အင်္ဂုတ္တရနိကာယ်

(၁၇) ၂-ပဋိပဒါဝဂ်

၃-အသုဘသုတ်

၁၆၃။ ရဟန်းတို့ အကျင့်တို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— ဆင်းရဲ ငြိုငြင်စွာ ကျင့်ရ၍ နုံ့နှေးသော အသိဉာဏ်ရှိသော အကျင့်၊ ဆင်းရဲငြိုငြင်စွာ ကျင့်ရ၍ လျင်မြန်သော အသိဉာဏ်ရှိသော အကျင့်၊ ချမ်းသာလွယ်ကူစွာ ကျင့်ရ၍ နုံ့နှေးသော အသိဉာဏ်ရှိသော အကျင့်၊ ချမ်းသာလွယ်ကူစွာ ကျင့်ရ၍ လျင်မြန်သော အသိဉာဏ်ရှိသော အကျင့်တို့တည်း။

ရဟန်းတို့ ဆင်းရဲငြိုငြင်စွာ ကျင့်ရ၍ နုံ့နှေးသော အသိဉာဏ်ရှိသော အကျင့်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် (မိမိ) ကိုယ်၌ မတင့်တယ်ဟု အဖန်တလဲလဲ ရှု၍ နေ၏၊ (သုံးဆောင်အပ်သော) အာဟာရ၌ စက်ဆုပ်ဖွယ်ဟု အမှတ်ရှိသည်, အလုံးစုံသော လောက၌ မမွေ့လျော်ဖွယ်ဟု အမှတ်ရှိသည်, အလုံးစုံသော သင်္ခါရတရားတို့၌ အမြဲမရှိဟု အဖန်တလဲလဲ ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ထို ပုဂ္ဂိုလ်အား သေခြင်းကို အာရုံပြု၍ဖြစ်သော အမှတ် ‘သညာ’သည် မိမိသန္တာန်၌ ကောင်းစွာ ကပ်၍ တည်၏၊ ထို ပုဂ္ဂိုလ်သည် သဒ္ဓါဗိုလ် ဟိရီဗိုလ် သြတ္တပ္ပဗိုလ် ဝီရိယဗိုလ် ပညာဗိုလ် အားဖြင့် ဤသေက္ခဗိုလ်ငါးပါးတို့ကို အမှီပြု၍ နေ၏။ ထို ပုဂ္ဂိုလ်အား သဒ္ဓိန္ဒြေ ဝီရိယန္ဒြေ သတိန္ဒြေ သမာဓိန္ဒြေ ပညိန္ဒြေအားဖြင့် ဤနုံ့ကုန်သော ဣန္ဒြေငါးပါးတို့သည် ထင်ရှားဖြစ်ကုန်၏။ ထို ပုဂ္ဂိုလ်သည် ထို ဣန္ဒြေငါးပါးတို့၏ နုံ့ခြင်းကြောင့် အာသဝေါတရားတို့ ကုန်ခြင်းငှါ မိမိ၏ (အခြားမဲ့၌ အကျိုးပေးတတ် သော) မဂ်သမာဓိသို့ နုံ့နှေးစွာ ရောက်၏။ ရဟန်းတို့ ဤအကျင့်ကို ဆင်းရဲငြိုငြင်စွာ ကျင့်ရ၍ နုံ့နှေးသော အသိဉာဏ်ရှိသော အကျင့်ဟု ဆိုအပ်၏။

