အင်္ဂုတ္တရနိကာယ်

(၁၈) ၃-သေဉ္စတနိယဝဂ်

၇-ရာဟုလသုတ်

၁၇၇။ ထိုအခါ အသျှင်ရာဟုလာသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော ရာဟုလာအား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—

ရာဟုလာ အတွင်းသန္တာန်၌ဖြစ်သော အကြင် မြေ ‘ပထဝီ’ဓာတ်သည်လည်းကောင်း၊ အပသန္တာန်၌ဖြစ်သော အကြင် မြေ ‘ပထဝီ’ဓာတ်သည်လည်းကောင်း ရှိ၏၊ ဤသဘောတရားသည် မြေ ‘ပထဝီ’ ဓာတ်မျှသာတည်း၊ “ဤပထဝီဓာတ်သည် ငါ့ဥစ္စာမဟုတ်၊ ဤပထဝီဓာတ်သည် ငါမဟုတ်၊ ဤပထဝီဓာတ်သည် ငါ့ကိုယ်မဟုတ်”ဟု ဤသို့ ထို ပထဝီဓာတ်ကိုဟုတ်မှန်သောအတိုင်း သင့်သောအကြောင်းအားဖြင့် (ဝိပဿနာ,မဂ်) ပညာဖြင့် ရှုအပ်၏၊ ဤသို့ ထို ပထဝီဓာတ်ကိုဟုတ်မှန်သောအတိုင်း ပညာဖြင့် ရှုခြင်းကြောင့် ပထဝီဓာတ်၌ ငြီးငွေ့၏၊ ပထဝီဓာတ်၌ စိတ်သည် တပ်ခြင်းကင်း၏။

ရာဟုလာ အတွင်းသန္တာန်၌ဖြစ်သော အကြင် ရေ ‘အာပေါ’ဓာတ်သည်လည်းကောင်း၊ အပသန္တာန်၌ဖြစ်သော အကြင် ရေ ‘အာပေါ’ဓာတ်သည်လည်းကောင်း ရှိ၏၊ ဤသဘောတရားသည် ရေ ‘အာပေါ’ဓာတ်မျှ သာတည်း၊ “ဤအာပေါဓာတ်သည် ငါ့ဥစ္စာမဟုတ်၊ ဤအာပေါဓာတ်သည် ငါမဟုတ်၊ ဤအာပေါဓာတ်သည် ငါ့ကိုယ်မဟုတ်”ဟု ဤသို့ ထို အာပေါဓာတ်ကိုဟုတ်မှန်သောအတိုင်း သင့်သောအကြောင်းအားဖြင့် (ဝိပဿနာ,မဂ်) ပညာဖြင့် ရှုအပ်၏၊ ဤသို့ ထို အာပေါဓာတ်ကိုဟုတ်မှန်သော အတိုင်း ပညာဖြင့် ရှုခြင်းကြောင့် အာပေါဓာတ်၌ ငြီးငွေ့၏၊ အာပေါဓာတ်၌ စိတ်သည် တပ်ခြင်းကင်း၏။

ရာဟုလာ အတွင်းသန္တာန်၌ဖြစ်သော အကြင် မီး ‘တေဇော’ဓာတ်သည်လည်းကောင်း၊ အပသန္တာန်၌ ဖြစ်သော အကြင် မီး ‘တေဇော’ဓာတ်သည်လည်းကောင်း ရှိ၏၊ ဤသဘောတရားသည် မီး ‘တေဇော’ ဓာတ်မျှသာတည်း၊ “ဤတေဇောဓာတ်သည် ငါ့ဥစ္စာမဟုတ်၊ ဤတေဇောဓာတ်သည် ငါမဟုတ်၊ ဤတေဇော ဓာတ်သည် ငါ့ကိုယ်မဟုတ်”ဟု ဤသို့ ထို တေဇောဓာတ်ကိုဟုတ်မှန်သောအတိုင်း သင့်သော အကြောင်း အားဖြင့် (ဝိပဿနာ,မဂ်) ပညာဖြင့် ရှုအပ်၏၊ ဤသို့ ထို တေဇောဓာတ်ကိုဟုတ်မှန်သောအတိုင်း ပညာဖြင့် ရှုခြင်းကြောင့် တေဇောဓာတ်၌ ငြီးငွေ့၏၊ တေဇောဓာတ်၌ စိတ်သည် တပ်ခြင်းကင်း၏။

ရာဟုလာ အတွင်းသန္တာန်၌ဖြစ်သော အကြင် လေ ‘ဝါယော’ ဓာတ်သည်လည်းကောင်း၊ အပသန္တာန်၌ ဖြစ်သော အကြင် လေ ‘ဝါယော’ ဓာတ်သည်လည်းကောင်း ရှိ၏၊ ဤသဘောတရားသည် လေ ‘ဝါယော’ ဓာတ် သာတည်း၊ “ဤဝါယောဓာတ်သည် ငါ့ဥစ္စာမဟုတ်၊ ဤဝါယောဓာတ်သည် ငါမဟုတ်၊ ဤဝါယောဓာတ်သည် ငါ့ကိုယ် မဟုတ်”ဟု ဤသို့ ထို ဝါယောဓာတ်ကို သင့်သောအကြောင်းအားဖြင့် (ဝိပဿနာ,မဂ်) ပညာဖြင့် ရှုအပ်၏၊ ဤသို့ ထို ဝါယောဓာတ်ကိုဟုတ်မှန်သောအတိုင်း ပညာဖြင့် ရှုခြင်းကြောင့် ဝါယောဓာတ်၌ ငြီးငွေ့၏၊ ဝါယောဓာတ်၌ စိတ်သည် တပ်ခြင်း ကင်း၏။

ရာဟုလာ အကြင် အခါ၌ ရဟန်းသည် ဤဓာတ်လေးပါးတို့၌ မိမိကိုယ်’အတ္တ’ဟူ၍ မရှု၊ မိမိဥစ္စာ ‘အတ္တ နိယ’ဟူ၍ မရှု။ ရာဟုလာ (ထိုအခါ၌) ဤရဟန်းကို တဏှာကို ဖြတ်ပြီးသူ၊ သံယောဇဉ်ကို့လွန်မြောက်ပြီးသူဟု ဆိုအပ်၏၊ ကောင်းစွာ ထောင်လွှားခြင်း’မာန’ကို ပယ်ခြင်းကြောင့် ဝဋ်ဆင်းရဲ၏အဆုံးကို ပြုပြီးသူဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။