အင်္ဂုတ္တရနိကာယ်

(၁၈) ၃-သေဉ္စတနိယဝဂ်

၁ဝ-မဟာပဒေသသုတ်

၁၈ဝ။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဘောဂမြို့ အာနန္ဒာစေတီ၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟု ခေါ်တော်မူ၏။ ထိုရဟန်းတို့သည် “အသျှင် ဘုရား”ဟု မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည်—

“ရဟန်းတို့ မြတ်သော ညွှန်ပြချက် ‘မဟာပဒေသ’ လေးမျိုးတို့ကို ဟောကြားပေအံ့၊ ထိုတရားတို့ကို နာယူကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ ဟောပေအံ့”ဟု မိန့်တော်မူ၏။ “ကောင်းပါပြီ အသျှင်ဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏—

ရဟန်းတို့ မြတ်သော ညွှန်ပြချက် ‘မဟာပဒေသ’ လေးမျိုးတို့ဟူသည် အဘယ်တို့နည်းဟူမူ— ရဟန်းတို့ ဤ(သာသနာတော်)၌ ရဟန်းသည် “ငါ့သျှင်တို့ ငါသည် ဤတရားကို မြတ်စွာဘုရား မျက်မှောက်တော်မှ ကြားနာရ၏၊ မျက်မှောက်တော်မှ သင်ယူရ၏၊ ‘ဤကား သုတ် အဘိဓမ္မာတည်း၊ ဤကား ဝိနည်းတည်း၊ ဤကား မြတ်စွာဘုရား၏ အဆုံးအမတည်း’ဟု” ပြောဆိုလာခဲ့မူ ထိုရဟန်း၏ စကားကို မနှစ်သက်အပ်သေး၊ မတားမြစ်အပ်သေး၊ မနှစ်သက် မတားမြစ်မူ၍ ထို (ပုဒ်ဗျည်း) တို့ကို ကောင်းစွာ သင်ယူလျက် သုတ် အဘိဓမ္မာ၌ သက်ဝင်စေအပ်ကုန်၏၊ ဝိနည်း၌ ကောင်းစွာ ထင်စေ အပ်ကုန်၏။ ထို (ပုဒ်ဗျည်း) တို့ကို သုတ် အဘိဓမ္မာ၌ သက်ဝင်စေအပ်ကုန်သော် ဝိနည်း၌ ကောင်းစွာ ထင်စေအပ်ကုန်သော် အကယ်၍ သုတ်၌လည်း မသက်ဝင်ကုန်အံ့၊ ဝိနည်း၌လည်း မထင်ကုန်အံ့၊ “ဤစကားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထို မြတ်စွာဘုရား၏ စကားတော်အစစ် မဟုတ်၊ ဤရဟန်း၏သာလျှင် မကောင်းသဖြင့် သင်ယူအပ်သော စကားတည်း”ဟု ဤအရာ၌ ဆုံးဖြတ်ရမည်။ ရဟန်းတို့ ဤသို့ (ဆုံးဖြတ်၍) ထို စကား ကို စွန့်ကြကုန်လော့။