ရဟန်းတို့ ဆင်းရဲငြိုငြင်စွာ ကျင့်ရ၍ လျင်မြန်သော အသိဉာဏ်ရှိသော အကျင့်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မိမိကိုယ်၌ မတင့်တယ်ဟု အဖန်တလဲလဲ ရှု၍ နေ၏၊ (သုံးဆောင်အပ်သော) အာဟာရ၌ စက်ဆုပ်ဖွယ်ဟု အမှတ်ရှိသည်, အလုံးစုံသော လောက၌ မမွေ့လျော် ဖွယ်ဟု အမှတ်ရှိသည်, အလုံးစုံသော သင်္ခါရတရားတို့၌ အမြဲမရှိဟု အဖန်တလဲလဲ ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ထို ပုဂ္ဂိုလ်အား သေခြင်းကို အာရုံပြု၍ ဖြစ်သော အမှတ် ‘သညာ’သည် မိမိသန္တာန်၌ ကောင်းစွာ ကပ်၍ တည်၏၊ ထို ပုဂ္ဂိုလ်သည် သဒ္ဓါဗိုလ်။ပ။ ပညာဗိုလ်အားဖြင့် ဤသေက္ခဗိုလ်ငါးပါးတို့ကို အမှီပြု၍ နေ၏။ ထို ပုဂ္ဂိုလ်အား သဒ္ဓ္ဓိိန္ဒြေ။ပ။ ပညိန္ဒြေအားဖြင့် ဤလွန်ကဲသော ဣန္ဒြေငါးပါးတို့သည် ထင်ရှားဖြစ်ကုန်၏။ ထို ပုဂ္ဂိုလ်သည် ဤဣန္ဒြေငါးပါးတို့၏ လွန်ကဲခြင်းကြောင့် အာသဝေါတရားတို့ ကုန်ခြင်းငှါ မိမိ၏ (အခြားမဲ့၌ အကျိုးပေးတတ်သော) မဂ်သမာဓိသို့ လျင်မြန်စွာ ရောက်၏။ ရဟန်းတို့ ဤအကျင့်ကို ဆင်းရဲငြိုငြင်စွာ ကျင့်ရ၍ လျင်မြန်သော အသိဉာဏ်ရှိသော အကျင့်ဟု ဆိုအပ်၏။

ရဟန်းတို့ ချမ်းသာလွယ်ကူစွာ ကျင့်ရ၍ နုံ့နှေးသော အသိဉာဏ်ရှိသော အကျင့်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမတို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်ခြင်း ‘ဝိတက်’ နှင့် တကွဖြစ်သော၊ သုံးသပ်ခြင်း ‘ဝိစာရ’နှင့် တကွ ဖြစ်သော၊ (နီဝရဏ) ကင်းခြင်းကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ ကြံစည်ခြင်း ‘ဝိတက်’ သုံးသပ်ခြင်း ‘ဝိစာရ’တို့၏ ချုပ်ခြင်းကြောင့် မိမိ သန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော၊ စိတ်၏ တည်ကြည်ခြင်း ‘သမာဓိ’ ကို ဖြစ်ပွါးစေတတ်သော၊ ကြံစည်ခြင်း ‘ဝိတက်’ မရှိသော၊ သုံးသပ်ခြင်း ‘ဝိစာရ’ မရှိသော၊ တည်ကြည်ခြင်း ‘သမာဓိ’ကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေ၏။ နှစ်သိမ့်ခြင်း ‘ပီတိ’ ကိုလည်း မစွဲမက်ခြင်းကြောင့် အောက်မေ့ခြင်း ‘သတိ’, ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’နှင့် ပြည့်စုံသည် ဖြစ်၍ လျစ်လျူရှုလျက် နေ၏၊ ချမ်းသာခြင်း ‘သုခ’ ကိုလည်း ကိုယ်ဖြင့် ခံစား၏၊ အရိယာပုဂ္ဂ္ဂိုလ်တို့သည် အကြင် (တတိယဈာန်)ကြောင့် ထိုသူကို “လျစ်လျူရှုသူ သတိရှိသူ ချမ်းသာစွာ နေလေ့ရှိသူ”ဟု ပြောကြား ကုန်၏၊ ထို တတိယဈာန်သို့ ရောက်၍ နေ၏။ ချမ်းသာခြင်း ‘သုခ’ ကိုလည်း ပယ်ခြင်းကြောင့် ဆင်းရဲခြင်း ‘ဒုက္ခ’ကိုလည်း ပယ်ခြင်းကြောင့် ရှေးဦးကပင်လျှင် ဝမ်းသာခြင်း ‘သောမနဿ’ နှလုံးမသာခြင်း ‘ဒေါမနဿ’တို့၏ ချုပ်နှင့်ခြင်းကြောင့် ဆင်းရဲလည်းမဟုတ် ချမ်းသာလည်းမဟုတ်သော လျစ်လျူရှုမှု ‘ဥပေက္ခာ’ကြောင့် ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ထို ပုဂ္ဂိုလ်သည် သဒ္ဓါဗိုလ်။ပ။ ပညာဗိုလ်အားဖြင့် ဤသေက္ခဗိုလ်ငါးပါးတို့ကို အမှီပြု၍ နေ၏။ ထို ပုဂ္ဂိုလ်အား သဒ္ဓိန္ဒြေ။ပ။ ပညိန္ဒြေ အားဖြင့် ဤနုံ့သော ဣန္ဒြေငါးပါးတို့သည် ထင်ရှားဖြစ်ကုန်၏။ ထို ပုဂ္ဂိုလ်သည် ဤဣန္ဒြေငါးပါးတို့၏ နုံ့ခြင်းကြောင့် အာသဝေါတရားတို့ ကုန်ခြင်းငှါ မိမိ၏ (အခြားမဲ့၌ အကျိုးပေးတတ်သော) မဂ်သမာဓိသို့ နုံ့နှေးစွာ ရောက်၏။ ရဟန်းတို့ ဤအကျင့်ကို ချမ်းသာလွယ်ကူစွာ့ကျင့်ရ၍ နုံ့နှေးသော အသိဉာဏ် ရှိသော အကျင့်ဟု ဆိုအပ်၏။

