အင်္ဂုတ္တရနိကာယ်
(၁၉) ၄-ဗြာဟ္မဏဝဂ်
၆-ဥမ္မဂ္ဂသုတ်
၁၈၆။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ပြီးလျှင် ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား— “အသျှင်ဘုရား အဘယ်တရားသည် လောကကို ဆောင်ပါ သနည်း၊ အဘယ်တရားသည် လောကကို ဆွဲငင်ပါသနည်း၊ ဖြစ်ပေါ်နေသော အဘယ်တရား၏ အလိုသို့ (လောကသည်) လိုက်ပါနေရပါသနည်း”ဟု လျှောက်၏။
ရဟန်း ကောင်းပေစွ ကောင်းပေစွ၊ ရဟန်း သင့်အား ဖြစ်ပေါ်လာသော ဉာဏ်သည် ကောင်းပါ ပေ၏၊ သင့်အား ထင်မြင်လာသော ဉာဏ်သည် ကောင်းပေ၏၊ အမေးပုစ္ဆာသည် ကောင်းပေ၏။ ရဟန်း သင်သည် “အသျှင်ဘုရား အဘယ်တရားသည် လောကကို ဆောင်ပါသနည်း၊ အဘယ်တရားသည် လောကကို ဆွဲငင်ပါသနည်း၊ ဖြစ်ပေါ်နေသော အဘယ်တရား၏ အလိုသို့ (လောကသည်) လိုက်ပါနေရပါ သနည်း”ဟု မေးလျှောက်သည် မဟုတ်လောဟု (မေးတော်မူ၏)။
“အသျှင်ဘုရား မှန်ပါ၏”။
ရဟန်း စိတ်သည် လောကကို ဆောင်၏၊ စိတ်သည် လောကကို ဆွဲငင်၏၊ ဖြစ်ပေါ်နေသော စိတ်၏ အလိုသို့ (လောကသည်) လိုက်ပါနေရ၏ဟု (မိန့်တော်မူ၏)။
ထိုရဟန်းသည် “အသျှင်ဘုရား ကောင်းပါပြီ”ဟု မြတ်စွာဘုရား ဟောတော်မူသော တရားတော်ကို အလွန်နှစ်သက် ဝမ်းမြောက်သည် ဖြစ်၍ မြတ်စွာဘုရားအား နောက်ထပ် ပုစ္ဆာကို မေးလျှောက်ပြန်၏— “အသျှင်ဘုရား များသော အကြားအမြင်ရှိ၏၊ တရားကို ဆောင်၏။ များသော အကြားအမြင်ရှိ၏၊ တရားကို ဆောင်၏”ဟု ဆိုအပ်ပါ၏။ အသျှင်ဘုရား အဘယ်မျှသော အတိုင်းအရှည်ဖြင့် များသော အကြားအမြင်ရှိသူတရားကို ဆောင်သူ ဖြစ်ပါသနည်း”ဟု (လျှောက်၏)။
ရဟန်း ကောင်းပေစွ ကောင်းပေစွ၊ ရဟန်း သင့်အား ဖြစ်ပေါ်လာသော ဉာဏ်သည် ကောင်းပေ၏၊ သင့်အား ထင်မြင်လာသော ဉာဏ်သည် ကောင်းပေ၏၊ အမေးပုစ္ဆာသည် ကောင်းပေ၏။ ရဟန်း သင်သည် “အသျှင်ဘုရား များသော အကြားအမြင်ရှိ၏၊ တရားကို ဆောင်၏။ များသော အကြားအမြင် ရှိ၏၊ တရားကို ဆောင်၏”ဟု ဆိုအပ်ပါ၏။ အသျှင်ဘုရား အဘယ်မျှသော အတိုင်းအရှည်ဖြင့် များသော အကြားအမြင်ရှိသူတရားကို ဆောင်သူဖြစ်ပါသနည်း”ဟု မေးလျှောက်သည် မဟုတ်လောဟု (မေးတော်
မူ၏)။
“အသျှင်ဘုရား မှန်ပါ၏”။
ရဟန်း ငါသည် သုတ် ဂေယျ ဝေယျာကရဏ ဂါထာ ဥဒါန်း ဣတိဝုတ် ဇာတ် အဗ္ဘုတဓမ္မ ဝေဒလ္လဟု ဆိုအပ်သော များစွာသော တရားတို့ကို ဟောအပ်ကုန်၏။ ရဟန်း လေးပိုဒ်ရှိသော ဂါထာ၏ အနက်ကို သိ၍ ပါဠိကို သိ၍ လောကုတ္တရာတရား ကိုးပါးအားလျော်သော အကျင့်ကို ကျင့်သူကို “များသော အကြားအမြင်ရှိသူတရားကို ဆောင်သူ”ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။
ထိုရဟန်းသည် “အသျှင်ဘုရား ကောင်းပါပြီ”ဟု မြတ်စွာဘုရား ဟောတော်မူအပ်သော တရား တော်ကို အလွန်နှစ်သက် ဝမ်းမြောက်သည်ဖြစ်၍ မြတ်စွာဘုရားအား နောက်ထပ် ပုစ္ဆာကို မေးလျှောက် ပြန်၏။ “အသျှင်ဘုရား အကြားအမြင်ရှိ၏၊ (ကိလေသာကို) ဖောက်ထွင်းတတ်သော ပညာရှိ၏။ အကြား အမြင်ရှိ၏၊ (ကိလေသာကို) ဖောက်ထွင်းတတ်သော ပညာရှိ၏ဟု ဆိုအပ်ပါ၏၊ အသျှင်ဘုရား အဘယ်မျှ သော အတိုင်းအရှည်ဖြင့် အကြားအမြင်ရှိသူ (ကိလေသာကို) ဖောက်ထွင်းတတ်သော ပညာရှိသူ ဖြစ်ပါ သနည်း”ဟု (လျှောက်၏)။
