အင်္ဂုတ္တရနိကာယ်
၂-စရဝဂ်
၅-ပညတ္တိသုတ်
၁၅။ ရဟန်းတို့ အလွန်အကဲဟု ပညတ်အပ်သူတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ အတ္တဘောနှင့် ပြည့်စုံသူတို့တွင် ရာဟုအသုရိန်နတ်သည် အလွန်အကဲဆုံး ဖြစ်၏။ ရဟန်းတို့ ကာမဂုဏ်ခံစားသူတို့တွင် မန္ဓာတ်မင်းသည် အလွန်အကဲဆုံး ဖြစ်၏။ ရဟန်းတို့ စိုးပိုင်မှုပြုသူတို့တွင် မာရ်နတ်ယုတ်သည် အလွန်အကဲဆုံး ဖြစ်၏။ နတ် မာရ်နတ် ဗြဟ္မာတို့နှင့် တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောက၌ ပူဇော် အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားကို အလွန်အကဲ အမြင့်မြတ်ဆုံးဟု ဆိုအပ်၏။ ရဟန်းတို့ အလွန်အကဲဟု ပညတ်အပ်သူတို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
အတ္တဘောနှင့် ပြည့်စုံသူတို့တွင် ရာဟုအသုရိန်သည် အလွန်ကဲဆုံး ဖြစ်၏၊ ကာမ ဂုဏ်ခံစားသူတို့တွင် မန္ဓာတ်မင်းသည် အလွန်ကဲဆုံး ဖြစ်၏၊ တန်ခိုးအားဖြင့်လည်းကောင်း၊ အခြံအရံအားဖြင့်လည်းကောင်း ထွန်းတောက်ပ၍ စိုးပိုင်မှုပြု ကုန်သူတို့တွင် မာရ်နတ်သည် အလွန်ကဲဆုံးဖြစ်၏။ အထက်အရပ် အလယ်အရပ် အောက်အရပ် လောက၏ ဖြစ်ရာရှိသမျှအရပ်၌ နတ်နှင့် တကွသော လူအပေါင်းဝယ် မြတ်စွာဘုရားကို အလွန်အကဲ အမြင့်မြတ် ဆုံးဟု ဆိုအပ်လေသတည်း။
ပဉ္စမသုတ်။