အင်္ဂုတ္တရနိကာယ်

၃-ဥရုဝေလဝဂ်

၈-အရိယဝံသသုတ်

၂၈။ ရဟန်းတို့ အမြတ်ဟု သိအပ်ကုန်သော ရှည်မြင့်စွာသော ကာလတို့က ဖြစ်၏ဟု သိအပ်ကုန် သော (ဘုရား ပစ္စေကဗုဒ္ဓါ သာဝကတို့၏) အနွယ်အဆက်ဟု သိအပ်ကုန်သော၊ ရှေးကျကုန်သော အရိယာတို့၏ အနွယ်အဆက်ဖြစ်ကုန်သော ‘အရိယဝံသ’တရားတို့သည် ဤလေးမျိုးတို့တည်း။ (ထိုတရားတို့ကို) မပယ်အပ်ကုန်၊ (ဘုရားသျှင်တို့သည်) မပယ်ဖူးကုန်၊ ယခုလည်း မပယ်ကြကုန်၊ နောင်လည်း ပယ်လိမ့်မည် မဟုတ်ကုန်၊ ပညာရှိ သမဏဗြာဟ္မဏတို့ မကဲ့ရဲ့အပ်ကုန်။ အဘယ်လေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ရတတ်သမျှသော သင်္ကန်းဖြင့် ရောင့်ရဲ၏၊ ရတတ်သမျှသော သင်္ကန်းဖြင့် ရောင့်ရဲခြင်း၏ ဂုဏ်ကိုလည်း ဆိုလေ့ရှိ၏၊ သင်္ကန်းဟူသော အကြောင်းကြောင့် မလျောက်ပတ် မအပ်သော ရှာမှီးခြင်းသို့လည်း မရောက်၊ သင်္ကန်းကို မရ၍လည်း မတောင့်တ၊ သင်္ကန်းကို ရပြီး၍လည်း မမက်မော မတွေဝေ၊ (တဏှာဖြင့်) မလွှမ်းမိုး၊ အပြစ်ကို ရှုလေ့ ရှိသည် ဖြစ်၍ ထွက်မြောက်ကြောင်းကို သိလျက် သုံးဆောင်၏၊ ထို ရတတ်သမျှသော သင်္ကန်းဖြင့် ရောင့်ရဲခြင်းဖြင့်လည်း မိမိကိုယ်ကို မချီးမြှောက်၊ သူတစ်ပါးကို မရှုတ်ချ၊ အကြင် ရဟန်းသည် ထို ရောင့်ရဲမှု၌ ကျွမ်းကျင်၏၊ ပျင်းရိခြင်း မရှိ၊ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ ရှိ၏၊ သတိနှင့် ယှဉ်၏။ ရဟန်းတို့ ဤရဟန်းကို ရှေးကျသော အမြတ်ဟု သိအပ်သော အရိယာတို့၏ အနွယ်အဆက်၌ တည်သော ရဟန်းဟု ဆိုအပ်၏။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် ရတတ်သမျှသော ဆွမ်းဖြင့် ရောင့်ရဲ၏၊ ရတတ် သမျှသော ဆွမ်းဖြင့် ရောင့်ရဲခြင်း၏ ဂုဏ်ကိုလည်း ဆိုလေ့ရှိ၏၊ ဆွမ်းဟူသော အကြောင်းကြောင့် မလျောက်ပတ် မအပ်သော ရှာမှီးခြင်းသို့လည်း မရောက်၊ ဆွမ်းကို မရ၍လည်း မတောင့်တ၊ ဆွမ်းကို ရပြီး၍လည်း မမက်မော မတွေဝေ၊ (တဏှာဖြင့်) မလွှမ်းမိုး၊ အပြစ်ကို ရှုလေ့ရှိသည်ဖြစ်၍ ထွက်မြောက် ကြောင်းကို သိလျက် သုံးဆောင်၏၊ ထို ရတတ်သမျှသော ဆွမ်းဖြင့် ရောင့်ရဲခြင်းဖြင့်လည်း မိမိကိုယ်ကို မချီးမြှောက်၊ သူတစ်ပါးကို မရှုတ်ချ၊ အကြင် ရဟန်းသည် ထို ရောင့်ရဲမှု၌ ကျွမ်းကျင်၏၊ ပျင်းရိခြင်း မရှိ၊ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ ရှိ၏၊ သတိနှင့် ယှဉ်၏။ ရဟန်းတို့ ဤရဟန်းကို ရှေးကျသော အမြတ်ဟု သိအပ်သော အရိယာတို့၏ အနွယ်အဆက်၌ တည်သော ရဟန်းဟု ဆိုအပ်၏။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် ရတတ်သမျှသော အိပ်ရာ နေရာ ‘ကျောင်း’ ဖြင့် ရောင့်ရဲ၏၊ ရတတ်သမျှသော အိပ်ရာ နေရာ ‘ကျောင်း’ဖြင့် ရောင့်ရဲခြင်း၏ ဂုဏ်ကိုလည်း ဆိုလေ့ရှိ၏၊ အိပ်ရာနေရာ ‘ကျောင်း’ဟူသော အကြောင်းကြောင့် မလျောက်ပတ်သော မအပ်သော ရှာမှီးခြင်းသို့လည်း မရောက်၊ အိပ်ရာ နေရာ ‘ကျောင်း’ ကို မရ၍လည်း မတောင့်တ၊ ရပြီး၍လည်း မမက်မော မတွေဝေ၊ (တဏှာဖြင့်) မလွှမ်းမိုး၊ အပြစ်ကို ရှုလေ့ရှိသည် ဖြစ်၍ ထွက်မြောက်ကြောင်းကို သိလျက် သုံးဆောင်၏၊ ထို ရတတ်သမျှသော အိပ်ရာနေရာ ‘ကျောင်း’ ဖြင့် ရောင့်ရဲခြင်းဖြင့်လည်း မိမိကိုယ်ကို မချီးမြှောက်၊ သူတစ်ပါးကို မရှုတ်ချ၊ အကြင် ရဟန်းသည် ထို ရောင့်ရဲမှု၌ ကျွမ်းကျင်၏၊ ပျင်းရိခြင်း မရှိ၊ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ ရှိ၏၊ သတိနှင့် ယှဉ်၏။ ရဟန်းတို့ ဤရဟန်းကို ရှေးကျသော အမြတ်ဟု သိအပ်သော အရိယာတို့၏ အနွယ်အဆက်၌ တည်သော ရဟန်းဟု ဆိုအပ်၏။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် ဘာဝနာ၌ မွေ့လျော်၏၊ ဘာဝနာ၌ ပျော်ပိုက်၏၊ (ကာမစ္ဆန္ဒ စသည်ကို) ပယ်ခြင်း၌ မွေ့လျော်၏၊ ပယ်ခြင်း၌ ပျော်ပိုက်၏၊ ထို ဘာဝနာ၌ မွေ့လျော် ပျော်ပိုက်ခြင်းဖြင့်လည်းကောင်း၊ ထို (ကာမစ္ဆန္ဒ စသည်ကို) ပယ်ခြင်း၌ မွေ့လျော်ပျော်ပိုက်ခြင်းဖြင့်လည်းကောင်း မိမိကိုယ်ကို မချီးမြှောက်၊ သူတစ်ပါးကို မရှုတ်ချ။ အကြင် ရဟန်းသည် ဘာဝနာ ‘ပွါးများ’မှု ပယ်မှု၌ ကျွမ်းကျင်၏၊ ပျင်းရိခြင်းမရှိ၊ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ ရှိ၏၊ သတိနှင့် ယှဉ်၏။ ရဟန်းတို့ ဤရဟန်းကို ရှေးကျသော အမြတ်ဟု သိအပ်သော အရိယာတို့၏ အနွယ်အဆက်၌ တည်သော ရဟန်းဟု့ဆိုအပ်၏။ ရဟန်းတို့ အမြတ်ဟု သိအပ်ကုန်သော ရှည်စွာသော ကာလတို့က ဖြစ်၏ဟု သိအပ်ကုန်သော (ဘုရား ပစ္စေကဗုဒ္ဓါ သာဝက)တို့၏ အနွယ်အဆက်ဟု သိအပ်ကုန်သော ရှေးကျကုန်သော အရိယာ၏ အနွယ်အဆက် ဖြစ်ကုန်သော တရားတို့သည် ဤလေးမျိုးတို့တည်း၊ (ထိုတရားတို့ကို) မပယ်အပ်ကုန်၊ ဘုရားသျှင်တို့သည် မပယ်ဖူးကုန်၊ ယခုလည်း မပယ်ကြကုန်၊ နောင်လည်း ပယ်လိမ့်မည် မဟုတ်ကုန်၊ ပညာရှိ သမဏဗြာဟ္မဏတို့ မကဲ့ရဲ့အပ်ကုန်။

