အင်္ဂုတ္တရနိကာယ်

(၁၇) ၂-ပဋိပဒါဝဂ်

၂-ဝိတ္ထာရသုတ်

၁၆၂။ ရဟန်းတို့ အကျင့်တို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— ဆင်းရဲ ငြိုငြင်စွာ ကျင့်ရ၍ နုံ့နှေးသော အသိဉာဏ်ရှိသော အကျင့်၊ ဆင်းရဲငြိုငြင်စွာ ကျင့်ရ၍ လျင်မြန်သော အသိဉာဏ်ရှိသော အကျင့်၊ ချမ်းသာလွယ်ကူစွာ ကျင့်ရ၍ နုံ့နှေးသော အသိဉာဏ်ရှိသော အကျင့်၊ ချမ်းသာလွယ်ကူစွာ ကျင့်ရ၍ လျင်မြန်သော အသိဉာဏ်ရှိသော အကျင့်တို့တည်း။

ရဟန်းတို့ ဆင်းရဲငြိုငြင်စွာ ကျင့်ရ၍ နုံ့နှေးသော အသိဉာဏ်ရှိသော အကျင့်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် ပင်ကိုယ်သဘောအားဖြင့်လည်း ပြင်းထန်သော ရာဂ သဘောရှိ၏၊ ရာဂကြောင့်ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကို မပြတ် ခံစားရ၏၊ ပင်ကိုယ်သဘော အားဖြင့်လည်း ပြင်းထန်သော ဒေါသသဘော ရှိ၏၊ ဒေါသကြောင့်ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကို မပြတ်ခံစားရ၏၊ ပင်ကိုယ်သဘောအားဖြင့်လည်း ပြင်းထန်သော မောဟသဘောရှိ၏၊ မောဟကြောင့် ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကို မပြတ် ခံစားရ၏။ ထို ပုဂ္ဂိုလ်အား သန္ဓိန္ဒြေ ဝီရိယိန္ဒြေ သတိန္ဒြေ သမာဓိန္ဒြေ ပညိန္ဒြေအားဖြင့် ဤနုံ့သော ဣန္ဒြေငါးပါးတို့သည် ထင်ရှားဖြစ်ကုန်၏၊ ထို ပုဂ္ဂိုလ်သည် ဤဣန္ဒြေငါးပါးတို့၏ နုံ့ခြင်းကြောင့် အာသဝေါတရားတို့ ကုန်ခြင်းငှါ မိမိ၏ (အခြားမဲ့၌ အကျိုးပေးတတ် သော) မဂ်သမာဓိသို့ နုံ့နှေးစွာ ရောက်၏။ ရဟန်းတို့ ဤအကျင့်ကို ဆင်းရဲငြိုငြင်စွာ ကျင့်ရ၍ နုံ့နှေးသော အသိဉာဏ်ရှိသော အကျင့်ဟု ဆိုအပ်၏။

ရဟန်းတို့ ဆင်းရဲငြိုငြင်စွာ ကျင့်ရ၍ လျင်မြန်သော အသိဉာဏ်ရှိသော အကျင့်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် ပင်ကိုယ်သဘောအားဖြင့်လည်း ပြင်းထန်သော ရာဂ့သဘောရှိ၏၊ ရာဂကြောင့်ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကို မပြတ် ခံစားရ၏၊ ပင်ကိုယ်သဘော အားဖြင့်လည်း ပြင်းထန်သော ဒေါသသဘော ရှိ၏၊ ဒေါသကြောင့်ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကို မပြတ် ခံစားရ၏၊ ပင်ကိုယ်သဘောအားဖြင့်လည်း ပြင်းထန်သော မောဟသဘောရှိ၏၊ မောဟကြောင့် ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကို မပြတ် ခံစားရ၏။ ထို ပုဂ္ဂိုလ်အား သဒ္ဓိန္ဒြေ ဝီရိယိန္ဒြေ သတိန္ဒြေ သမာဓိန္ဒြေ ပညိန္ဒြေအားဖြင့် ဤလွန်ကဲသော ဣန္ဒြေ ငါးပါးတို့သည် ထင်ရှားဖြစ်ကုန်၏၊ ထို ပုဂ္ဂိုလ်သည် ဤဣန္ဒြေငါးပါးတို့၏ လွန်ကဲခြင်းကြောင့် အာသဝေါတရားတို့ ကုန်ခြင်းငှါ မိမိ၏ (အခြားမဲ့၌ အကျိုးပေး တတ်သော) မဂ်သမာဓိသို့ လျင်မြန်စွာ ရောက်၏။ ရဟန်းတို့ ဤအကျင့်ကို ဆင်းရဲငြိုငြင်စွာ ကျင့်ရ၍ လျင်မြန်သော အသိဉာဏ်ရှိသော အကျင့်ဟု ဆိုအပ်၏။

