အင်္ဂုတ္တရနိကာယ်

(၂ဝ) ၅-မဟာဝဂ်

၈-အတ္တန္တပသုတ်

၁၉၈။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်လေးယောက်တို့သည် ထင်ရှားရှိကုန်၏။ အဘယ် လေးယောက်တို့နည်းဟူမူ— ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မိမိကိုယ်ကို ပူပန်စေ တတ်၏၊ မိမိကိုယ်ကို ပူပန်စေခြင်း၌ အားထုတ်၏။ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သူတစ်ပါးတို့ကို ပူပန်စေတတ်၏၊ သူတစ်ပါးတို့ကို ပူပန်စေခြင်း၌ အားထုတ်၏။ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မိမိကိုယ်ကိုလည်း ပူပန်စေတတ်၏၊ မိမိကိုယ်ကို ပူပန်စေခြင်း၌လည်း အား ထုတ်၏၊ သူတစ်ပါးတို့ကိုလည်း ပူပန်စေတတ်၏၊ သူတစ်ပါးတို့ကို ပူပန်စေခြင်း၌လည်း အားထုတ်၏။ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မိမိကိုယ်ကိုလည်း မပူပန်စေတတ်၊ မိမိကိုယ်ကို ပူပန် စေခြင်း၌လည်း အားမထုတ်၊ သူတစ်ပါး ကိုလည်း မပူပန်စေတတ်၊ သူတစ်ပါးကို ပူပန်စေခြင်း၌လည်း အားမထုတ်၊ မိမိကိုယ်ကို မပူပန်စေတတ်သော သူတစ်ပါးကိုလည်း မပူပန်စေတတ်သော ထို ပုဂ္ဂိုလ်သည် မျက်မှောက်ဘဝ၌သာလျှင် ဆာလောင်ခြင်း တဏှာမရှိသည် (ကိလေသာမှ) ငြိမ်းအေးသည် အေးချမ်းသည် ဖြစ်၍ (ဈာန် မဂ် ဖိုလ် နိဗ္ဗာန်) ချမ်းသာကို ခံစားလျက် မြတ်သော အတ္တဘောဖြင့် နေ၏။

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် မိမိကိုယ်ကို ပူပန်စေတတ်သူ မိမိကိုယ်ကို ပူပန်စေခြင်း၌ အားထုတ်တတ်သူ ဖြစ်သနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အဝတ်မဝတ်ဘဲ နေ၏၊ လွတ်လပ်စွာ ကျင့်၏၊ လက်ဖြင့် မစင်ကို သုတ်လေ့ရှိ၏၊ အသျှင်လာပါလော့ ဆိုသူ၏ ဆွမ်းကို မခံ၊ အသျှင် ရပ်ပါဦးလော့ဆိုသူ၏ ဆွမ်းကို မခံ၊ မိမိ မကပ်ရောက်မီ ယူဆောင်လာသော ဆွမ်းကို မခံ၊ ရည်စူး၍ ပြုသော ဆွမ်းကို မခံ၊ ပင့်ဖိတ်သော ဆွမ်းကို မခံ၊ အိုးဝမှ (ကော်၍ လောင်းသော) ဆွမ်းကို့မခံ၊ တောင်းဝမှ (ကော်၍ လောင်းသော) ဆွမ်းကို မခံ၊ တံခါးခုံခြား၍ (လောင်းသော) ဆွမ်းကို မခံ၊ တုတ်ခြား၍ (လောင်းသော) ဆွမ်းကို မခံ၊ ကျည်ပွေ့ခြား၍ (လောင်းသော) ဆွမ်းကို မခံ၊ နှစ်ယောက် စားနေစဉ် (ထ၍ လောင်းသော) ဆွမ်းကို မခံ၊ ကိုယ်ဝန်ဆောင်မိန်းမ (လောင်းသော) ဆွမ်းကို မခံ၊ နို့တိုက်ဆဲမိန်းမ (လောင်းသော) ဆွမ်းကို မခံ၊ ယောကျာ်းနှင့် နှီးနှောနေသော မိန်းမ (လောင်းသော) ဆွမ်းကို မခံ၊ ဆော်သြစုပေါင်း၍ လောင်းသော ဆွမ်းတို့ကို မခံ၊ ခွေးမျှော်နေရာမှ ဆွမ်းကို မခံ၊ ယင်အုံရာမှ ဆွမ်းကို မခံ၊ ငါးမစား၊ အမဲမစား၊ သေရည်မသောက် အရက်မသောက်၊ ဖွဲ၌မြှပ်သော ဆေးရည်ကို မသောက်၊ တစ်အိမ်၌သာ ဆွမ်းခံ၏၊ တစ်လုတ်သာ စား၏၊ နှစ်အိမ်၌သာ ဆွမ်းခံ၏၊ နှစ်လုတ်သာ စား၏။ပ။ ခုနစ်အိမ်၌သာ ဆွမ်းခံ၏၊ ခုနစ်လုတ်သာ စား၏၊ ဆွမ်းလောင်းခွက်ငယ် တစ်ခု စာဖြင့်လည်း ရောင့်ရဲ၏၊ ဆွမ်းလောင်း ခွက်ငယ် နှစ်ခုစာဖြင့်လည်း ရောင့်ရဲ၏။ပ။ ဆွမ်းလောင်း ခွက်ငယ် ခုနစ်ခုစာဖြင့်လည်း ရောင့်ရဲ၏၊ တစ်ရက်ခြားလည်း အစာစား၏၊ နှစ်ရက်ခြားလည်း အစာစား၏။ပ။ ခုနစ်ရက်ခြားလည်း အစာစား၏၊ ဤနည်းဖြင့် လခွဲတစ်ကြိမ်တိုင်အောင်လည်း ဤသို့သဘောရှိသော ရက်ပိုင်းခြား၍ အစာစားခြင်းအကျင့်ကို ကျင့်လျက် နေ၏။

