အင်္ဂုတ္တရနိကာယ်

(၂၆) ၆-အဘိညာဝဂ်

၄-မာလုကျပုတ္တသုတ်

၂၅၇။ ထိုအခါ အသျှင်မာလုကျပုတ္တသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်လျက် ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား—

အသျှင်ဘုရား အကျွန်ုပ်အား အကျဉ်းအားဖြင့်တရားတော်ကို ဟောတော်မူရန် တောင်းပန်ပါ၏၊ အကျွန်ုပ်သည် မြတ်စွာဘုရား၏တရားတော်ကို ကြားနာရပြီးနောက် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့ မလျော့ ပြင်းထန်စွာ အားထုတ်ကာ နိဗ္ဗာန်သို့ စေလွှတ်ထားသော စိတ်ရှိသည်ဖြစ်၍့နေပါအံ့ဟု လျှောက်၏။ မာလုကျပုတ္တ ဤအရာ၌ သင်ကဲ့သို့ အိုမင်း၍ ကြီးမားရင့်ရော်နေသူက ငါဘုရား အား အကျဉ်းအားဖြင့် အဆုံးအမကို တောင်းဘိမူ ယခုအခါ ငယ်ရွယ်သူ ရဟန်းတို့ကို အဘယ်သို့ ဆိုရကုန်အံ့နည်းဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်အား အကျဉ်းအားဖြင့်တရားကို ဟောတော်မူပါလော့၊ မြတ်စွာဘုရားသည် အကျဉ်းအားဖြင့်တရားကို ဟောတော်မူပါလော့၊ အကျွန်ုပ်သည် မြတ်စွာဘုရား ဟောတော်မူအပ်သော တရား၏ အနက်ကို သိကောင်း တန်ရာပါ၏၊ အကျွန်ုပ်သည် မြတ်စွာဘုရား ဟောတော်မူသော တရားတော်၏ အမွေခံ ဖြစ်နိုင်ကောင်း တန်ရာပါ၏ဟု (လျှောက်၏)။ မာလုကျပုတ္တ တဏှာဖြစ်ကြောင်းတို့သည် ဤလေးမျိုးတို့တည်း။ ရဟန်းအား တဏှာ ဖြစ်ပေါ်ခဲ့သော် ယင်းလေးမျိုးတို့၌ ဖြစ်ပေါ်၏၊ အဘယ်လေးမျိုးတို့နည်းဟူမူ— မာလုကျပုတ္တရဟန်းအား တဏှာဖြစ်ပေါ်ခဲ့သော် သင်္ကန်းဟူသော အကြောင်းကြောင့်မူလည်း ဖြစ်ပေါ်၏၊ မာလုကျပုတ္တရဟန်းအား တဏှာဖြစ်ပေါ်ခဲ့သော် ဆွမ်းဟူသော အကြောင်းကြောင့်မူလည်း ဖြစ်ပေါ်၏။ မာလုကျပုတ္တရဟန်းအား တဏှာဖြစ်ပေါ်ခဲ့သော် ကျောင်းအိပ်ရာနေရာဟူသော အကြောင်းကြောင့်မူလည်း ဖြစ်ပေါ်၏၊ မာလုကျပုတ္တ ရဟန်းအား တဏှာဖြစ်ပေါ်ခဲ့သော် ဆေးပစ္စည်းဟူသော အကြောင်းကြောင့်မူလည်း ဖြစ်ပေါ်၏၊ မာလုကျ ပုတ္တတဏှာ ဖြစ်ကြောင်းတို့သည် ဤလေးမျိုးတို့တည်း။ ရဟန်းအား တဏှာဖြစ်ပေါ်ခဲ့သော် ယင်း လေးမျိုးတို့၌ ဖြစ်ပေါ်၏။ မာလုကျပုတ္တ အကြင် အခါ၌ ရဟန်းသည် တဏှာကို ပယ်ပြီးဖြစ်၏၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီးဖြစ်၏၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးဖြစ်၏၊ တစ်ဖန် မဖြစ်ခြင်းကို ပြုပြီးဖြစ်၏၊ နောင်တစ်ဖန် ဖြစ်ခြင်းသဘော မရှိ။ မာလုကျပုတ္တ (ထိုအခါ) ဤရဟန်းကို တဏှာဖြတ်ပြီးသော ရဟန်း, သံယောဇဉ်ကို လွန်မြောက်ပြီးသော ရဟန်းဟူ၍ ဆိုအပ်၏၊ ကောင်းစွာ မာနကို နုတ်ပယ်ခြင်းဟူသော အကြောင်းကြောင့် ဒုက္ခအဆုံးကို ပြုပြီးသော ရဟန်းဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ထိုအခါ မြတ်စွာဘုရားက ဤအဆုံးအမဖြင့် ဆုံးမအပ်သော အသျှင်မာလုကျပုတ္တသည် နေရာမှ ထ၍ မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြုကာ ဖဲသွားလေ၏။ ထိုအခါ အသျှင်မာလုကျပုတ္တသည် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့ ပြင်းထန်စွာ အားထုတ်လျက် နိဗ္ဗာန်သို့ စေလွှတ်ထားသော စိတ်ရှိသည်ဖြစ်၍ နေသည်ရှိသော် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် (ရဟန်းပြု) ကြသော အမျိုးသားတို့ လိုလားအပ်သည့် အတုမဲ့မြတ်သော အကျင့်မြတ်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်အကျိုးကို မကြာမီ ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေရ၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ(မဂ်) ကိစ္စအလို့ငှါ အခြား ပြုဖွယ်မရှိတော့ပြီ”ဟု သိ၏။ အသျှင်မာလုကျပုတ္တသည် ရဟန္တာတို့တွင် တစ်ပါးအပါအဝင် ဖြစ်လေသတည်း။

စတုတ္ထသုတ်။