ရဟန်းတို့ ဤ(သာသနာတော်)၌ ရဟန်းသည် “ငါ့သျှင်တို့ ငါသည် ဤတရားကို မြတ်စွာဘုရား မျက်မှောက်တော်မှ ကြားနာရ၏၊ မျက်မှောက်တော်မှ သင်ယူရ၏၊ ‘ဤကား သုတ် အဘိဓမ္မာတည်း၊ ဤကား ဝိနည်းတည်း၊ ဤကား မြတ်စွာဘုရား၏ အဆုံးအမတည်း’ဟု” ပြောဆိုလာခဲ့မူ ထိုရဟန်း၏ စကားကို မနှစ်သက်အပ်သေး၊ မတားမြစ်အပ်သေး၊ မနှစ်သက် မတားမြစ်မူ၍ ထို (ပုဒ်ဗျည်းတို့) ကို ကောင်းစွာ သင်ယူလျက် သုတ် အဘိ ဓမ္မာ၌ သက်ဝင်စေအပ်ကုန်၏၊ ဝိနည်း၌ ကောင်းစွာ ထင်စေအပ် ကုန်၏။ ထို (ပုဒ်ဗျည်း) တို့ကို သုတ် အဘိဓမ္မာ၌ သက်ဝင်စေအပ်ကုန်သော် ဝိနည်း၌ ကောင်းစွာ ထင်စေ အပ်ကုန်သော် အကယ်၍ သုတ် အဘိဓမ္မာ၌လည်း သက်ဝင်ကုန်အံ့၊ ဝိနည်း၌လည်း ထင်ကုန်အံ့၊ ့“ဤစကားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထို မြတ်စွာဘုရား၏ စကားတော် အစစ်တည်း၊ ဤရဟန်း၏သာလျှင် ကောင်းစွာ သင်ယူ အပ်သော စကားတည်း”ဟု ဤအရာ၌ ဆုံးဖြတ်ရမည်။ ရဟန်းတို့ ဤပဌမမဟာပဒေသကို ဆောင်ကြ ကုန်လော့။

ရဟန်းတို့ ဤ(သာသနာတော်) ၌ ရဟန်းသည် “ဤမည်သော ကျောင်း၌ မထေရ်နှင့် တကွသော အကြီးအမှူးနှင့် တကွသော သံဃာသည် နေ၏၊ ငါသည် ဤတရားကို ထို သံဃာ၏ မျက်မှောက်မှ ကြားနာ ရ၏၊ မျက်မှောက်မှ သင်ယူရ၏၊ ‘ဤကား သုတ် အဘိဓမ္မာတည်း၊ ဤကား ဝိနည်းတည်း၊ ဤကား မြတ်စွာဘုရား၏ အဆုံးအမတည်း’ဟု” ပြောဆိုလာခဲ့မူ ထိုရဟန်း၏ စကားကို မနှစ်သက်အပ်သေး၊ မတားမြစ်အပ်သေး၊ မနှစ်သက် မတားမြစ်မူ၍ ထို (ပုဒ်ဗျည်း) တို့ကို ကောင်းစွာ သင်ယူလျက် သုတ် အဘိဓမ္မာ၌ သက်ဝင်စေအပ်ကုန်၏၊ ဝိနည်း၌ ကောင်းစွာ ထင်စေအပ်ကုန်၏။ ထို (ပုဒ်ဗျည်း) တို့ကို သုတ် အဘိဓမ္မာ၌ သက်ဝင်စေအပ်ကုန်သော် ဝိနည်း၌ ကောင်းစွာ ထင်စေအပ်ကုန်သော် အကယ်၍ သုတ် အဘိဓမ္မာ၌လည်း မသက်ဝင်ကုန်အံ့၊ ဝိနည်း၌လည်း မထင်ကုန်အံ့၊ “ဤစကားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထို မြတ်စွာဘုရား၏ စကားတော်အစစ် မဟုတ်၊ ထို သံဃာ၏သာလျှင် မကောင်းသဖြင့် သင်ယူအပ်သော စကားတည်း”ဟု ဤအရာ၌ ဆုံးဖြတ်ရမည်။ ရဟန်းတို့ ဤသို့ (ဆုံးဖြတ်၍) ထို စကားကို စွန့်ကြကုန်လော့။