ထို ပုဂ္ဂိုလ်သည် ဟင်းရွက်စိမ်းကိုသော်လည်း စားနေ၏၊ ပြောင်းဆန်ကိုသော်လည်း စားနေ၏၊ ကျိတ်သီးဆန်ကိုသော်လည်း စားနေ၏၊ သားရေဖတ် အစအနကိုသော်လည်း စားနေ၏၊ မှော်ကိုသော်လည်း စားနေ၏၊ ဖွဲနုကိုသော်လည်း စားနေ၏၊ ထမင်းရည်ကိုသော်လည်းသောက်နေ၏၊ နှမ်းမုန့်ညက် ကိုသော်လည်း စားနေ၏၊ မြက်ကိုသော်လည်း စားနေ၏၊ နွားချေးကိုသော်လည်း စားနေ၏၊ တော သစ်မြစ် သစ်သီးကို စားလျက် မျှတ၏၊ ကြွေကျသော သစ်သီးကို စားလျက် မျှတ၏။

ထို ပုဂ္ဂိုလ်သည် ပိုက်ဆံလျှော်အဝတ်တို့ကိုလည်း ဝတ်၏၊ ပိုက်ဆံလျှော်နှင့် ရောနှောရက်သော အဝတ်တို့ကိုလည်း ဝတ်၏၊ လူသေကောင်မှ အဝတ်တို့ကိုလည်း ဝတ်၏၊ ပံ့သကူအဝတ်တို့ကိုလည်း ဝတ်၏၊ သစ်ခေါက်အဝတ်တို့ကိုလည်း ဝတ်၏၊ သစ်နက်ရေကိုလည်း ဝတ်၏၊ သစ်နက်ရေမျှင်အဝတ်ကိုလည်း ဝတ်၏၊ သမန်းမြက်အဝတ်ကိုလည်း ဝတ်၏၊ လျှော်တေအဝတ်ကိုလည်း ဝတ်၏၊ ပျဉ်ချပ်အဝတ်ကိုလည်း ဝတ်၏၊ ဆံခြည်ကမ္ဗလာကိုလည်း ဝတ်၏၊ သားမြီးကမ္ဗလာကိုလည်း ဝတ်၏၊ ခင်ပုပ်ငှက်တောင် အဝတ်ကိုလည်း ဝတ်၏၊ ဆံမုတ်ဆိတ်ကိုလည်း နုတ်၏၊ ဆံမုတ်ဆိတ်နုတ်ခြင်း အမှုကိုလည်း အား ထုတ်၏၊ ထိုင်ရန် နေရာကို ပယ်၍ ရပ်လျက်လည်း နေ၏၊ ဆောင့်ကြောင့်လည်း ထိုင်၏၊ ဆောင့်ကြောင့် ထိုင်နေခြင်း အမှုကိုလည်း အားထုတ်၏၊ ဆူးခင်းအပေါ်၌လည်း နေ၏၊ ဆူးခင်းအပေါ်၌ အိပ်၏၊ ညနေချမ်းလျှင် သုံးကြိမ်မြောက်ရေသို့ သက်ဆင်းခြင်း အမှုကို အားထုတ်နေ၏။ ဤနည်းဖြင့် ဤသို့ သဘောရှိသော များပြားသော ကိုယ်ကို လွန်စွာ ပူပန်စေခြင်း အဖန်တလဲလဲ ပူပန်စေခြင်း၌ အားထုတ်၍ နေ၏။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် မိမိကိုယ်ကို ပူပန်စေတတ်သူ မိမိကိုယ်ကို ပူပန်စေခြင်း၌ အားထုတ်တတ်သူ ဖြစ်၏။

