အင်္ဂုတ္တရနိကာယ်

(၂ဝ) ၅-မဟာဝဂ်

၉-တဏှာသုတ်

၁၉၉။ မြတ်စွာဘုရားသည် ဤတရားကို ဟောကြားတော်မူ၏— “ရဟန်းတို့ အကြင် တဏှာသည် လွှမ်းမိုး ဖျက်ဆီးအပ် ထက်ဝန်းကျင် မြှေးယှက်အပ်သောကြောင့် ရက်ကန်းချည်ထွေးကဲ့သို့လည်းကောင်း၊ စာပေါင်းသိုက်ကဲ့သို့လည်းကောင်း၊ ဖြူဆံမြက်ပြိန်းမြက်ကဲ့သို့လည်းကောင်း ဖြစ်နေသော ဤသတ္တ လောကသည် ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာ ဖြစ်သော သံသရာကို မလွန်မြောက်နိုင်၊ ကွန်ရက်နှင့်တူသော ရွှေ့ပြောင်းလှည့်လည်တတ်, ပျံ့နှံ့တတ်, ကပ်ငြိတတ်သော ထို တဏှာကို သင်တို့အား ဟောကြားမည်၊ ထိုတရားကို နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြ ကုန်လော့၊ ဟောကြားပေအံ့”ဟု (မိန့်တော်မူ၏)။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကြကုန်၏၊ မြတ်စွာဘုရားသည် ဤတရားကို ဟောကြားတော်မူ၏—

ရဟန်းတို့ အကြင် တဏှာသည် လွှမ်းမိုးဖျက်ဆီးအပ် ထက်ဝန်းကျင် မြှေးယှက်အပ်သောကြောင့် ရက်ကန်းချည်ထွေးကဲ့သို့လည်းကောင်း၊ စာပေါင်းသိုက်ကဲ့သို့လည်းကောင်း၊ ဖြူဆံမြက် ပြိန်းမြက်ကဲ့သို့လည်းကောင်း ဖြစ်နေသော ဤသတ္တလောကသည် ချမ်းသာကင်းသော မကောင်းသောလားရာ ပျက်စီး၍ ကျရောက်ရာဖြစ်သော သံသရာကို မလွန်မြောက်နိုင်၊ ကွန်ရက်နှင့်တူသော ရွှေ့ပြောင်းလှည့်လည်တတ်, ပျံ့နှံ့တတ်, ကပ်ငြိတတ်သော ထို တဏှာဟူသည် အဘယ်နည်း၊ ရဟန်းတို့ တစ်ဆယ့်ရှစ်ပါးကုန်သော ဤတဏှာဝိစရိုက်တို့သည် အတွင်းသန္တာန်၌ဖြစ်သော ခန္ဓာငါးပါးကို စွဲ၍ ဖြစ်ကုန်၏၊ တစ်ဆယ့်ရှစ်ပါးကုန် သော ဤတဏှာဝိစရိုက်တို့သည် အပသန္တာန်၌ ဖြစ်သော ခန္ဓာငါးပါးကို စွဲ၍ ဖြစ်ကုန်၏။

အတွင်းသန္တာန်၌ဖြစ်သော ခန္ဓာငါးပါးကို စွဲ၍ ဖြစ်ကုန်သော တစ်ဆယ့်ရှစ်ပါးကုန်သော တဏှာ ဝိစရိုက်တို့သည် အဘယ်နည်း။ ရဟန်းတို့ (အတွင်းသန္တာန်၌ ခန္ဓာငါးပါးရှိလတ်သော်)

“ငါသည် ဖြစ်၏”ဟု (တဏှာ မာန ဒိဋ္ဌိ၏ အစွမ်းအားဖြင့်) စွဲယူ၏၊

(ဤသို့ ခန္ဓာငါးပါးကို ငါဟူ၍ စွဲယူလတ်သော်) “ငါသည် ဤသို့သော အခြင်းအရာအားဖြင့် ဖြစ်၏”ဟု စွဲယူ၏၊

