အင်္ဂုတ္တရနိကာယ်

(၁၈) ၃-သေဉ္စတနိယဝဂ်

၅-ဥပဝါဏသုတ်

၁၇၅။ ထိုအခါ အသျှင်ဥပဝါဏသည် အသျှင်သာရိပုတြာထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင် သာရိပုတြာနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြီးဆုံးစေပြီး၍ တစ်ခုသော နေရာ၌ ထိုင်လျက် အသျှင်သာရိပုတြာအား ဤစကားကို လျှောက်၏—

“ငါ့သျှင်သာရိပုတြာ အသိဉာဏ် ‘ဝိဇ္ဇာ’ ဖြင့် (ဝဋ်ဆင်းရဲ၏) အဆုံးကို ပြုပါသလောဟု လျှောက်၏၊ ငါ့သျှင် ဤသို့ အဆုံးကို ပြုခြင်းသည် မဖြစ်နိုင်။ ငါ့သျှင် အကျင့် ‘စရဏ’ ဖြင့် (ဝဋ်ဆင်းရဲ၏) အဆုံးကို့ပြုပါသလောဟု (လျှောက်၏)။ ငါ့သျှင် ဤသို့ အဆုံးကို ပြုခြင်းသည် မဖြစ်နိုင်။ ငါ့သျှင် အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ဖြင့် (ဝဋ်ဆင်းရဲ၏) အဆုံးကို ပြုပါသလောဟု (လျှောက်၏)။ ငါ့သျှင် ဤသို့ အဆုံး ကို ပြုခြင်းသည် မဖြစ်နိုင်။ ငါ့သျှင် အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ကို ဖယ်ထား၍ (ဝဋ်ဆင်းရဲ၏) အဆုံးကို ပြုပါသလောဟု (လျှောက်၏)။ ငါ့သျှင် ဤသို့ အဆုံးကို ပြုခြင်းသည် မဖြစ်နိုင်။

“ငါ့သျှင်သာရိပုတြာ အသိဉာဏ် ‘ဝိဇ္ဇာ’ ဖြင့် (ဝဋ်ဆင်းရဲ၏) အဆုံးကို ပြုသလော”ဟု (ငါ) မေးအပ်သော် “ငါ့သျှင် ဤသို့ အဆုံးကို မပြုနိုင်”ဟု (သင်) ဆိုဘိ၏။ “ငါ့သျှင်သာရိပုတြာ အကျင့် ‘စရဏ’ ဖြင့် ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုသလော”ဟု (ငါ) မေးအပ်သော် “ငါ့သျှင် ဤသို့ အဆုံးကို မပြုနိုင်”ဟု (သင်) ဆိုဘိ၏။ “ငါ့သျှင်သာရိပုတြာ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ ဖြင့် (ဝဋ်ဆင်းရဲ၏) အဆုံးကို ပြုသလော”ဟု (ငါ) မေးအပ်သော် “ငါ့သျှင် ဤသို့ အဆုံးကို မပြုနိုင်”ဟု (သင်) ဆိုဘိ၏။ “ငါ့သျှင်သာရိပုတြာ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ကို ဖယ်ထား၍ (ဝဋ်ဆင်းရဲ၏) အဆုံးကို ပြု သလော”ဟု (ငါ) မေးအပ်သော် “ငါ့သျှင် ဤသို့ အဆုံးကို မပြုနိုင်”ဟု (သင်) ဆိုဘိ၏။ ငါ့သျှင် အဘယ်သို့လျှင် (ဝဋ်ဆင်းရဲ၏) အဆုံးကို ပြုပါသနည်းဟု လျှောက်၏။

ငါ့သျှင် အသိဉာဏ် ‘ဝိဇ္ဇာ’ ဖြင့် (ဝဋ်ဆင်းရဲ၏) အဆုံးကို အကယ်၍ ပြုသည်ဖြစ်အံ့၊ စွဲလမ်းခြင်း ဖြစ်လျက်သာလျှင် ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုသည် ဖြစ်ရာ၏၊ ငါ့သျှင် အကျင့် ‘စရဏ’ ဖြင့် (ဝဋ်ဆင်းရဲ၏) အဆုံးကို အကယ်၍ ပြုသည်ဖြစ်အံ့၊ စွဲလမ်းခြင်း ဖြစ်လျက်သာလျှင် ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုသည် ဖြစ်ရာ၏၊ ငါ့သျှင် အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ဖြင့် (ဝဋ်ဆင်းရဲ၏) အဆုံးကို အကယ်၍ ပြုသည် ဖြစ်အံ့၊ စွဲလမ်းခြင်း ဖြစ်လျက်သာလျှင် ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုသည် ဖြစ်ရာ၏၊ ငါ့သျှင် အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ကို ဖယ်ထား၍ (ဝဋ်ဆင်းရဲ၏) အဆုံးကို အကယ်၍ ပြုသည်ဖြစ်အံ့၊ ပုထုဇဉ်သည် ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုသည် ဖြစ်ရာ၏။ ထို စကား မှန်၏၊ ငါ့သျှင် ပုထုဇဉ်သည် အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’မှ ကင်း၏။ ငါ့သျှင် အကျင့် ‘စရဏ’မှ ချို့တဲ့သော သူသည်ဟုတ်တိုင်းမှန်စွာ မသိ မမြင်။ အကျင့် ‘စရဏ’နှင့် ပြည့်စုံသူသည်သာဟုတ်တိုင်းမှန်စွာ သိ၏၊ မြင်၏၊ဟုတ်တိုင်းမှန်စွာ သိသည် မြင်သည် ဖြစ်၍ (ဝဋ်ဆင်းရဲ၏) အဆုံးကို ပြု၏ဟု (မိန့်ဆို၏)။

ပဉ္စမသုတ်။