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် သူတစ်ပါးတို့ကို ပူပန်စေတတ်သူ သူတစ်ပါးတို့ကို ပူပန် စေခြင်း၌ အားထုတ်တတ်သူ ဖြစ်သနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သိုးကို သတ်၏၊ ဝက်ကို သတ်၏၊ ငှက်ကို သတ်၏၊ သားကို သတ်၏၊ ကြမ်းကြုတ်၏၊ ငါးကို သတ်၏၊ ခိုးတတ်၏၊ ခိုးသူကို သတ်တတ်၏၊ နွားကို သတ်တတ်၏၊ နှောင်အိမ် အချုပ် (ထောင်) ကို စောင့် တတ်၏၊ ထိုမှတစ်ပါးကုန်သော ခပ်သိမ်းကုန်သော ကြမ်းကြုတ်သော အမှုတို့ကို ပြု၏။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် သူတစ်ပါးတို့ကို ပူပန်စေတတ်သူ သူတစ်ပါးတို့ကို ပူပန်စေခြင်း၌ အားထုတ် တတ်သူ ဖြစ်၏။

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် မိမိကိုယ်ကို ပူပန်စေတတ် မိမိကိုယ်ကို ပူပန်စေခြင်း၌ အားထုတ်တတ်သူဖြစ်၍ သူတစ်ပါးကို ပူပန်စေတတ်သူ သူတစ်ပါးကို ပူပန်စေခြင်း၌ အားထုတ်တတ်သူ့ဖြစ်သနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သောသူသည် ရေမြေကို အစိုးရသော ဦးထိပ်၌ အဘိသိက် သွန်းလောင်းအပ်ပြီးသော မင်းသော်လည်း ဖြစ်၏၊ များစွာ ဥစ္စာနှစ်ရှိသော ပုဏ္ဏားသော်လည်း ဖြစ်၏၊ ထိုသူသည် မြို့၏ အရှေ့အရပ်၌ ယဇ်တင်းကုပ်အသစ်ကို ပြုစေ၍ ဆံမုတ်ဆိတ်ကို ပယ်စေ၍ ခွါနှင့် တကွသော သစ်နက်ရေကို ဝတ်၍ ထောပတ်ဆီဖြင့် ကိုယ်ကို သုတ်လိမ်း၍ သားချိုဖြင့် ကျောက်ကုန်းကို အယားဖျောက်လျက် ယဇ်တင်းကုပ်သို့ မိဖုရား, ပုရောဟိတ်ပုဏ္ဏားနှင့် အတူဝင်၏။ ထိုသူသည် ထို ယဇ် တင်းကုပ်၌ အခင်းမရှိသော နွားချေးစိုဖြင့် လိမ်းကျံအပ်သော မြေ၌ အိပ်၏၊ အမိနှင့် အဆင်းတူသည့် နွားငယ်ရှိသော တစ်ကောင်သော နွားမ၏ တစ်ခုသော နို့၌ အကြင် နို့ရည်သည် ရှိ၏၊ ယင်းနို့ရည်ဖြင့် မင်းသည် မျှတ၏၊ နှစ်ခုမြောက်သော နို့၌ အကြင် နို့ရည်သည် ရှိ၏၊ ယင်းနို့ရည်ဖြင့် မိဖုရားသည် မျှတ၏၊ သုံးခုမြောက်သော နို့၌ အကြင် နို့ရည်သည် ရှိ၏၊ ယင်းနို့ရည်ဖြင့် ပုရောဟိတ်ပုဏ္ဏားသည် မျှတ၏၊ လေးခုမြောက်သော နို့၌ အကြင် နို့ရည်သည် ရှိ၏၊ ယင်းနို့ရည်ဖြင့် မီးပူဇော်၏၊ ကြွင်းသော နို့ရည်ဖြင့် နွားငယ်သည် မျှတ၏။ ထို မင်းသည် ဤသို့ဆို၏— “ဤမျှလောက်ကုန်သော နွားလားတို့ကို ယဇ်ပူဇော်ရန် သတ်ကြကုန်လော့၊ ဤမျှလောက်ကုန်သော နွားငယ်တို့ကို ယဇ်ပူဇော်ရန် သတ်ကြကုန် လော့၊ ဤမျှလောက်ကုန်သော နွားမငယ်တို့ကို ယဇ်ပူဇော်ရန် သတ်ကြကုန်လော့၊ ဤမျှလောက်ကုန်သော ဆိတ်တို့ကို ယဇ်ပူဇော်ရန် သတ်ကြကုန်လော့၊ ဤမျှလောက်ကုန်သော သိုးတို့ကို ယဇ်ပူဇော်ရန် သတ်ကြကုန်လော့၊ ဤမျှလောက်ကုန်သော မြင်းတို့ကို ယဇ်ပူဇော်ရန် သတ်ကြကုန်လော့၊ ဤမျှလောက် ကုန်သော သစ်ပင်တို့ကို ယဇ်တိုင်အလို့ငှါ ဖြတ်ကြကုန်လော့၊ ဤမျှလောက်ကုန်သော နေဇာမြက်တို့ကို ယဇ်ပူဇော်ရန် အကာအရံနှင့် ယဇ်ပူဇော်ရာ မြေအခင်းပြုရန်အလို့ငှါ ရိတ်ဖြတ်ကြကုန်လော့”ဟု (ဆို၏)။ ထို မင်းအား ကျွန်အစေအပါးအမှုလုပ်တို့သည်လည်း မင်းဒဏ်ဖြင့် ခြိမ်းခြောက်အပ်, ဘေးဖြင့် ခြိမ်း ခြောက်အပ်ကုန်သည် ဖြစ်၍ မျက်ရည်ရွှဲစို ငိုယိုကုန်လျက် ယဇ်ပူဇော်ရန် အသိုင်းအဝိုင်းတို့ကို ပြုရကုန်၏။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် မိမိကိုယ်ကို ပူပန်စေတတ် မိမိကိုယ်ကို ပူပန်စေခြင်း၌ အားထုတ် တတ်သူဖြစ်၍ သူတစ်ပါးကို ပူပန်စေတတ် သူတစ်ပါးကို ပူပန်စေခြင်း၌ အားထုတ်တတ်သူ ဖြစ်၏။