“ငါသည် ဤသူတို့နှင့် တူ၏”ဟု စွဲယူ၏။

“ငါသည် တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်၏”ဟု စွဲယူ၏။

“ငါသည် အမြဲတည်၏”ဟု စွဲယူ၏၊

“ငါသည် အမြဲမတည်”ဟု စွဲယူ၏၊

(အတွင်းသန္တာန်၌ ခန္ဓာငါးပါးရှိလတ်သော်) “ငါသည် ဖြစ်လေသလော”ဟု စွဲယူ၏၊

“ငါသည် ဤသို့သော အခြင်းအရာရှိသည် ဖြစ်လေသလော”ဟု စွဲယူ၏၊

“ငါသည် ဤသူတို့နှင့် တူလေသလော”ဟု စွဲယူ၏၊

“ငါသည် တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်လေသလော”ဟု စွဲယူ၏။

(အတွင်းသန္တာန်၌ ခန္ဓာငါးပါး ရှိလတ်သော်) “ငါသည် ဖြစ်ပါမူကား ကောင်းလေစွ”ဟု စွဲယူ၏၊

“ငါသည် ဤသို့သော အခြင်းအရာအားဖြင့် ဖြစ်ပါမူကား ကောင်းလေစွ”ဟု စွဲယူ၏၊

“ငါသည် ဤသူတို့နှင့် တူပါမူကား ကောင်းလေစွ”ဟု စွဲယူ၏၊

“ငါသည် တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်ပါမူကား ကောင်းလေစွ”ဟု စွဲယူ၏။

(အတွင်းသန္တာန်၌ ခန္ဓာငါးပါးရှိလတ်သော်) “ငါသည် ဖြစ်လတ္တံ့”ဟု စွဲယူ၏၊

“ငါသည် ဤသို့သော အခြင်းအရာအားဖြင့် ဖြစ်လတ္တံ့”ဟု စွဲယူ၏၊

“ငါသည် ဤသူတို့နှင့် တူသည် ဖြစ်လတ္တံ့”ဟု စွဲယူ၏၊

“ငါသည် တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်လတ္တံ့”ဟု စွဲယူ၏။

အတွင်းသန္တာန်၌ ခန္ဓာငါးပါးကို စွဲ၍ တစ်ဆယ့်ရှစ်ပါးသော ဤတဏှာဝိစရိုက်တို့သည် ဖြစ်ကုန်၏။

အပသန္တာန်၌ ဖြစ်သော ခန္ဓာငါးပါးကို စွဲ၍ ဖြစ်သော တစ်ဆယ့်ရှစ်ပါးသော တဏှာဝိစရိုက်တို့ဟူသည် အဘယ်နည်း။ ရဟန်းတို့ (အပသန္တာန်၌ဖြစ်သော ခန္ဓာငါးပါးရှိလတ်သော်) “ငါသည် ဤခန္ဓာဖြင့် ဖြစ်၏”ဟု စွဲယူ၏၊

“ငါသည် ဤခန္ဓာဖြင့် ဤသို့သော အခြင်းအရာအားဖြင့် ဖြစ်၏”ဟု စွဲယူ၏၊

“ငါသည် ဤခန္ဓာဖြင့် ဤသူတို့နှင့် တူ၏”ဟု စွဲယူ၏၊

“ငါသည် ဤခန္ဓာဖြင့် တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်၏”ဟု စွဲယူ၏။

“ငါသည် ဤခန္ဓာဖြင့် အမြဲတည်၏”ဟု စွဲယူ၏၊

“ငါသည် ဤခန္ဓာဖြင့် အမြဲမတည်”ဟု စွဲယူ၏။

“ငါသည် ဤခန္ဓာဖြင့် ဖြစ်လေသလော”ဟု စွဲယူ၏၊

“ငါသည် ဤခန္ဓာဖြင့် ဤသို့သော အခြင်းအရာရှိသည် ဖြစ်လေသလော”ဟု စွဲယူ၏၊

“ငါသည် ဤခန္ဓာဖြင့် ဤသူတို့နှင့် တူလေသလော”ဟု စွဲယူ၏၊

“ငါသည် ဤခန္ဓာဖြင့် တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်လေသလော”ဟု စွဲယူ၏၊

