အင်္ဂုတ္တရနိကာယ်

၃-ဥရုဝေလဝဂ်

၇-သန္တုဋ္ဌိသုတ်

၂၇။ ရဟန်းတို့ တာဝန်လည်းနည်း၍ ရလည်း ရလွယ်ကုန်သော ပစ္စည်းတို့သည် ဤလေးမျိုးတို့တည်း၊ ထို ပစ္စည်းတို့သည် အပြစ်လည်း မရှိကုန်။ အဘယ်လေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ သင်္ကန်းတို့တွင် ပံ့သကူသင်္ကန်းသည် တာဝန်လည်းနည်း၏၊ ရလည်း ရလွယ်၏၊ ထို သင်္ကန်းသည် အပြစ်လည်း မရှိ။ ရဟန်းတို့ စားဖွယ်တို့တွင် ဆွမ်းခံလှည့်လည်၍ ရအပ်သော ဆွမ်းသည် တာဝန်လည်းနည်း၏၊ ရလည်း ရလွယ်၏၊ ထို ဆွမ်းသည် အပြစ်လည်း မရှိ။ ရဟန်းတို့ ကျောင်းတို့တွင် သစ်ပင် ရင်းဟူသော ကျောင်းသည် တာဝန်လည်းနည်း၏၊ ရလည်း ရလွယ်၏၊ ထို ကျောင်းသည် အပြစ်လည်း မရှိ။ ရဟန်းတို့ ဆေးတို့တွင် နွားကျင်ငယ်ပုပ်တည်းဟူသော ဆေးသည် တာဝန်လည်းနည်း၏၊ ရလည်း ရလွယ်၏၊ ထို ဆေးသည် အပြစ်လည်း မရှိ။ ရဟန်းတို့ တာဝန်လည်းနည်း၍ ရလည်း ရလွယ်ကုန်သော ပစ္စည်းတို့သည် ဤလေးမျိုးတို့တည်း၊ ထို ပစ္စည်းတို့သည် အပြစ်လည်း မရှိကုန်။ ရဟန်းတို့ ရဟန်းသည် တာဝန်နည်း၍ ရလွယ်သော ပစ္စည်းဖြင့် ရောင့်ရဲ၏၊ ဤသို့ ရောင့်ရဲခြင်းကို “ရဟန်း၏ ရဟန်းအဖြစ်”ဟူသော အဂ ငါ်္တစ်ပါးဟု ငါဆို၏ဟု (မိန့်တော်မူ၏)။

တာဝန်လည်းနည်း ရလည်း ရလွယ် အပြစ်လည်း မရှိသော ပစ္စည်းဖြင့် ရောင့်ရဲသော ရဟန်းအား ကျောင်းကိုလည်းကောင်း၊ သင်္ကန်းကိုလည်းကောင်း၊ သောက်ဖွယ်စားဖွယ်ကိုလည်းကောင်း အကြောင်းပြု၍ စိတ်၏ ပင်ပန်းခြင်း ကင်း၏။ အရပ်မျက်နှာကိုလည်း မထိခိုက်။ ရဟန်းတရားအားလျော်သော အကြင် တရားတို့ကို ထို မြတ်စွာဘုရားသည် ဟောတော်မူ၏၊ မမေ့မလျော့သော သတိရှိသည် ဖြစ်၍ ကျင့်သော၊ နှစ်သက်သော စိတ်ရှိသော ရဟန်းသည် (ထိုတရားတို့ကို) သိမ်းဆည်း၍ ယူအပ်လေသတည်း။

သတ္တမသုတ်။