ရဟန်း ကောင်းပေစွ ကောင်းပေစွ၊ ရဟန်း သင့်အား ဖြစ်ပေါ်လာသော ဉာဏ်သည် ကောင်း ပေ၏၊ သင်အား ထင်မြင်လာသော ဉာဏ်သည် ကောင်းပေ၏၊ အမေးပုစ္ဆာသည် ကောင်းပေ၏။ ရဟန်း သင်သည် “အသျှင်ဘုရား အကြားအမြင်ရှိ၏၊ (ကိလေသာကို) ဖောက်ထွင်းတတ်သော ပညာရှိ၏။
အကြားအမြင်ရှိ၏၊ (ကိလေသာကို) ဖောက်ထွင်းတတ်သော ပညာရှိ၏ဟု ဆိုအပ်ပါ၏၊ အဘယ်မျှသော အတိုင်းအရှည်ဖြင့် အကြားအမြင်ရှိသူ, (ကိလေသာကို) ဖောက်ထွင်းတတ်သော ပညာရှိသူ ဖြစ်ပါသနည်းဟု မေးလျှောက်သည် မဟုတ်လော”ဟု (မေးတော်မူ၏)။
“အသျှင်ဘုရား မှန်ပါ၏”။
ရဟန်း ဤသာသနာတော်၌ ရဟန်းအား “ဤကား ဆင်းရဲတည်း”ဟု ကြားနာရ၏၊ ထို ဆင်းရဲ၏ သဘောကို မဂ်ပညာဖြင့် ထိုးထွင်း၍ မြင်၏။ “ဤကား ဆင်းရဲဖြစ်ကြောင်းတည်း”ဟု ကြားနာရ၏၊ ထို ဆင်းရဲဖြစ်ကြောင်း၏ သဘောကိုလည်း မဂ်ပညာဖြင့် ထိုးထွင်း၍ မြင်၏။ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်)တည်း”ဟု ကြားနာရ၏၊ ထို ဆင်းရဲချုပ်ရာ (နိဗ္ဗာန်)၏ သဘောကိုလည်း မဂ်ပညာဖြင့် ထိုးထွင်း ၍ မြင်၏။ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်တည်း”ဟု ကြားနာရ၏၊ ထို ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်၏ သဘောကိုလည်း မဂ်ပညာဖြင့် ထိုးထွင်း၍ မြင်၏။ ရဟန်း ဤသို့လျှင် အကြားအမြင်ရှိသူသည် (ကိလေသာကို) ဖောက်ထွင်းတတ်သော ပညာရှိသူ ဖြစ်၏ဟု (မိန့်တော်မူ၏)။
ထိုရဟန်းသည် “အသျှင်ဘုရား ကောင်းပါပြီ”ဟု မြတ်စွာဘုရားဟောတော်မူသော တရားတော်ကို အလွန်နှစ်သက် ဝမ်းမြောက်သည်ဖြစ်၍ မြတ်စွာဘုရားအား နောက်ထပ်ပုစ္ဆာကို မေးလျှောက်ပြန်၏။ “အသျှင်ဘုရား ‘ပညာရှိ၏ ပညာကြီး၏၊ ပညာရှိ၏ ပညာကြီး၏’ဟု ဆိုအပ်ပါ၏၊ အသျှင်ဘုရား အဘယ်မျှသော အတိုင်းအရှည်ဖြင့် ပညာရှိသူ ပညာကြီးသူ ဖြစ်ပါသနည်း”ဟု (လျှောက်၏)။
ရဟန်း ကောင်းပေစွ ကောင်းပေစွ၊ ရဟန်း သင်အား ဖြစ်ပေါ်လာသော ဉာဏ်သည် ကောင်းပေ၏၊ သင်အား ထင်မြင်လာသော ဉာဏ်သည် ကောင်းပေ၏၊ အမေးပုစ္ဆာသည် ကောင်းပေ၏။ ရဟန်း သင်သည် “အသျှင်ဘုရား ‘ပညာရှိ၏ ပညာကြီး၏၊ ပညာရှိ၏ ပညာကြီး၏’ဟု ဆိုအပ်ပါ၏၊ အသျှင်ဘုရား အဘယ် မျှသော အတိုင်းအရှည်ဖြင့် ပညာရှိသူ ပညာကြီးသူ ဖြစ်ပါသနည်း”ဟု မေးလျှောက်သည် မဟုတ်လောဟု (မေးတော်မူ၏)။
“အသျှင်ဘုရား မှန်ပါ၏”။
ရဟန်း ဤသာသနာတော်၌ ပညာရှိသူ ပညာကြီးသူသည် မိမိဆင်းရဲရန် မလှုံ့ဆော်၊ သူတစ်ပါး ဆင်းရဲရန် မလှုံ့ဆော်၊ နှစ်ပါးစုံတို့ ဆင်းရဲရန် မလှုံ့ဆော်၊ ကြံစည်ခဲ့သော် မိမိ၏ အစီးအပွါး, သူတစ်ပါး၏ အစီးအပွါး, မိမိသူတစ်ပါး နှစ်ပါးစုံတို့၏ အစီးအပွါး, အလုံးစုံသော သတ္တလောက၏ အစီးအပွါးကို သာလျှင် ကြံစည်၏။ ရဟန်း ဤသို့လျှင် ပညာရှိသူ ပညာကြီးသူ ဖြစ်၏ဟု (မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။