဒြေကို စောင့်စည်းခြင်းငှါ ကျင့်၏၊ မနိန္ဒြေကို စောင့်စည်း၏၊ မနိန္ဒြေ၌ စောင့်စည်းခြင်းသို့ ရောက်၏။ ရဟန်းတို့ ဤသည်ကို စောင့်စည်းသူ၏ အားထုတ်ခြင်းဟု ဆိုအပ်၏။

ရဟန်းတို့ စွန့်ပယ်သူ၏ အားထုတ်ခြင်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဖြစ်ပေါ်လာသော ကာမဂုဏ်ကို ကြံခြင်း ‘ကာမဝိတက်’ ကို လက်မခံ၊ ပယ်စွန့်၏၊ ပယ်ဖျောက်၏၊ ကင်းပြတ်သည်ကို ပြု၏၊ မရှိခြင်းသို့ ရောက်စေ၏။ ဖြစ်ပေါ်လာသော ပျက်စီးစေရန် ကြံခြင်း ‘ဗျာပါဒဝိတက်’ ကို။ပ။ ဖြစ်ပေါ်လာသော ညှဉ်းဆဲရန် ကြံခြင်း ‘ဝိဟိံ သာဝိတက်’ ကို။ပ။ ဖြစ်တိုင်း ဖြစ်တိုင်းကုန်သော အကုသိုလ်တရား ယုတ်တို့ကို လက်မခံ၊ ပယ်စွန့်၏၊ ပယ်ဖျောက်၏၊ ကင်းပြတ်သည်ကို ပြု၏၊ မရှိခြင်းသို့ ရောက်စေ၏၊ ဤသည်ကို စွန့်ပယ်သူ၏ အားထုတ်ခြင်းဟု ဆိုအပ်၏။

ရဟန်းတို့ ပွါးများသောသူ၏ အားထုတ်ခြင်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်း၌ မှီသော, စွဲမက်မှုကင်းခြင်း၌ မှီသော, ချုပ်ခြင်း၌ မှီသော, (ကိလေသာ) ပယ်စွန့်မှု ‘ပရိစ္စာဂ ဝေါသဂ္ဂ’, နိဗ္ဗာန်သို့ ပြေးဝင်မှု ‘ပက္ခန္ဒန ဝေါသဂ္ဂ’ ကို ရင့်ကျက်စေတတ်သော သစ္စာလေးပါးကို သိကြောင်း (အောက်မေ့မှု) သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ ဓမ္မဝိစယ သမ္ဗောဇ္ဈင်ကို ပွါးများ၏။ ဝီရိယသမ္ဗောဇ္ဈင်ကို ပွါးများ၏။ ပီတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ ပဿဒ္ဓိ သမ္ဗောဇ္ဈင်ကို ပွါးများ၏။ သမာဓိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ ဆိတ်ငြိမ်ခြင်း၌ မှီသော, စွဲမက်မှုကင်းခြင်း၌ မှီသော, ချုပ်ခြင်း၌ မှီသော, (ကိလေသာ) ပယ်စွန့်မှု ‘ပရိစ္စာဂဝေါသဂ္ဂ’, နိဗ္ဗာန်သို့ ပြေးဝင်မှု ‘ပက္ခန္ဒနဝေါသဂ္ဂ’ ကို ရင့်ကျက်စေတတ်သော သစ္စာလေးပါးကို သိကြောင်း (လျစ်လျူရှုမှု) ဥပေက္ခာ သမ္ဗောဇ္ဈင်ကို ပွါးများ၏။ ရဟန်းတို့ ဤသည်ကို ပွါးများသော သူ၏ အားထုတ်ခြင်းဟု ဆိုအပ်၏။

ရဟန်းတို့ စောင့်ရှောက်သူ၏ အားထုတ်ခြင်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌့ရဟန်းသည် ဖြစ်ပေါ်သော အဋ္ဌိကသညာ ပုဠုဝကသညာ ဝိနီလကသညာ ဝိစ္ဆိ ဒ္ဒကသညာ ဥဒ္ဓုမာတက သညာဟူသော ကောင်းမြတ်သော သမာဓိနိမိတ်ကို စောင့်ရှောက်၏။ ရဟန်းတို့ ဤသည်ကို စောင့်ရှောက်သူ၏ အားထုတ်ခြင်းဟု ဆိုအပ်၏။ ရဟန်းတို့ အားထုတ်ခြင်းတို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

(စက္ခုစသောဣန္ဒြေကို) စောင့်စည်းခြင်း၊ (ကာမဝိတက်စသည်ကို) ပယ်ခြင်း၊ (ဗောဇ္ဈင်တရားကို) ပွါးများခြင်း၊ (သမာဓိနိမိတ်ကို) စောင့်ရှောက်ခြင်း ဤအား ထုတ်ခြင်းလေးမျိုးတို့ကို နေမင်း၏ အဆွေဖြစ်တော်မူသော မြတ်စွာဘုရားသည် ဟောကြားတော်မူအပ်ကုန်၏၊ ဤသာသနာတော်၌ ကိလေသာကို (ကင်းကွာရန်) ပြင်းစွာ အားထုတ်သော ရဟန်းသည် ယင်းအားထုတ်ခြင်းတို့ဖြင့် ဒုက္ခကုန်ရာ နိဗ္ဗာန်သို့ ရောက်နိုင်ပေသတည်း။

စတုတ္ထသုတ်။