အင်္ဂုတ္တရနိကာယ်

(၁၉) ၄-ဗြာဟ္မဏဝဂ်

၈-ဥပကသုတ်

၁၈၈။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မဏ္ဍိကာ၏သား ဥပကသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီး လျှင် တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား—

အသျှင်ဘုရား မည်သူမဆို သူတစ်ပါးအား ကဲ့ရဲ့ရှုတ်ချခြင်းကို ဖြစ်စေ၏၊ ထိုသူတစ်ပါးအား ကဲ့ရဲ့ရှုတ်ချခြင်းကို ဖြစ်စေသူ အားလုံးသည် (ကုသိုလ်တရားကို) မဖြစ်စေနိုင်၊ (ကုသိုလ်တရား) ကို့မဖြစ်စေနိုင်သူသည် ကဲ့ရဲ့ထိုက်သူ စွပ်စွဲထိုက်သူ ဖြစ်၏ဟု အကျွန်ုပ် ဤသို့ဝါဒရှိပါသည် ဤသို့အယူရှိပါသည်ဟု (လျှောက်၏)။ ဥပက မည်သူမဆို သူတစ်ပါးအား ကဲ့ရဲ့ရှုတ်ချခြင်းကို ဖြစ်စေခဲ့မူ သူတစ်ပါးအား ကဲ့ရဲ့ရှုတ်ချခြင်းကို ဖြစ်စေသူသည် ကုသိုလ်တရားကို မဖြစ်စေနိုင်ခဲ့မူ ကုသိုလ်တရားကို မဖြစ်စေနိုင်သူသည် ကဲ့ရဲ့ထိုက်သူ စွပ်စွဲထိုက်သူ ဖြစ်ခဲ့ပါမူ ဥပက သင်သည်ပင် သူတစ်ပါးကို ကဲ့ရဲ့ရှုတ်ချခြင်းကို ဖြစ်စေ၏၊ သူတစ်ပါးကို ကဲ့ရဲ့ရှုတ်ချခြင်းကို ဖြစ်စေသော သင်သည်ပင် ကုသိုလ်တရားကို မဖြစ်စေနိုင်၊ ကုသိုလ်တရားကို မဖြစ်စေနိုင်သော သင်သည်ပင် ကဲ့ရဲ့ထိုက်သူ စွပ်စွဲထိုက်သူ ဖြစ်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား ရေမှ ဦးခေါင်းပေါ်ကာမျှ ဖြစ်သော ငါးကိုပင် ကြီးစွာသော ကျော့ကွင်းဖြင့် ဖွဲ့ဘိ သကဲ့သို့ အသျှင်ဘုရား ဤအတူသာလျှင် ဦးခေါင်းပေါ်ကာမျှသာလျှင် ဖြစ်သော အကျွန်ုပ်ကို မြတ်စွာဘုရားသည် ကြီးစွာသော ဝါဒကျော့ကွင်းဖြင့် ဖွဲ့အပ်ပါ၏ဟု (လျှောက်၏)။

ဥပက ငါသည် “ဤကား အကုသိုလ်တည်း”ဟု ပညတ်၏၊ ထိုသို့ ပညတ်ရာ၌ “ဤသို့သော အကြောင်းကြောင့်လည်း ထို သဘောတရားသည် အကုသိုလ်ဖြစ်၏”ဟု (ပြသော) ပုဒ်တို့သည် အတိုင်း အရှည် မရှိကုန်၊ အက္ခရာတို့သည် အတိုင်းအရှည်မရှိကုန်၊ မြတ်စွာဘုရား၏ ဓမ္မဒေသနာသည် အတိုင်း အရှည် မရှိ၊ ဥပက ငါသည် “ထို အကုသိုလ်ကို ပယ်အပ်၏”ဟု ပညတ်၏၊ ထိုသို့ ပညတ်ရာ၌ “ဤအကြောင်းကြောင့်လည်း ထို အကုသိုလ်ကို ပယ်အပ်၏”ဟု (ပြသော) ပုဒ်တို့သည် အတိုင်းအရှည် မရှိကုန်၊ အက္ခရာတို့သည် အတိုင်းအရှည်မရှိကုန်၊ မြတ်စွာဘုရား၏ ဓမ္မဒေသနာသည် အတိုင်းအရှည်မရှိ။

ဥပက ငါသည် “ဤကား ကုသိုလ်တည်း”ဟု ပညတ်၏၊ ထိုသို့ ပညတ်ရာ၌ “ဤသို့သော အကြောင်းကြောင့် ထို သဘောတရားသည် ကုသိုလ်ဖြစ်၏”ဟု (ပြသော) ပုဒ်တို့သည် အတိုင်းအရှည် မရှိကုန်၊ အက္ခရာတို့သည် အတိုင်းအရှည်မရှိကုန်၊ မြတ်စွာဘုရား၏ ဓမ္မဒေသနာသည် အတိုင်းအရှည်မရှိ၊ ဥပက ငါသည် “ထို ကုသိုလ်ကို ပွါးများအပ်၏”ဟု ပညတ်၏၊ ထိုသို့ပညတ်ရာ၌ “ဤအကြောင်းကြောင့်လည်း ထို ကုသိုလ်ကို ပွါးများအပ်၏”ဟု (ပြသော) ပုဒ်တို့သည် အတိုင်းအရှည် မရှိကုန်၊ အက္ခရာတို့သည် အတိုင်းအရှည် မရှိကုန်၊ မြတ်စွာဘုရား၏ ဓမ္မဒေသနာသည် အတိုင်းအရှည်မရှိဟု (မိန့်တော်မူ၏)။

ထိုအခါ မဏ္ဍိကာ၏သား ဥပကသည် မြတ်စွာဘုရားဟောတော်မူအပ်သော စကားတော်ကို အလွန် နှစ်သက် ဝမ်းမြောက်၍ နေရာမှထပြီးသော် မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြုပြီးလျှင် ဝေဒေဟီ မိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ပြောဆိုခဲ့ သမျှသော စကားအလုံးစုံကို ကြားလျှောက်၏။

ဤသို့ ကြားလျှောက်သော် ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည် အမျက် ထွက်၍ မနှစ်သက်ရကား မဏ္ဍိကာ၏သား ဥပကအား “ဤဆားဖိုရွာသား သူငယ်သည် အလွန် (ဂုဏ်ကျေးဇူးကို) ဖျက်ဆီးစွတကား၊ အလွန် နှုတ်ကြမ်းစွတကား၊ အလွန် ခက်ထန်စွတကား၊ ယင်းသို့ ဆားဖိုရွာသားစင်လျက်လည်း ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထို မြတ်စွာဘုရားကို ထိပါးချုပ်ချယ်အပ်၏ဟူ၍ မှတ်ထင်ဘိ၏၊ ဥပက သင်သည် ဖဲလေလော့၊ ပျက်စီးလေလော့၊ သင့်ကို ငါမမြင်လို”ဟု ဆိုလေသတည်း။

အဋ္ဌမသုတ်။