ရဟန်းတို့ ချမ်းသာလွယ်ကူစွာ ကျင့်ရ၍ နုံ့နှေးသော အသိဉာဏ်ရှိသော အကျင့်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ပင်ကိုယ်သဘောအားဖြင့်လည်း ပြင်းထန်သော ရာဂသဘော မရှိ၊ ရာဂကြောင့်ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကို မပြတ် မခံစားရ၊ ပင်ကိုယ် သဘောအားဖြင့်လည်း ပြင်းထန်သော ဒေါသသဘော မရှိ၊ ဒေါသကြောင့်ဖြစ်သော ဆင်းရဲခြင်း နှလုံး မသာခြင်းကို မပြတ်မခံစားရ၊ ပင်ကိုယ်သဘောအားဖြင့်လည်း ပြင်းထန်သော မောဟသဘောမရှိ၊ မောဟကြောင့်ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကို မပြတ် မခံစားရ၊ ထို ပုဂ္ဂိုလ်အား သဒ္ဓိန္ဒြေ။ပ။ ပညိန္ဒြေ အားဖြင့် ဤနုံ့သော ဣန္ဒြေငါးပါးတို့သည် ထင်ရှား ဖြစ်ကုန်၏၊ ထို ပုဂ္ဂိုလ်သည် ဤဣန္ဒြေငါးပါးတို့၏ နုံ့ခြင်းကြောင့် အာသဝေါတရားတို့ ကုန်ခြင်းငှါ မိမိ၏ (အခြားမဲ့၌ အကျိုးပေးတတ်သော) မဂ်သမာဓိသို့ နုံ့နှေးစွာ ရောက်၏။ ရဟန်းတို့ ဤအကျင့်ကို ချမ်းသာလွယ်ကူစွာ ကျင့်ရ၍ နုံ့နှေးသော အသိဉာဏ်ရှ ိသော အကျင့်ဟူ၍ ဆိုအပ်၏။

ရဟန်းတို့ ချမ်းသာလွယ်ကူစွာ ကျင့်ရ၍ လျင်မြန်သော အသိဉာဏ်ရှိသော အကျင့်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ပင်ကိုယ်သဘောအားဖြင့်လည်း ပြင်းထန်သော ရာဂသဘော မရှိ၊ ရာဂကြောင့်ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကို မပြတ် မခံစားရ၊ ပင်ကိုယ် သဘောအားဖြင့်လည်း ပြင်းထန်သော ဒေါသသဘောမရှိ၊ ဒေါသကြောင့်ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကို မပြတ် မခံစားရ၊ ပင်ကိုယ်သဘောအားဖြင့်လည်း ပြင်းထန်သော မောဟသဘော မရှိ၊ မောဟကြောင့်ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကို မပြတ် မခံစားရ၊ ထို ပုဂ္ဂိုလ်အား သဒ္ဓိန္ဒြေ ဝီရိယိန္ဒြေ သတိန္ဒြေ သမာဓိန္ဒြေ ပညိန္ဒြေအားဖြင့် ဤလွန်ကဲသော ဣန္ဒြေငါးပါးတို့သည် ထင်ရှားဖြစ်ကုန်၏၊ ထို ပုဂ္ဂိုလ်သည် ဤဣန္ဒြေငါးပါးတို့၏ လွန်ကဲခြင်းကြောင့် အာသဝေါတရားတို့ ကုန်ခြင်းငှါ မိမိ၏ (အခြားမဲ့၌ အကျိုးပေးတတ်သော) မဂ်သမာဓိသို့ လျင်မြန်စွာ ရောက်၏။ ရဟန်းတို့ ဤအကျင့်ကို ချမ်းသာ လွယ်ကူစွာ ကျင့်ရ၍ လျင်မြန်သော အသိဉာဏ်ရှိသော အကျင့်ဟု ဆိုအပ်၏။ ရဟန်းတို့ အကျင့်တို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။