အင်္ဂုတ္တရနိကာယ်

၃-ဥရုဝေလဝဂ်

၄-ကာဠကာရာမသုတ်

၂၄။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာကေတမြို့ ကာဠကသူဌေး၏ အရံ၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟု မိန့်တော်မူ၏။ ရဟန်းတို့သည် “အသျှင်ဘုရား”ဟု မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—

ရဟန်းတို့ နတ် မာရ်နတ် ဗြဟ္မာတို့နှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောကသည် မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရအပ် ရှာမှီးအပ် စိတ်ဖြင့် အဖန်ဖန် ကျက်စားအပ်သော အာရုံအလုံးစုံကို ငါသိ၏။

ရဟန်းတို့ နတ် မာရ်နတ် ဗြဟ္မာတို့နှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောကသည် မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရအပ် ရှာမှီးအပ် စိတ်ဖြင့် အဖန်ဖန် ကျက်စားအပ်သော အာရုံအလုံးစုံကို ထူးသော ဉာဏ်ဖြင့် သိပြီးပြီ၊ ထို အာရုံအလုံးစုံကို မြတ်စွာဘုရားသည် ထင်စွာသိအပ်ပြီးပြီ၊ ထို အာရုံအလုံးစုံသို့ မြတ်စွာဘုရားသည် (တဏှာ ဒိဋ္ဌိတို့ဖြင့်) ကပ်ရောက်တော်မမူ။

ရဟန်းတို့ နတ် မာရ်နတ် ဗြဟ္မာတို့နှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောကသည် မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရအပ် ရှာမှီးအပ် စိတ်ဖြင့် အဖန်ဖန် ကျက်စားအပ်သော အာရုံအလုံးစုံကို ငါမသိဟု ဆိုငြားအံ့၊ ငါ၏ စကားသည် အမှားဖြစ်ရာ၏။

ရဟန်းတို့။ပ။ ထို အာရုံအားလုံးကို ငါသိလည်း သိ၏၊ ငါသိလည်း မသိဟု ဆိုငြားအံ့၊ ငါ၏ ထို စကားသည် ထို့အတူသာ (အမှား) ဖြစ်ရာ၏။

ရဟန်းတို့။ပ။ ထို အာရုံအားလုံးကို ငါသိသည် မဟုတ်၊ မသိသည်လည်း မဟုတ်ဟု ဆိုငြားအံ့၊ ငါ၏ ထို စကားသည် အပြစ် ဖြစ်ရာ၏။