ရဟန်းတို့ ဤအရိယဝံသတရားလေးပါးတို့နှင့် ပြည့်စုံသော ရဟန်းသည် အရှေ့အရပ်၌ အကယ်၍ နေစေကာမူ ထိုရဟန်းကသာလျှင် မမွေ့လျော်ခြင်းကို နှိပ်စက်နိုင်ရာ၏၊ ထိုရဟန်းကို မမွေ့လျော်ခြင်းက မနှိပ်စက်နိုင်ရာ။ အနောက်အရပ်၌ အကယ်၍ နေစေကာမူ ထိုရဟန်းကသာလျှင် မမွေ့လျော်ခြင်းကို နှိပ်စက်နိုင်ရာ၏၊ ထိုရဟန်းကို မမွေ့လျော်ခြင်းက မနှိပ်စက်နိုင်ရာ။ မြောက်အရပ်၌ အကယ်၍ နေစေ ကာမူ ထိုရဟန်းကသာလျှင် မမွေ့လျော်ခြင်းကို နှိပ်စက်နိုင်ရာ၏၊ ထိုရဟန်းကို မမွေ့လျော်ခြင်းက မနှိပ်စက်နိုင်ရာ။ တောင်အရပ်၌ အကယ်၍ နေစေကာမူ ထိုရဟန်းကသာလျှင် မမွေ့လျော်ခြင်းကို နှိပ်စက် နိုင်ရာ၏၊ ထိုရဟန်းကို မမွေ့လျော်ခြင်းက မနှိပ်စက်နိုင်ရာ။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ— ရဟန်းတို့ လုံ့လရှိသော ရဟန်းသည် မမွေ့လျော်ခြင်း, မွေ့လျော်ခြင်းကိုသည်းခံနိုင်သောကြောင့်တည်းဟု (မိန့်တော်မူ၏)။

မမွေ့လျော်ခြင်းသည် လုံ့လရှိသော ရဟန်းကို မနှိပ်စက်နိုင်၊ လုံ့လရှိသော ရဟန်းကသာ မမွေ့လျော်ခြင်းကို နှိပ်စက်နိုင်၏၊ လုံ့လရှိသော ရဟန်းသည် မမွေ့ လျော်ခြင်းကို နှိပ်စက်နိုင်သောကြောင့် လုံ့လရှိသော ရဟန်းကို မမွေ့လျော်ခြင်းက မနှိပ်စက်နိုင်။ (ကိလေသာ) ကို ဖျက်ဆီးပြီးသော အလုံးစုံသော (တေဘူမက) ကံတို့ကို ပယ်ပြီးသော ရဟန္တာပုဂ္ဂိုလ်ကို အဘယ်မည်သော အကုသိုလ်တရားသည် တားမြစ်နိုင် အံ့နည်း၊ တစ်နိက္ခရှိ ဇမ္ဗူရာဇ်ရွှေစင်ကဲ့သို့ အဘယ်သူသည် ထို ရဟန္တာပုဂ္ဂိုလ်ကို ကဲ့ရဲ့ခြင်းငှါ ထိုက်ပါအံ့နည်း၊ ထို ပုဂ္ဂိုလ်ကို နတ်တို့သည်လည်း ချီးမွမ်းကုန်၏၊ ဗြဟ္မာကလည်း ချီးမွမ်း၏။

အဋ္ဌမသုတ်။