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် မိမိကိုယ်ကိုလည်း မပူပန်စေတတ် မိမိကိုယ်ကို ပူပန်စေခြင်း၌လည်း အားမထုတ်တတ်သူဖြစ်၍၊ သူတစ်ပါးကိုလည်း မပူပန်စေတတ် သူတစ်ပါးကို ပူပန်စေခြင်း၌လည်း အားမထုတ်တတ်သူ ဖြစ်သနည်း၊ မိမိကိုယ်ကို မပူပန်စေတတ် သူတစ်ပါးကိုလည်း မပူပန်စေတတ် သော ထို ပုဂ္ဂိုလ်သည် မျက်မှောက်ဘဝ၌ပင်လျှင် ဆာလောင်ခြင်း တဏှာမရှိသည် (ကိလေသာတို့မှ) ငြိမ်း အေးသည် အေးချမ်းသည် ဖြစ်၍ ချမ်းသာကို ခံစားလျက် မြတ်သော အတ္တဘောဖြင့် နေသနည်းဟူမူ— ရဟန်းတို့ ဤလောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူသော၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော၊ လောကကို သိတော်မူသော၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ ပုဂ္ဂိုလ် ဖြစ်တော်မူသော၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော၊ ဘုန်းတန်ခိုးကြီးတော်မူသော မြတ်စွာဘုရားသည် ပွင့်တော်မူလာ၏။ ထို မြတ်စွာဘုရားသည် နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့်တကွသော လူလောကကို ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ဟောကြားတော်မူ၏၊ ထို မြတ်စွာဘုရားသည် အစ၏ ကောင်းခြင်း အလယ်၏ ကောင်းခြင်း အဆုံး၏ ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော တရားကို ဟောတော်မူ၏၊ အလုံးစုံပြည့်စုံ၍ ထက်ဝန်းကျင်စင်ကြယ်သော မြတ်သော အကျင့်ကို ပြတော်မူ၏၊ ထိုတရားတော်ကို သူကြွယ်သည်လည်းကောင်း၊ သူကြွယ်သားသည်လည်းကောင်း၊ အခြားဇာတ်တစ်မျိုးမျိုး၌ ဖြစ်သော သူသည်လည်းကောင်း ကြားနာရ၏၊

ထိုသူသည် ထိုတရားတော်ကို ကြားနာရသောကြောင့် မြတ်စွာဘုရား၌ ယုံကြည်မှုကို ရ၏၊ ထိုသူသည် ထို ယုံကြည်မှုကို ရခြင်းနှင့် ပြည့်စုံသည် ဖြစ်၍ ဤသို့ ဆင်ခြင်၏— “လူ့ဘောင်၌ နေရခြင်းသည် ကျဉ်းမြောင်း၏၊ (ကိလေသာ) မြူထရာ လမ်းကြောင်း ဖြစ်၏၊ ရဟန်းအဖြစ်သည် လွင်ပြင်နှင့် တူ၏၊ လူ့ဘောင်၌ နေရသူသည် ဤမြတ်သော အကျင့်ကို စင်စစ် ပြည့်စုံစွာ စင်စစ် စင်ကြယ်စွာ ခရုသင်းပွတ်သစ်နှင့်တူစွာ ကျင့်ခြင်းငှါ မလွယ်၊ ငါသည် ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုး အဝတ်တို့ကို ဝတ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် (ရဟန်းပြု) ရမူ ကောင်းလေစွ”ဟု (ဆင်ခြင်၏)။ ထိုသူသည် နောင်အခါ၌နည်းသော ဥစ္စာစုကို စွန့်၍ ဖြစ်စေ များသော ဥစ္စာစုကို စွန့်၍ ဖြစ်စေနည်းသော ဆွေမျိုးကို စွန့်၍ဖြစ်စေ များသော ဆွေမျိုးစဉ်ဆက်ကို စွန့်၍ဖြစ်စေ ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးအဝတ်တို့ကို ဝတ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် (ရဟန်းပြု)၏။