ရဟန်းတို့ ချမ်းသာလွယ်ကူစွာ ကျင့်ရ၍ လျင်မြန်သော အသိဉာဏ်ရှိသော အကျင့်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမတို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်ခြင်း ‘ဝိတက်’ နှင့်တကွဖြစ်သော၊ သုံးသပ်ခြင်း ‘ဝိစာရ’ နှင့်တကွ ဖြစ်သော၊ (နီဝရဏ) ကင်းခြင်းကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမ ဈာန်သို့ ရောက်၍ နေ၏။ပ။ ဒုတိယဈာန်သို့။ပ။ တတိယဈာန်သို့။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ထို ပုဂ္ဂိုလ်သည် သဒ္ဓါဗိုလ် ဟိရီဗိုလ် သြတ္တပ္ပဗိုလ် ဝီရိယဗိုလ် ပညာဗိုလ်အားဖြင့် ဤသေက္ခဗိုလ် ငါးပါးတို့ကို အမှီပြု၍ နေ၏။ ထို ပုဂ္ဂိုလ်အား သဒ္ဓိန္ဒြေ ဝီရိယိန္ဒြေ သတိန္ဒြေ သမာဓိန္ဒြေ ပညိန္ဒြေအားဖြင့် လွန်ကဲသော ဤဣန္ဒြေငါးပါးတို့သည် ထင်ရှားဖြစ်ကုန်၏။ ထို ပုဂ္ဂိုလ်သည် ဤဣန္ဒြေငါးပါးတို့၏ လွန်ကဲခြင်းကြောင့် အာသဝေါတရားတို့ ကုန်ခြင်းငှါ မိမိ၏ (အခြားမဲ့၌ အကျိုးပေးတတ်သော) မဂ်သမာဓိသို့ လျင်မြန်စွာ ရောက်၏။ ရဟန်းတို့ ဤအကျင့်ကို ချမ်းသာလွယ်ကူစွာ ကျင့်ရ၍ လျင်မြန်သော အသိ ဉာဏ်ရှိသော အကျင့်ဟု ဆိုအပ်၏။ ရဟန်းတို့ အကျင့်တို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

တတိယသုတ်။