အင်္ဂုတ္တရနိကာယ်
(၂၁) ၁-သပ္ပုရိသဝဂ်
၆-ဒသမဂ္ဂသုတ်
၂ဝ၆။ ရဟန်းတို့ သူယုတ်မာကိုလည်းကောင်း၊ သူယုတ်မာအောက် သူယုတ်မာကိုလည်းကောင်း၊ သူတော်ကောင်းကိုလည်းကောင်း၊ သူတော်ကောင်းထက် သူတော်ကောင်းကိုလည်းကောင်း သင်တို့အား ဟောကြားပေအံ့၊ ထို (တရား) ကို နာကြကုန်လော့။ပ။
ရဟန်းတို့ သူယုတ်မာဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် မှားသော အယူရှိ၏။ပ။ မှားသော အသိဉာဏ်ရှိ၏၊ မှားသော လွတ်မြောက်မှုရှိ၏၊ ရဟန်းတို့ ဤသူကို့သူယုတ်မာဟု ဆိုအပ်၏။
ရဟန်းတို့ သူယုတ်မာအောက် သူယုတ်မာဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့ သော သူသည် မိမိလည်း မှားသော အယူရှိ၏၊ သူတစ်ပါးကိုလည်း မှားသော အယူ၌ ဆောက်တည် စေ၏။ပ။ မိမိလည်း မှားသော အသိဉာဏ်ရှိ၏၊ သူတစ်ပါးကိုလည်း မှားသော အသိဉာဏ်၌ ဆောက်တည် စေ၏။ မိမိလည်း မှားသော လွတ်မြောက်မှုရှိ၏၊ သူတစ်ပါးကိုလည်း မှားသော လွတ်မြောက်မှု၌ ဆောက်တည်စေ၏။ ရဟန်းတို့ ဤသူကို သူယုတ်မာအောက် သူယုတ်မာဟု ဆိုအပ်၏။
ရဟန်းတို့ သူတော်ကောင်းဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် မှန်သော အယူရှိ၏။ပ။ မှန်သော အသိဉာဏ်ရှိ၏၊ မှန်သော လွတ်မြောက်မှုရှိ၏၊ ရဟန်းတို့ ဤသူကို သူတော်ကောင်းဟု ဆိုအပ်၏။
ရဟန်းတို့ သူတော်ကောင်းထက် သူတော်ကောင်းဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် မိမိလည်း မှန်သော အယူရှိ၏၊ သူတစ်ပါးကိုလည်း မှန်သော အယူ၌ ဆောက် တည်စေ၏။ပ။ မိမိလည်း မှန်သော အသိဉာဏ်ရှိ၏၊ သူတစ်ပါးကိုလည်း မှန်သော အသိဉာဏ်၌ ဆောက် တည်စေ၏။ မိမိလည်း မှန်သော လွတ်မြောက်မှုရှိ၏၊ သူတစ်ပါးကိုလည်း မှန်သော လွတ်မြောက်မှု၌ ဆောက်တည်စေ၏။ ရဟန်းတို့ ဤသူကို သူတော်ကောင်းထက် သူတော်ကောင်းဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။