ထိုသူသည် ဤသို့ ဝင်ရောက်ပြီးသော် ရဟန်းတို့၏ အဓိသီလသိက္ခာ, မြတ်စွာဘုရား ပညတ်တော်မူအပ်သော သိက္ခာပုဒ် (သာဇီဝ) သို့ ရောက်သည် ဖြစ်၍ အသက်သတ်ခြင်းကို ပယ်လျက် အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ တုတ်ကို ချထားပြီးဖြစ်၏၊ လက်နက်ကို ချထားပြီးဖြစ်၏၊ ရှက်ခြင်းရှိ၏၊ သနားတတ်၏၊ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွါးကို လိုလားလျက် နေ၏။ မပေးသည်ကို ယူခြင်း ကို ပယ်၍ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ပေးသည်ကိုသာ ယူ၏၊ ပေးသည်ကိုသာ အလိုရှိ၏၊ မခိုးမဝှက် စင်ကြယ်သော ကိုယ်ဖြင့် နေ၏။ မမြတ်သော အကျင့်ကို ပယ်၍ မြတ်သော အကျင့်ကို ကျင့်၏၊ ယုတ်သော အကျင့်ကို ကျင့်လေ့ မရှိ၊ ရွာသူတို့၏ အလေ့ဖြစ်သော မေထုန်အကျင့်မှ ရှောင်ကြဉ်၏။ မမှန်ပြောခြင်းကို ပယ်၍ မမှန်ပြောခြင်းမှ ရှောင်ကြဉ်၏၊ အမှန်ကိုသာ ဆိုလေ့ရှိ၏၊ မှန်သော စကားချင်း ဆက်စပ်စေ၏၊ တည်သောစကား ရှိ၏၊ ယုံကြည်ထိုက်သော စကားရှိ၏၊ လောကကို လှည့်စားတတ်သူ မဟုတ်။ ကုန်းစကားကို ပယ်၍ ကုန်းစကားမှ ရှောင်ကြဉ်၏၊ ဤသူတို့ ကွဲပြားခြင်းငှါ ဤသူ့ထံမှ နားထောင်၍ ထိုသူထံ၌ မပြောတတ်၊ ထိုသူတို့ ကွဲပြားခြင်းငှါ ထိုသူ့ထံမှ နားထောင်၍ ဤသူ့ထံ၌ မပြောတတ်၊ ဤသို့ကွဲပြားသူတို့ကိုလည်း စေ့စပ်တတ်၏၊ ညီညွတ်သူတို့ကိုလည်း အားပေးတတ်၏၊ ညီညွတ်ခြင်း၌ မွေ့လျော်၏၊ ညီညွတ်ခြင်း၌ ပျော်ပိုက်၏၊ ညီညွတ်ခြင်းကို နှစ်သက်၏၊ ညီညွတ်ခြင်းကို ပြုသော စကားကို ဆိုလေ့ရှိ၏။ ကြမ်းတမ်းသော စကားကို ပယ်၍ ကြမ်းတမ်းသော စကားမှ ရှောင်ကြဉ်၏၊ အကြင် စကားသည် အပြစ်ကင်း၏၊ နားချမ်းသာ၏၊ နှစ်လိုဖွယ်ရှိ၏၊ နှလုံးသို့ သက်ဝင်၏၊ ယဉ်ကျေး၏၊ လူအများ နှစ်သက်၏၊ လူအများ နှစ်ခြိုက်၏၊ ထိုသို့ သဘောရှိသော စကားကိုသာ ဆို၏။ ပြိန်ဖျင်းသော စကားကို ပယ်၍ ပြိန်ဖျင်းသော စကားမှ ရှောင်ကြဉ်၏၊ (သင့်သော) အခါ၌သာ ဆိုလေ့ရှိ၏၊ဟုတ်သည်ကိုသာ ဆိုလေ့ရှိ၏၊ အကျိုးနှင့်စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ တရားနှင့် စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ အဆုံးအမနှင့် စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ (သင့်သော) အခါ၌ အကြောင်းနှင့်တကွသော အပိုင်းအခြားရှိသော အစီးအပွါးနှင့်စပ်သော မှတ်သားလောက်သော စကားကိုသာ ဆိုလေ့ရှိ၏။

