အင်္ဂုတ္တရနိကာယ်
၂-စရဝဂ်
၆-သောခုမ္မသုတ်
၁၆။ ရဟန်းတို့ သုခုမ ‘သိမ်မွေ့သော လက္ခဏာကို ထိုးထွင်းသိသော’ ဉာဏ်တို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် လွန်မြတ်သော ရူပသုခုမ ‘ရုပ်၌ သိမ်မွေ့သော လက္ခဏာကို သိမ်းဆည်းသော’ ဉာဏ်နှင့် ပြည့်စုံ၏၊ ထို ရူပ သုခုမဉာဏ်မှတစ်ပါး အခြားသော အထူးသဖြင့် လွန်ကဲမြင့်မြတ်သော ရူပသုခုမဉာဏ်ကို မမြင်၊ ထို ရူပ သုခုမဉာဏ်မှတစ်ပါး အခြားသော အထူးသဖြင့် လွန်ကဲမြင့်မြတ်သော ရူပသုခုမဉာဏ်ကို မတောင့်တ။ လွန်မြတ်သော ဝေဒနာသုခုမ ‘ဝေဒနာ၌ သိမ်မွေ့သော လက္ခဏာကို သိမ်းဆည်းသော’ဉာဏ်နှင့် ပြည့်စုံ၏၊ ထို ဝေဒနာသုခုမဉာဏ်မှတစ်ပါး အခြားသော အထူးသဖြင့် လွန်ကဲမြင့်မြတ်သော ဝေဒနာသုခုမဉာဏ်ကို မမြင်။ ထို ဝေဒနာသုခုမဉာဏ်မှတစ်ပါး အခြားသော အထူးသဖြင့် လွန်ကဲမြင့်မြတ်သော ဝေဒနာသုခုမ ဉာဏ်ကို မတောင့်တ။ လွန်မြတ်သော သညာသုခုမ ‘သညာ၌ သိမ်မွေ့သော လက္ခဏာကို သိမ်းဆည်းသော’ ဉာဏ်နှင့် ပြည့်စုံ၏၊ ထို သညာသုခုမဉာဏ်မှတစ်ပါး အခြားသော အထူးသဖြင့် လွန်ကဲမြင့်မြတ်သော သညာသုခုမဉာဏ်ကို မမြင်၊ ထို သညာသုခုမဉာဏ်မှတစ်ပါး အခြားသော အထူးသဖြင့် လွန်ကဲမြင့်မြတ် သော သညာသုခုမဉာဏ်ကို မတောင့်တ။ လွန်မြတ်သော သင်္ခါရသုခုမ ‘သင်္ခါရ၌ သိမ်မွေ့သော လက္ခဏာ ကို သိမ်းဆည်းသော’ ဉာဏ်နှင့် ပြည့်စုံ၏။ ထို သင်္ခါရသုခုမဉာဏ်မှတစ်ပါး အခြားသော အထူးသဖြင့် လွန်ကဲမြင့်မြတ်သော သင်္ခါရသုခုမဉာဏ်ကို မမြင်။ ထို သင်္ခါရသုခုမဉာဏ်မှတစ်ပါး အခြားသော အထူးသဖြင့် လွန်ကဲမြင့်မြတ်သော သင်္ခါရသုခုမဉာဏ်ကို မတောင့်တ။ ရဟန်းတို့ သုခုမဉာဏ်တို့သည် ဤလေး မျိုးတို့တည်းဟု (မိန့်တော်မူ၏)။
(သုခုမဉာဏ်ဖြင့်) ရုပ်၏ သိမ်မွေ့နူးညံ့သောအဖြစ် (လက္ခဏာ) ကိုလည်းကောင်း၊ ဝေဒနာတို့၏ ဖြစ်ကြောင်းကိုလည်းကောင်း၊ သညာဖြစ်ကြောင်းကိုလည်းကောင်း၊ သညာချုပ်ရာ နိဗ္ဗာန်ကိုလည်းကောင်း သိ၍၊ သင်္ခါရတို့ကို သူစိမ်းပြင်ပအားဖြင့်လည်းကောင်း၊ ဒုက္ခအားဖြင့်လည်းကောင်း၊ အနတ္တအားဖြင့်လည်းကောင်း သိ၍ စင်စစ်အားဖြင့် ကောင်းစွာ မြင်သော၊ (ကိလေသာ) ငြိမ်းပြီးသော၊ (ကိလေသာ၏) ငြိမ်းရာ နိဗ္ဗာန်၌ မွေ့လျော်သော ထိုရဟန်းသည် စစ်သည်ဗိုလ်ပါနှင့် တကွသော မာရ်ကို အောင်မြင်၍ အဆုံးစွန်ဖြစ်သော ကိုယ်ကို ဆောင်၏။
ဆဋ္ဌသုတ်။