ရဟန်းတို့ ဤသို့လျှင် မြတ်စွာဘုရားသည် မြင်ရမည်ကို မြင်၍ မြင်ပြီးသည်ကို (တဏှာ မာန့ဒိဋ္ဌိတို့ဖြင့်) မအောက်မေ့၊ မမြင်ရသေးသည်ကို (တဏှာ မာန ဒိဋ္ဌိတို့ဖြင့်) မအောက်မေ့၊ မြင်နေသည်ကို (တဏှာ မာန ဒိဋ္ဌိတို့ ဖြင့်) မအောက်မေ့၊ မြင်တတ်သူကို (တဏှာ မာန ဒိဋ္ဌိတို့ဖြင့်) မအောက်မေ့။ ကြားရမည့် အရာကို ကြား၍ ကြားပြီးသည်ကို (တဏှာ မာန ဒိဋ္ဌိတို့ဖြင့်) မအောက်မေ့၊ မကြား ရသေးသည်ကို (တဏှာ မာန ဒိဋ္ဌိတို့ဖြင့်) မအောက်မေ့၊ ကြားနေသည်ကို (တဏှာ မာန ဒိဋ္ဌိတို့ဖြင့်) မအောက်မေ့၊ ကြားတတ်သူကို (တဏှာ မာန ဒိဋ္ဌိတို့ဖြင့်) မအောက်မေ့၊ တွေ့ရမည့်အရာကို တွေ့၍ တွေ့ပြီးသည်ကို (တဏှာ မာန ဒိဋ္ဌိတို့ဖြင့်) မအောက်မေ့၊ မတွေ့ရသေးသည်ကို (တဏှာ မာန ဒိဋ္ဌိတို့ဖြင့်) မအောက်မေ့၊ တွေ့နေသည်ကို (တဏှာ မာန ဒိဋ္ဌိတို့ဖြင့်) မအောက်မေ့၊ တွေ့တတ်သူကို (တဏှာ မာန ဒိဋ္ဌိတို့ဖြင့်) မအောက်မေ့။ သိရမည့် အရာကို သိ၍ သိပြီးသည်ကို (တဏှာ မာန ဒိဋ္ဌိတို့ဖြင့်) မအောက်မေ့၊ မသိရသေးသည်ကို (တဏှာ မာန ဒိဋ္ဌိတို့ဖြင့်) မအောက်မေ့၊ သိနေသည်ကို (တဏှာ မာန ဒိဋ္ဌိတို့ဖြင့်) မအောက်မေ့၊ သိတတ်သူကို (တဏှာ မာန ဒိဋ္ဌိတို့ဖြင့်) မအောက်မေ့။ ရဟန်းတို့ ဤသို့လျှင် မြတ်စွာဘုရားသည် မြင်အပ် ကြားအပ် တွေ့အပ် သိအပ်သော အရုံတရားတို့၌ (ကောင်း, ဆိုးနှစ်ခု) ထပ်တူ ရှုတော်မူတတ်သည် ဖြစ်၍သာလျှင် တာဒီ မည်တော်မူ၏၊ ထို မြတ်စွာဘုရားတည်းဟူသော တာဒီ ပုဂ္ဂိုလ်မှ တစ်ပါး အခြား ထို့ထက် သာလွန်သော မြင့်မြတ်သော တာဒီပုဂ္ဂိုလ် မရှိဟု ငါဆို၏ဟု (မိန့်တော်မူ၏)။

အကြင်သူတို့သည် သူတစ်ပါးတို့ မြင်အပ် ကြားအပ် တွေ့အပ်သော အာရုံ အလုံးစုံကို အမှန်ဟု အောက်မေ့၍ (တဏှာဖြင့်) လွှမ်းမိုးပြီးဆုံးစေအပ်၏၊ မိမိ ကိုယ်တိုင် စောင့်စည်း၏ဟုဆိုသော ထို (မိစ္ဆာအယူရှိ) သူတို့၌ တာဒီဂုဏ် မရှိ၊ ထို (မိစ္ဆာအယူရှိ) သူတို့၏ မှန်သော စကားကိုလည်းကောင်း၊ ချွတ်ယွင်းသော စကားကိုလည်းကောင်း အမွန်အမြတ်ပြု၍ စိတ်၌ မထားရာ။ ထို မိစ္ဆာဒိဋ္ဌိတည်းဟူသော ငြောင့်ကိုလည်း ရှေးဦးကပင် မြင်၍ အကြင် (ခြောက်ဆယ့်နှစ်ပါးသော မိစ္ဆာ) အယူ၌ သတ္တဝါအပေါင်းသည် လွှမ်းမိုး ပြီးဆုံး စေ၏၊ ကပ်ငြိ၏၊ ထို (ခြောက်ဆယ့်နှစ်ပါးသော မိစ္ဆာ) အယူကို ငါသည် သိ၏၊ မြင်၏၊ (ထို သတ္တဝါအပေါင်းသည် တဏှာဖြင့် လွှမ်းမိုး၍ ပြီးဆုံးစေအပ်သကဲ့သို့) ထို့အတူ မြတ်စွာဘုရားတို့အား (တဏှာဖြင့်) လွှမ်းမိုး၍ ပြီးဆုံးစေခြင်းသည် မရှိ။

စတုတ္ထသုတ်။