ထိုသူသည် မျိုးစေ့အပေါင်း အပင်ပေါင်းကို ဖျက်ဆီးခြင်းမှ ရှောင်ကြဉ်၏၊ ဆွမ်းတစ်နပ်သာ စား လေ့ရှိ၏၊ ညဉ့်စာစားခြင်းမှ ရှောင်ကြဉ်၏၊ နေလွဲသောအခါစားခြင်းမှ ရှောင်ကြဉ်လေ့ရှိ၏၊ ကခြင်း သီခြင်း တီးမှုတ်ခြင်း ပွဲကြည့်ခြင်းမှ ရှောင်ကြဉ်၏၊ ပန်းပန်ခြင်း နံ့သာခြယ်ခြင်း နံ့သာပျောင်းလိမ်းခြင်းမှ ရှောင်ကြဉ်၏၊ မြင့်သော နေရာ မြတ်သော နေရာမှ ရှောင်ကြဉ်၏။ ရွှေငွေကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊ ကောက်စိမ်းကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊ အသားစိမ်းကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊ မိန်းမအို မိန်းမပျိုကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊ ကျွန်မိန်းမ ကျွန်ယောကျာ်းကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊ ဆိတ်နှင့် သိုးတို့ကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊ ကြက်ဝက်တို့ကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊ ဆင် နွား မြင်း မြည်းတို့ကို့ခံယူခြင်းမှ ရှောင်ကြဉ်၏၊ လယ်ယာကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊ တမန်အမှု အစေအပါးအမှုကို ဆောင်ရွက်ခြင်းမှ ရှောင်ကြဉ်၏၊ ဝယ်မှုရောင်းမှုမှ ရှောင်ကြဉ်၏၊ ချိန်စဉ်းလဲ အသပြာစဉ်းလဲ ချိန်တွယ် တိုင်းတာစဉ်းလဲခြင်းမှ ရှောင်ကြဉ်၏၊ တံစိုးယူခြင်း လှည့်ဖြားခြင်း အတုပြုခြင်းဟူသော ကောက်ကျစ်ခြင်းတို့မှ ရှောင်ကြဉ်၏၊ ဖြတ်ခြင်း သတ်ခြင်း နှောင်ဖွဲ့ခြင်း ခရီးသွားတို့ကို လုယက်ခြင်း ရွာနိဂုံးတို့ကို ဖျက်ဆီးခြင်း ဓားပြတိုက်ခြင်းမှ ရှောင်ကြဉ်၏။

ထိုရဟန်းသည် ကိုယ်ကို မျှတစေနိုင်ရုံသော သင်္ကန်းဖြင့်, ဝမ်းကို မျှတစေနိုင်ရုံသော ဆွမ်းဖြင့် ရောင့်ရဲ၏၊ ထိုရဟန်းသည် သွားလေရာရာသို့ (ကိုယ်နှင့်အတူပါမြဲ ပရိက္ခရာမျှသာ ရှိသဖြင့်) တစ်ပါတည်း ယူပြီးဖြစ်၍သာလျှင် သွား၏၊ ဥပမာသော်ကား အတောင်ရှိသော ငှက်သည် ပျံလေရာရာသို့ မိမိအတောင် သာ ဝန်ရှိသည်ဖြစ်၍ ပျံသကဲ့သို့၊ ဤအတူ ရဟန်းသည် ကိုယ်ကို မျှတစေနိုင်ရုံသော သင်္ကန်းဖြင့်, ဝမ်းကို မျှတစေနိုင်ရုံသော ဆွမ်းဖြင့် ရောင့်ရဲ၏၊ ထိုရဟန်းသည် သွားလေရာရာသို့ (ကိုယ်နှင့် အတူပါမြဲ ပရိက္ခရာမျှသာ ရှိသဖြင့်) တစ်ပါတည်း ယူပြီး ဖြစ်၍သာလျှင် သွား၏၊ မြတ်သော ဤသီလအစုနှင့် ပြည့်စုံသော ထိုရဟန်းသည် မိမိသန္တာန်၌ အပြစ်မရှိသော ချမ်းသာကို ခံစားရ၏။

ထိုရဟန်းသည် မျက်စိဖြင့် အဆင်း ‘ရူပါရုံ’ ကို မြင်သော် (ယောကျာ်းမိန်းမစသော) သဏ္ဌာန်နိမိတ်ကို စွဲယူလေ့မရှိ၊ (လက်ခြေစသော အင်္ဂါ ပြုံးဟန်ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့ မရှိ၊ အကယ်၍ စက္ခုန္ဒြေကို မစောင့်စည်းဘဲ နေလျှင် ယင်း (စက္ခုန္ဒြေကို မစောင့်စည်းခြင်းဟူသော) အကြောင်းကြောင့် မက်မောခြင်း ‘အဘိဇ္ဈာ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ဟူသော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ထို မစောင့်စည်းသူကို အစဉ်လိုက်၍ နှိပ်စက်ကုန်ရာ၏။ ထို့ကြောင့် ထို စက္ခုန္ဒြေကို စောင့်စည်းခြင်းငှါ ကျင့်၏၊ စက္ခုန္ဒြေကို စောင့်စည်း၏၊ စက္ခုန္ဒြေ၌ စောင့်စည်းခြင်းသို့ ရောက်၏။ နားဖြင့် အသံ ‘သဒ္ဒါရုံ’ကို ကြားသော်။ပ။ နှာခေါင်းဖြင့် အနံ့ ‘ဂန္ဓာရုံ’ကို နမ်းသော်။ပ။ လျှာဖြင့် အရသာ ‘ရသာရုံ’ကို လျက်သော်။ပ။ ကိုယ်ဖြင့် အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’ ကို ထိသော်။ပ။ စိတ်ဖြင့် သဘော ‘ဓမ္မာရုံ’ကို သိသော် (ယောကျာ်းမိန်းမ စသော) အမှတ်နိမိတ်ကို စွဲယူလေ့ မရှိ၊ (လက်ခြေ စသောအင်္ဂါ ပြုံးဟန် ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့ မရှိ၊ အကယ်၍ မနိန္ဒြေကို မစောင့်စည်းဘဲ နေလျှင် ယင်း (မနိန္ဒြေကို မစောင့်စည်းခြင်းဟူသော) အကြောင်းကြောင့် မက်မောခြင်း ‘အဘိဇ္ဈာ’ နှလုံး မသာခြင်း ‘ဒေါမနဿ’ဟူသော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ထို မစောင့်စည်းသူကို အစဉ်လိုက်၍ နှိပ်စက်ကုန်ရာ၏။ ထို့ကြောင့် ထို မနိန္ဒြေကို စောင့်စည်းခြင်းငှါ ကျင့်၏၊ မနိန္ဒြေကို စောင့်စည်း၏၊ မနိန္ဒြေ၌ စောင့်စည်းခြင်းသို့ ရောက်၏။ ထိုရဟန်းသည် ဤမြတ်သော ဣန္ဒြေကို စောင့်စည်းခြင်းနှင့် ပြည့်စုံသည် ဖြစ်၍ မိမိသန္တာန်၌ ကိလေသာနှင့် မရောသော ချမ်းသာကို ခံစားရ၏။

