အင်္ဂုတ္တရနိကာယ်

(၁၇) ၂-ပဋိပဒါဝဂ်

၄-ပဌမ ခမသုတ်

၁၆၄။ ရဟန်းတို့ အကျင့်တို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— သည်းမခံခြင်းဟူသော အကျင့်၊ သည်းခံခြင်းဟူသော အကျင့်၊ ဆုံးမခြင်းဟူသော အကျင့်၊ ငြိမ်းစေခြင်းဟူသော အကျင့်တို့တည်း။

ရဟန်းတို့သည်းမခံခြင်းဟူသော အကျင့်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့ သောသူသည် ဆဲရေးသူကို ပြန်၍ ဆဲရေး၏၊ ထိပါးသူကို ပြန်၍ ထိပါး၏၊ ပုတ်ခတ်သူကို ပြန်၍ ပုတ်ခတ်၏။ ရဟန်းတို့ ဤအကျင့်ကိုသည်းမခံခြင်းဟူသော အကျင့်ဟု ဆိုအပ်၏။

ရဟန်းတို့သည်းခံခြင်းဟူသော အကျင့်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် ဆဲရေးသူကို ပြန်၍ မဆဲရေး၊ ထိပါးသူကို ပြန်၍ မထိပါး၊ ပုတ်ခတ်သူကို ပြန်၍ မပုတ်ခတ်။ ရဟန်းတို့ ဤအကျင့်ကိုသည်းခံခြင်းဟူသော အကျင့်ဟု ဆိုအပ်၏။

ရဟန်းတို့ ဆုံးမခြင်းဟူသော အကျင့်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မျက်စိဖြင့် အဆင်း’ရူပါရုံ’ကို မြင်သော် (မိန်းမ ယောကျာ်း စသော) သဏ္ဌာန်နိမိတ်ကို စွဲယူ လေ့မရှိ၊ (လက်ခြေ စသော အင်္ဂါ ပြုံးဟန်ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့မရှိ၊ (အကယ်၍) စက္ခုန္ဒြေကို မစောင့်စည်းဘဲနေလျှင် ယင်း (စက္ခုန္ဒြေကို မစောင့်စည်းခြင်းဟူသော) အကြောင်းကြောင့် မက်မောခြင်း ‘အဘိဇ္ဈာ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ဟူသော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ထို မစောင့်စည်းသူကို လိုက်၍ နှိပ်စက်ကုန်ရာ၏။ (ထို့ကြောင့် ရဟန်းသည်) ထို စက္ခုန္ဒြေကို စောင့်စည်းခြင်းငှါ ကျင့်၏၊ စက္ခုန္ဒြေကို စောင့်စည်း၏၊ စက္ခ္ခုန္ဒြေ၌ စောင့်စည်းခြင်းသို့ ရောက်၏။ နားဖြင့် အသံ ‘သဒ္ဒါရုံ’ ကို ကြားသော်။ပ။ နှာခေါင်းဖြင့် အနံ့ ‘ဂန္ဓာရုံ’ကို နမ်းသော်။ပ။ လျှာဖြင့် အရသာ ‘ရသာရုံ’ကို လျက်သော်။ပ။ ကိုယ်ဖြင့် အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’ကို ထိသော်။ပ။ စိတ်ဖြင့် သဘော ‘ဓမ္မာရုံ’ ကို သိသော် (မိန်းမယောကျာ်း စသော) သဏ္ဌာန်နိမိတ်ကို စွဲယူလေ့မရှိ၊ (လက်ခြေ စသော အင်္ဂါ ပြုံးဟန် ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့မရှိ၊ (အကယ်၍) မနိန္ဒြေကို မစောင့်စည်းဘဲနေလျှင် ယင်း (မနိန္ဒြေကို မစောင့်စည်းခြင်းဟူသော) အကြောင်းကြောင့် မက်မောခြင်း ‘အဘိဇ္ဈာ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ဟူသော ယုတ်ညံ့သော အကုသိုလ်တရားတို့သည့်ထို မစောင့်စည်း သူကို လိုက်၍ နှိပ်စက်ကုန်ရာ၏၊ (ထို့ကြောင့် ရဟန်းသည်) ထို မနိန္ဒြေကို စောင့်စည်းခြင်းငှါ ကျင့်၏၊ မနိန္ဒြေကို စောင့်စည်း၏၊ မနိန္ဒြေ၌ စောင့်စည်းခြင်းသို့ ရောက်၏။ ရဟန်းတို့ ဤအကျင့်ကို ဆုံးမခြင်းဟူသော အကျင့်ဟု ဆိုအပ်၏။

ရဟန်းတို့ ငြိမ်းစေခြင်းဟူသော အကျင့်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဖြစ်ပေါ်လာသော ကာမဝိတက်ကို လက်မခံ၊ ပယ်စွန့်၏၊ ပယ်ဖျောက်၏၊ ငြိမ်းစေ၏၊ ကင်းအောင် ပြု၏၊ တစ်ဖန် မဖြစ်ခြင်းသို့ ရောက်စေ၏၊ ဖြစ်ပေါ်လာသော ဗျာပါဒဝိတက်ကို။ပ။ ဖြစ်ပေါ် လာသော ဝိဟိံသာဝိတက်ကို ဖြစ်တိုင်း ဖြစ်တိုင်းကုန်သော အကုသိုလ်တရားယုတ်တို့ကို လက်မခံ၊ ပယ်စွန့်၏၊ ပယ်ဖျောက်၏၊ ငြိမ်းစေ၏၊ ကင်းအောင် ပြု၏၊ တစ်ဖန် မဖြစ်ခြင်းသို့ ရောက်စေ၏။ ရဟန်းတို့ ဤအကျင့်ကို ငြိမ်းစေခြင်းဟူသော အကျင့်ဟု ဆိုအပ်၏။ ရဟန်းတို့ အကျင့်တို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။