အင်္ဂုတ္တရနိကာယ်

(၂၆) ၆-အဘိညာဝဂ်

၅-ကုလသုတ်

၂၅၈။ ရဟန်းတို့ စည်းစိမ်ဥစ္စာတို့၌ များပြားခြင်းသို့ ရောက်ကြကုန်ပြီး၍ ကြာမြင့်စွာ မတည် ကုန်သော အမျိုးသားအားလုံးတို့သည် အကြောင်းလေးမျိုးလုံးတို့ကြောင့်သော်လည်းကောင်း၊ ယင်း လေးမျိုးတို့တွင် တစ်မျိုးမျိုးသော အကြောင်းကြောင့်သော်လည်းကောင်း ဖြစ်ကုန်၏။ အဘယ်အကြောင်း လေးမျိုးတို့နည်းဟူမူ— ပျောက်သော ပစ္စည်းဥစ္စာကို မရှာမှီးကုန်၊ ဆွေးမြေ ့ဟောင်းနွမ်းသော ပစ္စည်း ဥစ္စာကို ထပ်မံ၍ မပြုပြင်ကုန်၊ အတိုင်းအရှည်မရှိ သောက်စားကုန်၏၊ အကျင့်သီလမရှိသော မိန်းမကို ဖြစ်စေ ယောကျာ်းကိုဖြစ်စေ အကြီးအမှူး (ဘဏ္ဍာစိုး) အရာ၌ ထားကုန်၏။ ရဟန်းတို့ စည်းစိမ်ဥစ္စာ များပြားခြင်းသို့ ရောက်ကြကုန်ပြီး၍ ကြာမြင့်စွာ မတည်ကုန်သော အမျိုးသားအားလုံးတို့သည် ဤ့အကြောင်းလေးမျိုးလုံးတို့ကြောင့်သော်လည်းကောင်း၊ ယင်းလေးမျိုးတို့တွင် တစ်မျိုးမျိုးသော အကြောင်းကြောင့်သော်လည်းကောင်း ဖြစ်ကုန်၏။

ရဟန်းတို့ စည်းစိမ်ဥစ္စာတို့၌ များပြားခြင်းသို့ ရောက်ကြကုန်ပြီး၍ ကြာမြင့်စွာ တည်ကုန်သော အမျိုးသားအားလုံးတို့သည် အကြောင်းလေးမျိုးလုံးတို့ကြောင့်သော်လည်းကောင်း၊ ယင်းလေးမျိုးတို့တွင် တစ်မျိုးမျိုးသော အကြောင်းကြောင့်သော်လည်းကောင်း ဖြစ်ကုန်၏။ အဘယ်အကြောင်းလေးမျိုးတို့နည်းဟူမူ— ပျောက်သော ပစ္စည်းဥစ္စာကို ရှာမှီးကုန်၏၊ ဆွေးမြေ ့ဟောင်းနွမ်းသော ပစ္စည်းဥစ္စာကို ထပ်မံ၍ ပြုပြင်ကုန်၏၊ အတိုင်းအရှည်ရှိသဖြင့် သောက်စားကုန်၏၊ အကျင့်သီလရှိသော မိန်းမကိုဖြစ်စေ ယောကျာ်း ကိုဖြစ်စေ အကြီးအမှူး (ဘဏ္ဍာစိုး) အရာ၌ ထားကုန်၏။ ရဟန်းတို့ စည်းစိမ်ဥစ္စာ များပြားခြင်းသို့ ရောက်ကြကုန်ပြီး၍ ကြာမြင့်စွာ တည်ကုန်သော အမျိုးသားအားလုံးတို့သည် ဤအကြောင်းလေးမျိုးတို့ကြောင့်သော်လည်းကောင်း၊ ယင်းအကြောင်းလေးမျိုးတို့တွင် တစ်မျိုးမျိုးသော အကြောင်းကြောင့်သော်လည်းကောင်း ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။