ရဟန်းတို့ ဤ(သာသနာတော်)၌ ရဟန်းသည် “ဤမည်သော ကျောင်း၌ မထေရ်နှင့် တကွသော အကြီးအမှူးနှင့် တကွသော သံဃာသည် နေ၏၊ ငါသည် ဤတရားကို ထို သံဃာ၏ မျက်မှောက်မှ ကြားနာရ၏၊ မျက်မှောက်မှ သင်ယူရ၏၊ ‘ဤကား သုတ် အဘိဓမ္မာတည်း၊ ဤကား ဝိနည်းတည်း၊ ဤကား မြတ်စွာဘုရား၏ အဆုံးအမတည်း’ဟု” ပြောဆိုလာခဲ့မူ ထိုရဟန်း၏ စကားကို မနှစ်သက် အပ်သေး၊ မတားမြစ်အပ်သေး၊ မနှစ်သက် မတားမြစ်မူ၍ ထို (ပုဒ်ဗျည်း) တို့ကို ကောင်းစွာ သင်ယူ၍ သုတ် အဘိဓမ္မာ၌ သက်ဝင်စေအပ်ကုန်၏၊ ဝိနည်း၌ ကောင်းစွာ ထင်စေအပ်ကုန်၏။ ထို (ပုဒ်ဗျည်း) တို့ကို သုတ် အဘိဓမ္မာ၌ သက်ဝင်စေအပ်ကုန်သော် ဝိနည်း၌ ကောင်းစွာ ထင်စေအပ်ကုန်သော် အကယ်၍ သုတ် အဘိဓမ္မာ၌လည်း သက်ဝင်ကုန်အံ့၊ ဝိနည်း၌လည်း ထင်ကုန်အံ့၊ “ဤစကားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထို မြတ်စွာဘုရား၏ စကားတော် အစစ်တည်း၊ ထို သံဃာ၏သာလျှင် ကောင်းစွာ သင်ယူအပ်သော စကားတည်း”ဟု ဤအရာ၌ ဆုံးဖြတ်ရမည်။ ရဟန်းတို့ ဤဒုတိယမဟာပဒေသကို ဆောင်ကြကုန်လော့။

ရဟန်းတို့ ဤ(သာသနာတော်)၌ ရဟန်းသည် “ဤမည်သော ကျောင်း၌ အကြားအမြင်များကုန် သော ပါဠိအာဂုံ နှုတ်ငုံဆောင်ကုန်သော သုတ် အဘိဓမ္မာကို ဆောင်ကုန်သော ဝိနည်းကို ဆောင်ကုန်သော မာတိကာကို ဆောင်ကုန်သော များစွာသော မထေရ်ဖြစ်ကုန်သော ရဟန်းတို့သည် နေကုန်၏၊ ငါသည် ဤတရားကို ထို မထေရ်တို့၏ မျက်မှောက်မှ ကြားနာရ၏၊ မျက်မှောက်မှ သင်ယူရ၏၊ ‘ဤကား သုတ် အဘိဓမ္မာတည်း၊ ဤကား ဝိနည်းတည်း၊ ဤကား မြတ်စွာဘုရား၏ အဆုံးအမတည်း’ဟု” ပြောဆိုလာခဲ့မူ ထိုရဟန်း၏ စကားကို မနှစ်သက်အပ်သေး၊ မတားမြစ်အပ်သေး၊ မနှစ်သက် မတားမြစ် မူ၍ ထို (ပုဒ်ဗျည်း) တို့ကို ကောင်းစွာ သင်ယူလျက် သုတ် အဘိဓမ္မာ၌ သက်ဝင်စေအပ်ကုန်၏၊ ဝိနည်း၌ ကောင်းစွာ ထင်စေအပ်ကုန်၏။ ထို (ပုဒ်ဗျည်း) တို့ကို သုတ် အဘိဓမ္မာ၌ သက်ဝင်စေအပ်ကုန်သော် ဝိနည်း၌ ကောင်းစွာ ထင်စေအပ်ကုန်သော် အကယ်၍ သုတ် အဘိဓမ္မာ၌လည်း မသက်ဝင်ကုန်အံ့၊ ဝိနည်း၌လည်း မထင်ကုန်အံ့၊ “ဤစကားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထို မြတ်စွာဘုရား၏ စကားတော်အစစ့်မဟုတ်၊ ထို မထေရ်တို့၏သာလျှင် မကောင်းသဖြင့် သင်ယူအပ်သော စကားတည်း”ဟု ဤအရာ၌ ဆုံးဖြတ်ရမည်။ ရဟန်းတို့ ဤသို့ (ဆုံးဖြတ်၍) ထို စကားကို စွန့်ကြကုန်လော့။

