အင်္ဂုတ္တရနိကာယ်

၄-စက္ကဝဂ်

၄-အဂ္ဂပသာဒသုတ်

၃၄။ ရဟန်းတို့ အမြတ်ဆုံးတို့၌ ကြည်ညိုခြင်းတို့သည် ဤလေးမျိုးတို့တည်း၊ အဘယ်လေးမျိုး တို့နည်းဟူမူ— ရဟန်းတို့ အခြေမရှိသောသတ္တဝါ အခြေနှစ်ချောင်းရှိသတ္တဝါ အခြေလေးချောင်းရှိသတ္တဝါ များသောအခြေရှိသတ္တဝါ ရုပ်ရှိသတ္တဝါ ရုပ်မဲ့သတ္တဝါ သညာရှိသတ္တဝါ သညာမဲ့သတ္တဝါ ရုန့်ရင်းသော သညာကားမရှိ သိမ်မွေ့သော သညာမရှိသည် မဟုတ်သော သတ္တဝါအားလုံးတို့ထက် ပူဇော်အထူးကို ခံတော်မူထိုက်သော၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားကို အမြတ်ဆုံးဟု ဆိုထိုက်၏။ ရဟန်းတို့ မြတ်စွာဘုရား၌ ကြည်ညိုသော သူတို့သည် အမြတ်ဆုံး၌ ကြည်ညိုသည် မည်ကုန်၏၊ အမြတ်ဆုံး၌ ကြည်ညိုသော သူတို့အား အမြတ်ဆုံးသော အကျိုးသည် ဖြစ်၏။

ရဟန်းတို့ အပြုပြင်ခံ ‘သင်္ခတ’တရား ရှိသမျှတို့ထက် အင်္ဂါရှစ်ပါးရှိသော အရိယမဂ်ကို အမြတ်ဆုံးဟု ဆိုထိုက်၏။ ရဟန်းတို့ အင်္ဂါရှစ်ပါးရှိသော အရိယမဂ်၌ ကြည်ညိုကုန်သော သူတို့သည် အမြတ်ဆုံး၌ ကြည်ညိုသည် မည်ကုန်၏၊ အမြတ်ဆုံး၌ ကြည်ညိုကုန်သော သူတို့အား အမြတ်ဆုံးသော အကျိုးသည် ဖြစ်၏။

ရဟန်းတို့ အပြုပြင်ခံ ‘သင်္ခတ’တရား၊ အပြုပြင်ကင်း ‘အသင်္ခတ’တရား ရှိသမျှတို့ထက် ရာဂဟူသော ယစ်ခြင်းကင်းရာ ရာဂဟူသော မွတ်သိပ်ခြင်းကို ပယ်ဖျောက်ရာ အတွယ်အတာကို ပယ်ခွါရာ ဝဋ် (မြစ်) ပြတ်ရာ တဏှာကုန်ရာ ကင်းပြတ်ရာ ချုပ်ရာ ငြိမ်းအေးရာ နိဗ္ဗာန်ကို အမြတ်ဆုံးဟု ဆိုထိုက်၏။ ရဟန်းတို့ နိဗ္ဗာန်တရား၌ ကြည်ညိုသောသူတို့သည် အမြတ်ဆုံး၌ ကြည်ညိုသည် မည်ကုန်၏၊ အမြတ်ဆုံး၌ ကြည်ညိုသော သူတို့အား အမြတ်ဆုံးသော အကျိုးသည် ဖြစ်၏။

ရဟန်းတို့ အပေါင်း ‘သံဃာ’၊ ဂိုဏ်း ‘ဂဏ’ ရှိသမျှတို့ထက် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်ကုန်သော၊ ဧည့်သည်တို့ အလို့ငှါ စီမံထားသော ဝတ္ထုကိုသော်လည်း ပေးလှူ ပူဇော်ရန် ထိုက်တန်ကုန်သော၊ တမလွန်အတွက် ရည်မျှော်သော အလှူကို ခံယူတော်မူထိုက်ကုန်သော၊ ့လက်အုပ်ချီခြင်းငှါ ထိုက်ကုန်သော၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်ကုန်သော၊ အစုံအားဖြင့် လေးစုံ, ပုဂ္ဂိုလ်အားဖြင့် ရှစ်ပါးအရေအတွက်ရှိသော၊ မြတ်စွာဘုရား၏ တပည့်သားသံဃာ ကို အမြတ်ဆုံးဟု ဆိုထိုက်၏။ ရဟန်းတို့ မြတ်စွာဘုရား၏ တပည့်သားသံဃာ၌ ကြည်ညိုသော သူတို့သည် အမြတ်ဆုံး၌ ကြည်ညိုသည် မည်ကုန်၏၊ အမြတ်ဆုံး၌ ကြည်ညိုကုန်သော သူတို့အား အမြတ်ဆုံးသော အကျိုးသည် ဖြစ်၏။ ရဟန်းတို့ အမြတ်ဆုံး၌ ကြည်ညိုခြင်းတို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

မြတ်သော (ရတနာသုံးပါး၏) ဂုဏ်ကို သိကုန်သည် ဖြစ်၍ အမြတ်ဆုံး (သုံးဖြာ ရတနာ) ၌ စင်စစ် ကြည်ညိုသူတို့အားလည်းကောင်း၊ အတုမရှိ မြတ်သော အလှူကို ခံထိုက်သော မြတ်သော ဘုရား၌ ကြည်ညိုကုန်သော သူတို့အားလည်းကောင်း၊ တပ်မက်ခြင်း ‘ရာဂ’ ကင်းရာ ငြိမ်းအေးရာဖြစ်သော၊ ချမ်းသာကြောင်း ဖြစ်သော မြတ်သော တရား၌ ကြည်ညိုကုန်သူတို့အားလည်းကောင်း၊ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်သော၊ မြတ်သော သံဃာ၌ ကြည်ညိုကုန်သူတို့အားလည်းကောင်း အမြတ်ဆုံး (သုံးဖြာ ရတနာ) ၌ အလှူကို ပေးလှူသူတို့အားလည်းကောင်း၊ မြတ်သော ကောင်းမှုသည် တိုးပွါး၏၊ မြတ်သော အသက်ရှည်ခြင်းသည်လည်းကောင်း၊ အဆင်းလှခြင်းသည်လည်းကောင်း၊ အခြံအရံများခြင်းသည်လည်းကောင်း၊ ကျော်စောခြင်းသည်လည်းကောင်း၊ ချမ်းသာခြင်းသည်လည်းကောင်း ကိုယ်အား ဉာဏ်အားသည်လည်းကောင်း တိုးပွါး၏။ မြတ်သော ဂုဏ်တရားနှင့် ပြည့်စုံသော မြတ်သော ရတနာသုံးပါးအား ပေးလှူ တတ်သော ပညာရှိသော နတ်ဖြစ်စေ လူဖြစ်စေ အမြတ်ဆုံးသို့ ရောက်သည်ဖြစ်၍ မွေ့လျော်ရလေသတည်း။

စတုတ္ထသုတ်။