“ငါသည် ဤခန္ဓာဖြင့် ဖြစ်ပါမူကား ကောင်းလေစွ”ဟု စွဲယူ၏၊

“ငါသည် ဤခန္ဓာဖြင့် ဤသို့သော အခြင်းအရာ ရှိပါမူကား ကောင်းလေစွ”ဟု စွဲယူ၏၊

“ငါသည် ဤခန္ဓာဖြင့် ဤသူတို့နှင့် တူပါမူကား ကောင်းလေစွ”ဟု စွဲယူ၏၊

“ငါသည် ဤခန္ဓာဖြင့် တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်ပါမူကား ကောင်းလေစွ”ဟု စွဲယူ၏၊

“ငါသည် ဤခန္ဓာဖြင့် ဖြစ်လတ္တံ့”ဟု စွဲယူ၏၊

“ငါသည် ဤခန္ဓာဖြင့် ဤသို့သော အခြင်းအရာရှိသည် ဖြစ်လတ္တံ့”ဟု စွဲယူ၏၊

“ငါသည် ဤခန္ဓာဖြင့် ဤသူတို့နှင့် တူလတ္တံ့”ဟု စွဲယူ၏၊

“ငါသည် ဤခန္ဓာဖြင့် တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်လတ္တံ့”ဟု စွဲယူ၏။

အပသန္တာန်၌ ခန္ဓာငါးပါးကို စွဲ၍ တစ်ဆယ့်ရှစ်ပါးကုန်သော ဤတဏှာဝိစရိုက်တို့သည် ဖြစ်ကုန်၏။

ဤသို့ အတွင်းသန္တာန်၌ ခန္ဓာငါးပါးကို စွဲ၍ တစ်ဆယ့်ရှစ်ပါးသော တဏှာဝိစရိုက်တို့သည် ဖြစ်ကုန်၏။ အပသန္တာန်၌ ခန္ဓာငါးပါးကိုစွဲ၍ တစ်ဆယ့်ရှစ်ပါးသော တဏှာဝိစရိုက်တို့သည် ဖြစ်ကုန်၏။ ရဟန်းတို့ ဤတဏှာဝိစရိုက်တို့ကို သုံးဆယ့်ခြောက်ပါးသော တဏှာဝိစရိုက်တို့ဟူ၍ ဆိုအပ်ကုန်၏၊ ဤအတူပင် ဤသို့သဘောရှိကုန်သော အတိတ်ကာလ၌ ဖြစ်ကုန်သော သုံးဆယ့်ခြောက်ပါးကုန်သော တဏှာ ဝိစရိုက်တို့လည်းကောင်း၊ အနာဂတ်ကာလ၌ ဖြစ်ကုန်သော သုံးဆယ့်ခြောက်ပါးကုန်သော တဏှာဝိစရိုက် တို့လည်းကောင်း၊ ပစ္စုပ္ပန်ကာလ၌ ဖြစ်ကုန်သော သုံးဆယ့်ခြောက်ပါးကုန်သော တဏှာဝိစရိုက်တို့လည်းကောင်း ဤသို့တစ်ရာ့ရှစ်ပါးကုန်သော တဏှာဝိစရိုက်တို့သည် ဖြစ်ကုန်၏။

ရဟန်းတို့ အကြင် တဏှာသည် လွှမ်းမိုးဖျက်ဆီးအပ် ထက်ဝန်းကျင် မြှေးယှက်အပ်သည် ဖြစ်သောကြောင့် ရက်ကန်းချည်ထွေးကဲ့သို့လည်းကောင်း၊ စာပေါင်းသိုက်ကဲ့သို့လည်းကောင်း၊ ဖြူဆံမြက် ပြိန်းမြက် ကဲ့သို့လည်းကောင်း ဖြစ်နေသော ဤသတ္တလောကသည် ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာဖြစ်သော သံသရာကို မလွန်မြောက်နိုင်၊ ကွန်ရက်နှင့်တူသော ရွှေ့ပြောင်း လှည့်လည်တတ်, ပျံ့နှံ့တတ်, ကပ်ငြိတတ်သော တဏှာဟူသည် ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။

နဝမသုတ်။