အင်္ဂုတ္တရနိကာယ်

(၁၇) ၂-ပဋိပဒါဝဂ်

၅-ဒုတိယ ခမသုတ်

၁၆၅။ ရဟန်းတို့ အကျင့်တို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— သည်းမခံခြင်းဟူသော အကျင့်၊ သည်းခံခြင်းဟူသော အကျင့်၊ ဆုံးမခြင်းဟူသော အကျင့်၊ ငြိမ်းစေခြင်းဟူသော အကျင့်တို့တည်း။

ရဟန်းတို့သည်းမခံခြင်းဟူသော အကျင့်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့ သော သူသည် အချမ်း အပူ ဆာလောင်ခြင်း မွတ်သိပ်ခြင်း မှက် ခြင် လေ နေပူ မြွေ ကင်း သန်းတို့၏ ကိုက်ခဲခြင်း အတွေ့တို့ကိုလည်းကောင်း၊ မကောင်းသဖြင့် ဆိုအပ်, မကောင်းသဖြင့် ရောက်လာသော စကားတို့ကိုလည်းကောင်း သည်းမခံနိုင်၊ ကိုယ်၌ ဖြစ်သော ပြင်းထန် ကြမ်းကြုတ် စပ်ရှား ကျင်နာ မသာယာဖွယ် မနှစ်သက်ဖွယ် ဖြစ်သော သေလောက်သော ဆင်းရဲဝေဒနာတို့ကိုသည်းမခံနိုင်သော သဘောရှိ၏။ ရဟန်းတို့ ဤအကျင့်ကိုသည်းမခံခြင်းဟူသော အကျင့်ဟု ဆိုအပ်၏။

ရဟန်းတို့သည်းခံခြင်းဟူသော အကျင့်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့ သော သူသည် အချမ်း အပူ ဆာလောင်ခြင်း မွတ်သိပ်ခြင်း မှက် ခြင် လေ နေပူ မြွေ ကင်းသန်း တို့၏ ကိုက်ခဲခြင်း အတွေ့တို့ကိုလည်းကောင်း၊ မကောင်းသဖြင့် ဆိုအပ်, မကောင်းသဖြင့် ရောက်လာသော စကားတို့ကိုလည်းကောင်း သည်းခံနိုင်၏၊ ကိုယ်၌ ဖြစ်သော ပြင်းထန် ကြမ်းကြုတ် စပ်ရှား ကျင်နာ မသာယာဖွယ် မနှစ်သက်ဖွယ်ဖြစ်သော သေလောက်သော ဆင်းရဲဝေဒနာတို့ကိုသည်းခံနိုင်သော သဘော ရှိ၏။ ရဟန်းတို့ ဤအကျင့်ကိုသည်းခံခြင်းဟူသော အကျင့်ဟု ဆိုအပ်၏။

ရဟန်းတို့ ဆုံးမခြင်းဟူသော အကျင့်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မျက်စိဖြင့် အဆင်း’ရူပါရုံ’ကို မြင်သော် (မိန်းမ ယောကျာ်း စသော) သဏ္ဌာန်နိမိတ်ကို စွဲယူလေ့မရှိ။ပ။ နားဖြင့် အသံ ‘သဒ္ဒါရုံ’ ကို ကြားသော်။ပ။ နှာခေါင်းဖြင့် အနံ့’ဂန္ဓာရုံ’ကို နမ်းသော်။ပ။ လျှာဖြင့် အရသာ ‘ရသာရုံ’ကို လျက်သော်။ပ။ ကိုယ်ဖြင့် အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’ ကို တွေ့သော်။ပ။ စိတ်ဖြင့် သဘော ‘ဓမ္မာရုံ’ ကို သိသော် (မိန်းမ ယောကျာ်းစသော) သဏ္ဌာန်နိမိတ်ကို စွဲယူလေ့မရှိ၊ (လက်ခြေ စသော အင်္ဂါ ပြုံးဟန် ရယ်ဟန် စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့မရှိ၊ (အကယ်၍) မနိန္ဒြေကို မစောင့်စည်းဘဲနေလျှင် ယင်း (မနိန္ဒြေကို မစောင့်စည်းခြင်းဟူသော) အကြောင်းကြောင့် မက်မောခြင်း’အဘိဇ္ဈာ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ဟူသော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ထို မစောင့်စည်းသူကို လိုက်၍ နှိပ်စက်ကုန်ရာ၏၊ (ထို့ကြောင့် ရဟန်းသည်) ထို မနိန္ဒြေကို စောင့်စည်းခြင်းငှါ ကျင့်၏၊ မနိန္ဒြေကို စောင့်စည်း၏။ မနိန္ဒြေ၌ စောင့်စည်းခြင်းသို့ ရောက်၏။ ရဟန်းတို့ ဤအကျင့်ကို့ဆုံးမခြင်းဟူသော အကျင့်ဟု ဆိုအပ်၏။

ရဟန်းတို့ ငြိမ်းစေခြင်းဟူသော အကျင့်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဖြစ်ပေါ်လာသော ကာမဝိတက်ကို လက်မခံ၊ ပယ်စွန့်၏၊ ပယ်ဖျောက်၏၊ ငြိမ်းစေ၏၊ ကင်းအောင် ပြု၏၊ တစ်ဖန် မဖြစ်ခြင်းသို့ ရောက်စေ၏၊ ဖြစ်ပေါ်လာသော ဗျာပါဒဝိတက်ကို။ပ။ ဖြစ်ပေါ် လာသော ဝိဟိံသာ ဝိတက်ကို ဖြစ်တိုင်း ဖြစ်တိုင်းကုန်သော အကုသိုလ်တရားယုတ်တို့ကို လက်မခံ၊ ပယ်စွန့်၏၊ ပယ်ဖျောက်၏၊ ငြိမ်းစေ၏၊ ကင်းအောင် ပြု၏၊ တစ်ဖန် မဖြစ်ခြင်းသို့ ရောက်စေ၏။ ရဟန်းတို့ ဤအကျင့်ကို ငြိမ်းစေခြင်းဟူသော အကျင့်ဟု ဆိုအပ်၏။ ရဟန်းတို့ အကျင့်တို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။