အင်္ဂုတ္တရနိကာယ်

(၂၆) ၆-အဘိညာဝဂ်

၇-ဒုတိယ အာဇာနီယသုတ်

၂၆ဝ။ ရဟန်းတို့ အင်္ဂါလေးမျိုးတို့နှင့် ပြည့်စုံသော အာဇာနည်မြင်းကောင်းသည် မင်းအား ထိုက်၏၊ မင်း၏ အသုံးအဆောင် ဖြစ်၏၊ မင်း၏ အင်္ဂါအစိတ်အပိုင်းဟူ၍ ရေတွက်ခြင်းသို့ ရောက်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤလောက၌ အာဇာနည်မြင်းကောင်းသည် အဆင်းနှင့်လည်း ပြည့်စုံ၏။ ခွန်အားနှင့်လည်း ပြည့်စုံ၏၊ လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ၏၊ အလုံးအရပ်နှင့်လည်း ပြည့်စုံ၏၊ ရဟန်းတို့ အင်္ဂါလေးမျိုးတို့နှင့် ပြည့်စုံသော အာဇာနည်မြင်းကောင်းသည် မင်းအား ထိုက်၏၊ မင်း၏ အသုံးအဆောင် ဖြစ်၏၊ မင်း၏ အင်္ဂါအစိတ်အပိုင်းဟူ၍သာလျှင် ရေတွက်ခြင်းသို့ ရောက်၏။

ရဟန်းတို့ ဤအတူသာလျှင်တရားလေးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်၏၊ အဘယ်လေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အဆင်းနှင့်လည်း ပြည့်စုံ၏၊ ခွန်အားနှင့်လည်း ပြည့်စုံ၏၊ လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ၏၊ အလုံးအရပ်နှင့်လည်း ပြည့်စုံ၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အဆင်းနှင့် ပြည့်စုံသနည်း၊ ရဟန်းတို့ ဤသာသနာ တော်၌ ရဟန်းသည် သီလရှိ၏။ပ။ သိက္ခာပုဒ်တို့၌ ဆောက်တည်၍ ကျင့်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အဆင်းနှင့် ပြည့်စုံ၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ခွန်အားနှင့် ပြည့်စုံသနည်း၊ ရဟန်းတို့ ဤသာသနာ တော်၌ ရဟန်းသည် အကုသိုလ်တရားတို့ကို ပယ်ရန် ကုသိုလ်တရားတို့ကို ပြည့်စုံစေရန် ထက်သန်သော လုံ့လရှိလျက် နေ၏၊ အားအစွမ်းရှိ၏၊ မြဲမြံသော အားထုတ်ခြင်းရှိ၏၊ ကုသိုလ်တရားတို့၌ တာဝန်ကို ပစ်ချထားခြင်း မရှိ။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ခွန်အားနှင့် ပြည့်စုံ၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် လျင်မြန်ခြင်းနှင့် ပြည့်စုံသနည်း၊ ရဟန်းတို့ ဤသာသနာ တော်၌ ရဟန်းသည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့်။ပ။ မျက်မှောက်ပြုလျက် ရောက်၍ နေ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် လျင်မြန်ခြင်းနှင့် ပြည့်စုံ၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အလုံးအရပ်နှင့် ပြည့်စုံသနည်း၊ ရဟန်းတို့ ဤသာသနာ တော်၌ ရဟန်းသည် သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ဖြစ်သော ဆေးအသုံးအဆောင်တို့ကို ရ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အလုံးအရပ်နှင့် ပြည့်စုံ၏။ ရဟန်းတို့ ဤအင်္ဂါလေးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်၏။ပ။ သတ္တဝါ အပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။