ထိုရဟန်းသည် ရှေ့သို့ တက်ရာ နောက်သို့ ဆုတ်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ တူရှုကြည့်ရာ တစောင်း ကြည့်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ ကွေးရာ ဆန့်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ ဒုကုဋ် သပိတ် သင်္ကန်းကို ဆောင်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ စားရာ သောက်ရာ ခဲရာ လျက်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ ကျင်ကြီး ကျင်ငယ် စွန့်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ သွားရာ ရပ်ရာ ထိုင်ရာ အိပ်ရာ နိုးရာ ပြောရာ ဆိတ်ဆိတ်နေရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏။

ထိုရဟန်းသည် ဤမြတ်သော သီလအစုနှင့်လည်း ပြည့်စုံသည် ဤမြတ်သော ရောင့်ရဲခြင်းနှင့်လည်း ပြည့်စုံသည် ဤမြတ်သော ဣန္ဒြေကို စောင့်စည်းခြင်းနှင့်လည်း ပြည့်စုံသည် ဤမြတ်သော အောက်မေ့ခြင်း ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ နှင့်လည်း ပြည့်စုံသည် ဖြစ်၍ ဆိတ်ငြိမ်သော ကျောင်းအိပ်ရာနေရာကို မှီဝဲ၏၊ တောကို သစ်ပင်ရင်းကို တောင်ကို ချောက်ကို တောင်ခေါင်းကို သင်းချိုင်းကို တောအုပ်ကို လွင်ပြင် ကို ကောက်ရိုးပုံကို မှီဝဲ၏။ ထိုရဟန်းသည် ဆွမ်းခံရာမှ ပြန်ခဲ့၍ ဆွမ်းစားပြီးနောက် ထက်ဝယ့်ဖွဲ့ခွေ ပြီးလျှင် ကိုယ်ကို ဖြောင့်မတ်စွာ ထား၍ ကမ္မဋ္ဌာန်းသို့ ရှေးရှုသတိကို ဖြစ်စေလျက် ထိုင်၏။ ထိုရဟန်းသည် ဥပါဒါနက္ခန္ဓာငါးပါးဟူသော လောက၌ မက်မောခြင်း ‘အဘိဇ္ဈာ’ ကို ပယ်၍ မက်မောခြင်း ‘အဘိဇ္ဈာ’ ကင်းသော စိတ်ဖြင့် နေ၏၊ မက်မောခြင်း ‘အဘိဇ္ဈာ’မှ စိတ်ကို စင်ကြယ်စေ၏၊ ပျက်စီးစေလိုခြင်း ‘ဒေါသ’ ကို ပယ်၍ မပျက်စီးစေလိုသော စိတ်ရှိသည်ဖြစ်၍ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွါးကို လိုလားလျက် နေ၏၊ ပျက်စီးစေလိုခြင်း ‘ဒေါသ’ မှ စိတ်ကို စင်ကြယ်စေ၏၊ လေးလံထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ ကို ပယ်၍ လေးလံထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ မှ ကင်းသည်ဖြစ်၍ အောက်မေ့မှု’သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ရှိသည် အလင်းရောင်ကို မှတ်ခြင်းရှိသည် ဖြစ်၍ နေ၏၊ လေးလံ ထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’မှ စိတ်ကို စင်ကြယ်စေ၏၊ ပျံ ့လွင့်ခြင်း ‘ဥဒ္ဓစ္စ’ နောင်တ တစ်ဖန်ပူပန်ခြင်း ‘ကုက္ကုစ္စ’ ကို ပယ်၍ မိမိသန္တာန်၌ ငြိမ်းအေးသော စိတ်ရှိသည် မပျံလွင့်သည် ဖြစ်၍ နေ၏။ ပျံ ့လွင့်ခြင်း ‘ဥဒ္ဓစ္စ’ နောင်တ တစ်ဖန်ပူပန်ခြင်း ‘ကုက္ကုစ္စ’မှ စိတ်ကို စင်ကြယ်စေ၏၊ ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ ကို ပယ်၍ ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ ကို လွန် မြောက်သည့် ကုသိုလ်တရားတို့၌ သို့လော သို့လော မရှိသည်ဖြစ်၍ နေ၏၊ ယုံမှားခြင်း ‘ဝိစိကိစ္ဆာ’ မှ စိတ်ကို စင်ကြယ်စေ၏။ ထိုရဟန်းသည် စိတ်၏ ညစ်ညူးကြောင်းဖြစ်ကုန်သော ပညာ၏ အားနည်းခြင်းကို ပြုတတ်ကုန်သော ဤအပိတ်အပင် ‘နီဝရဏ’တရားငါးပါးတို့ကို ပယ်၍ ကာမတို့မှ ကင်းဆိတ်၍ သာလျှင်။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏။

ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် အညစ်အကြေးမရှိ လတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါသင့်လျော်လတ်သော် တည်တံ့လတ် သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ရှေး၌ ဖြစ်ဖူးသော ဘဝကို အောက်မေ့၍ သိသော ‘ပုဗ္ဗေ နိဝါသာနုဿတိ’ ဉာဏ်အလို့ငှါ။ပ။ သတ္တဝါတို့၏ သေခြင်းဖြစ်ပေါ်ခြင်းကို သိသော ‘စုတူပပါတဉာဏ်’ အလို့ငှါ။ပ။ အာသဝေါတရားတို့ကို ကုန်စေသော အာသဝက္ခယဉာဏ်အလို့ငှါ စိတ်ကို ရှေးရှုပို့ဆောင်၏၊ ရှေးရှုညွတ်စေ၏၊ ထိုရဟန်းသည် “ဤကား ဆင်းရဲတည်း”ဟုဟုတ်မှန်သော အတိုင်း သိ၏၊ “ဤကား ဆင်းရဲဖြစ်ခြင်း၏ အကြောင်းတည်း”ဟုဟုတ်မှန်သော အတိုင်း သိ၏၊ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်)တည်း”ဟုဟုတ်မှန်သော အတိုင်း သိ၏၊ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်တည်း”ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤသည်တို့ကား အာသဝေါတရားတို့တည်း”ဟုဟုတ်မှန် သော အတိုင်း သိ၏၊ “ဤကား အာသဝေါတရားတို့ ဖြစ်ခြင်း၏ အကြောင်းတည်း”ဟုဟုတ်မှန်သော အတိုင်း သိ၏၊ “ဤကား အာသဝေါတရားတို့ ချုပ်ရာ (နိဗ္ဗာန်)တည်း”ဟုဟုတ်မှန်သောအတိုင်း သိ၏၊ “ဤကား အာသဝေါတရားတို့ ချုပ်ရာ (နိဗ္ဗာန်သို့) ရောက်ကြောင်း အကျင့်တည်း”ဟုဟုတ်မှန်သော အတိုင်း သိ၏။

ဤသို့ သိသော ဤသို့မြင်သော ထိုရဟန်း၏ စိတ်သည် ကာမာသဝမှလည်း လွတ်မြောက်၏၊ ဘဝါသဝမှလည်း လွတ်မြောက်၏၊ အဝိဇ္ဇာသဝမှလည်း လွတ်မြောက်၏၊ လွတ်မြောက်ပြီးလတ်သော် “လွတ်မြောက်လေပြီ”ဟု အသိဉာဏ် ဖြစ်ပေါ်၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံး ပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ(မဂ်) ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ”ဟု သိ၏။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် မိမိ ကိုယ်ကိုလည်း မပူပန်စေတတ် မိမိကိုယ်ကို ပူပန်စေခြင်း၌လည်း အားမထုတ်တတ်သူဖြစ်၍ သူတစ်ပါးကိုလည်း မပူပန်စေတတ် သူတစ်ပါးကို ပူပန်စေခြင်း၌လည်း အား မထုတ်တတ်သူ ဖြစ်၏။ မိမိကိုယ်ကိုလည်း မပူပန်စေတတ် သူတစ်ပါးကိုလည်း မပူပန်စေတတ်သော ထို ပုဂ္ဂိုလ်သည် မျက်မှောက်ဘဝ၌ပင်လျှင် ဆာလောင်ခြင်းတဏှာမရှိသည် (ကိလေသာတို့မှ) ငြိမ်းအေးသည် အေးချမ်းသည် ဖြစ်၍ နိဗ္ဗာန်ချမ်းသာကို ခံစားလျက် မြတ်သော အတ္တဘောဖြင့် နေ၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်လေးယောက်တို့သည် လောက၌ ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။