ရဟန်းတို့ ဤ(သာသနာတော်)၌ ရဟန်းသည် “ဤမည်သော ကျောင်း၌ အကြားအမြင်များကုန် သော ပါဠိအာဂုံ နှုတ်ငုံဆောင်ကုန်သော သုတ် အဘိဓမ္မာကို ဆောင်ကုန်သော ဝိနည်းကို ဆောင်ကုန်သော မာတိကာကို ဆောင်ကုန်သော များစွာသော မထေရ်ဖြစ်ကုန်သော ရဟန်းတို့သည် နေကုန်၏၊ ငါသည် ဤတရားကို ထို မထေရ်တို့၏ မျက်မှောက်မှ ကြားနာရ၏၊ မျက်မှောက်မှ သင်ယူရ၏၊ ‘ဤကား သုတ် အဘိဓမ္မာတည်း၊ ဤကား ဝိနည်းတည်း၊ ဤကား မြတ်စွာဘုရား၏ အဆုံးအမတည်း’ဟု” ပြောဆိုလာခဲ့မူ ထိုရဟန်း၏ စကားကို မနှစ်သက်အပ်သေး၊ မတားမြစ်အပ်သေး၊ မနှစ်သက် မတားမြစ် မူ၍ ထို (ပုဒ်ဗျည်း) တို့ကို ကောင်းစွာ သင်ယူလျက် သုတ် အဘိဓမ္မာ၌ သက်ဝင်စေအပ်ကုန်၏၊ ဝိနည်း၌ ကောင်းစွာ ထင်စေအပ်ကုန်၏။ ထို (ပုဒ်ဗျည်း) တို့ကို သုတ် အဘိဓမ္မာ၌ သက်ဝင်စေအပ်ကုန်သော် ဝိနည်း၌ ကောင်းစွာ ထင်စေအပ်ကုန်သော် အကယ်၍ သုတ် အဘိဓမ္မာ၌လည်း သက်ဝင်ကုန်အံ့၊ ဝိနည်း၌လည်း ထင်ကုန်အံ့၊ “ဤစကားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထို မြတ်စွာဘုရား၏ စကားတော် အစစ်တည်း၊ ထို မထေရ်တို့၏သာလျှင် ကောင်းစွာ သင်ယူအပ်သော စကားတည်း”ဟု ဤအရာ၌ ဆုံးဖြတ်ရမည်။ ရဟန်းတို့ ဤတတိယ မဟာ ပဒေသကို ဆောင်ကြကုန်လော့။

ရဟန်းတို့ ဤ(သာသနာတော်)၌ ရဟန်းသည် “ဤမည်သော ကျောင်း၌ အကြားအမြင်များသော ပါဠိအာဂုံ နှုတ်ငုံဆောင်သော သုတ် အဘိဓမ္မာကိုဆောင်သော ဝိနည်းကို ဆောင်သော မာတိကာကို ဆောင်သော တစ်ဦးသော မထေရ်သည် နေ၏၊ ငါသည် ဤတရားကို ထို မထေရ်၏ မျက်မှောက်မှ ကြားနာရ၏၊ မျက်မှောက်မှ သင်ယူရ၏၊ ‘ဤကား သုတ် အဘိဓမ္မာတည်း၊ ဤကား ဝိနည်းတည်း၊ ဤကား မြတ်စွာဘုရား၏ အဆုံးအမတည်း’ဟု” ပြောဆိုလာခဲ့မူ ထိုရဟန်း၏ စကားကို မနှစ်သက်အပ် သေး၊ မတားမြစ်အပ်သေး၊ မနှစ်သက် မတားမြစ်မူ၍ ထို (ပုဒ်ဗျည်း) တို့ကို ကောင်းစွာ သင်ယူ၍ သုတ် အဘိဓမ္မာ၌ သက်ဝင်စေအပ်ကုန်၏၊ ဝိနည်း၌ ကောင်းစွာ ထင်စေအပ်ကုန်၏။ ထို (ပုဒ်ဗျည်း)တို့ကို သုတ် အဘိဓမ္မာ၌ သက်ဝင်စေအပ်ကုန်သော် ဝိနည်း၌ ကောင်းစွာ ထင်စေအပ်ကုန်သော် အကယ်၍ သုတ် အဘိဓမ္မာ၌လည်း မသက်ဝင်ကုန်အံ့၊ ဝိနည်း၌လည်း မထင်ကုန်အံ့၊ “ဤစကားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထို မြတ်စွာဘုရား၏ စကားတော် အစစ် မဟုတ်၊ ထို မထေရ်၏သာလျှင် မကောင်းသဖြင့် သင်ယူအပ်သော စကားတည်း”ဟု ဤအရာ၌ ဆုံးဖြတ်ရမည်။ ရဟန်းတို့ ဤသို့ (ဆုံးဖြတ်၍) ထို စကားကို စွန့်ကြကုန်လော့။

ရဟန်းတို့ ဤ(သာသနာတော်)၌ ရဟန်းသည် “ဤမည်သော ကျောင်း၌ အကြားအမြင်များသော ပါဠိအာဂုံ နှုတ်ငုံဆောင်သော သုတ် အဘိဓမ္မာကို ဆောင်သော ဝိနည်းကို ဆောင်သော မာတိကာကို ဆောင်သော တစ်ဦးသော မထေရ်သည် နေ၏၊ ငါသည် ဤတရားကို ထို မထေရ်၏ မျက်မှောက်မှ ကြား နာရ၏၊ မျက်မှောက်မှ သင်ယူရ၏၊ ‘ဤကား သုတ် အဘိဓမ္မာတည်း၊ ဤကား ဝိနည်းတည်း၊ ဤကား မြတ်စွာဘုရား၏ အဆုံးအမတည်း’ဟု” ပြောဆိုလာခဲ့မူ ထိုရဟန်း၏ စကားကို မနှစ်သက် အပ်သေး၊ မတားမြစ်အပ်သေး၊ မနှစ်သက် မတားမြစ်မူ၍ ထို (ပုဒ်ဗျည်း) တို့ကို ကောင်းစွာ သင်ယူ၍ သုတ် အဘိဓမ္မာ၌ သက်ဝင်စေအပ်ကုန်၏၊ ဝိနည်း ၌ ကောင်းစွာ ထင်စေအပ်ကုန်၏။ ထို (ပုဒ်ဗျည်း) တို့ကို သုတ် အဘိဓမ္မာ၌ သက်ဝင်စေအပ်ကုန်သော် ဝိနည်း၌ ကောင်းစွာ ထင်စေအပ်ကုန်သော် အကယ်၍ သုတ် အဘိဓမ္မာ၌လည်း သက်ဝင်ကုန်အံ့၊ ဝိနည်း၌လည်း ထင်ကုန်အံ့၊ “ဤစကားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထို မြတ်စွာဘုရား၏ စကား တော် အစစ်တည်း၊ ထို မထေရ်၏သာလျှင် ကောင်းစွာ သင်ယူအပ်သော စကားတည်း”ဟု ဤအရာ၌့ဆုံးဖြတ်ရမည်။ ရဟန်းတို့ ဤစတုတ္ထ မဟာပဒေသကို ဆောင်ကြကုန်လော့။ ရဟန်းတို့ မဟာပဒေသ တို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

သုံးခုမြောက် သေဉ္စတနိယဝဂ် ပြီး၏။