အင်္ဂုတ္တရနိကာယ်

၄-စက္ကဝဂ်

၅-ဝဿကာရသုတ်

၃၅။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့ကို အစားကျွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မဂဓတိုင်း၏အမတ်ကြီးဖြစ်သော ဝဿကာရ ပုဏ္ဏားသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီး၍ တစ်ခုသော နေရာ၌ ထိုင်ပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—

အသျှင်ဂေါတမ အကျွန်ုပ်တို့သည်တရားလေးမျိုးတို့နှင့် ပြည့်စုံသူကို မြတ်သော ပညာရှိ မြတ်သော ယောကျာ်းဟု ပညတ်ပါကုန်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— အသျှင်ဂေါတမ ဤလောက၌ အကြင်သူသည် ထို ထို အကြားအမြင်ဖြင့် များသော အကြားအမြင်ရှိ၏။ “ဤသည်ကား ဤစကား၏ အနက်တည်း၊ ဤသည်ကား ဤစကား၏ အဓိပ္ပါယ်တည်း”ဟု ထို ထို စကား၏သာလျှင် အနက်ကို သိ၏။ သတိနှင့် ပြည့်စုံ၏၊ ကြာမြင့်စွာက ပြုခဲ့သော အမှုကိုလည်းကောင်း၊ ကြာမြင့်စွာက ပြောခဲ့သော စကားကိုလည်းကောင်း အောက်မေ့နိုင်၏၊ အပြန်ပြန် အောက်မေ့နိုင်၏။ အိမ်ရာထောင်သော လူတို့သည် ပြုအပ် ကုန်သော ပြုဖွယ်ကိစ္စတို့၌ ကျွမ်းကျင်၏၊ ပျင်းရိခြင်း မရှိ၊ ထိုပြုဖွယ်ကိစ္စတို့၌ သင့် မသင့်သော အကြောင်းကို စုံစမ်းဆင်ခြင်တတ်သော ဉာဏ်နှင့် ပြည့်စုံ၏၊ ကိုယ်တိုင်ပြုရန် စွမ်းနိုင်၏၊ (သူတစ်ပါးကို) စီမံရန် စွမ်းနိုင်၏။ အသျှင်ဂေါတမ ဤတရားလေးမျိုးတို့နှင့် ပြည့်စုံသူကို အကျွန်ုပ်တို့သည် မြတ်သော ပညာရှိ မြတ်သော ယောကျာ်းဟူ၍ ပညတ်ပါကုန်၏။ အသျှင်ဂေါတမ အကျွန်ုပ်၏ စကားကို အကယ်၍ ကောင်းချီးခေါ်သင့်သည် ဖြစ်အံ့၊ အသျှင်ဂေါတမသည် ကောင်းချီးခေါ်တော်မူပါ၊ အသျှင်ဂေါတမ အကယ်၍ တားမြစ်သင့်သည် ဖြစ်အံ့၊ အသျှင်ဂေါတမသည် တားမြစ်တော်မူပါဟု (လျှောက်၏)။

ပုဏ္ဏား ငါသည် သင့်စကားကို ကောင်းချီးလည်း မခေါ် တားလည်း မတားမြစ်။ ပုဏ္ဏားတရား လေးမျိုးတို့နှင့် ပြည့်စုံသူကို မြတ်သော ပညာရှိ မြတ်သော ယောကျာ်းဟု ငါပညတ်၏။ အဘယ် လေးမျိုးတို့နည်းဟူမူ— ပုဏ္ဏား ဤလောက၌ အကြင် ပုဂ္ဂိုလ်သည် လူအများ၏ အကျိုးစီးပွါးရှိရန် ကျင့်၏၊ လူအများ၏ ချမ်းသာရန် ကျင့်၏၊ ထို ပုဂ္ဂိုလ်သည် လူများအပေါင်းကို ကောင်းသောသဘော အပြစ်မရှိ သော သဘောဖြစ်သော အရိယာမဂ်၌ တည်စေတတ်၏။ ထို ပုဂ္ဂိုလ်သည် အလိုရှိသော အကြံကို ကြံ၏၊ အလိုမရှိသော အကြံကို မကြံ၊ အလိုရှိသော တွေးတောမှုကို တွေးတော၏၊ အလိုမရှိသော တွေးတောမှုကို မတွေးတော၊ ဤသို့ ကြံစည်ခြင်း ‘ဝိတက်’ တို့၌ စိတ်၏ လေ့လာခြင်းသို့ ရောက်၏။ လွန်မြတ်သော စိတ်၌ ဖြစ်ကုန်သော မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေရကြောင်းဖြစ်ကုန်သော ဈာန်လေးပါးတို့ကို အလိုရှိတိုင်း ရ၏၊ မငြိုမငြင်ရ၏၊ မပင်မပန်းရ၏။ အာသဝေါတရား၏ ကုန်ခြင်းကြောင့် အာသဝေါ ကင်းသော ကိလေသာမှ လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်နှင့် ကိလေသာမှ လွတ်မြောက်သော ‘အရဟတ္တ ဖိုလ်’ ပညာကို ယခုဘဝ၌ပင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြု၍ ရောက်လျက် နေ၏။ ပုဏ္ဏား ငါသည် သင့်စကားကို ကောင်းချီးလည်း မခေါ် တားလည်း မတားမြစ်။ ပုဏ္ဏား ဤတရားလေးမျိုးတို့နှင့် ပြည့်စုံသူကို မြတ်သော ပညာရှိ မြတ်သော ယောကျာ်းဟု ငါပညတ်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ အံ့ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ မဖြစ်ဖူးမြဲ ဖြစ်ပါပေ၏၊ အသျှင်ဂေါတမသည် ဤစကားကို အလွန်ကောင်းစွာ ဟောအပ်ပါပေ၏၊ အသျှင်ဂေါတမ အကျွန်ုပ်တို့သည် အသျှင်ဂေါတမကို ဤတရားလေးမျိုးတို့နှင့် ပြည့်စုံ၏ဟူ၍ မှတ်ပါကုန်၏၊ “အသျှင်ဂေါတမသည် လူအများ၏ အကျိုးစီးပွါး ရှိရန် လူအများ ချမ်းသာရန် ကျင့်ပါပေ၏။ လူအပေါင်းကို ကောင်းသောသဘော အပြစ်မရှိသောသဘော ဖြစ်သော အရိယာမဂ်၌ တည်စေတတ်ပါပေ၏။ အသျှင်ဂေါတမသည် အလိုရှိသော အကြံကို ကြံပါပေ၏၊ အလိုမရှိသော ကြံကို မကြံပါ၊ အလိုရှိသော တွေးတောမှုကို တွေးတောပါပေ၏၊ အလိုမရှိသော တွေးတောမှုကို မတွေးတောပါ၊ ဤသို့ ကြံစည်ခြင်း ‘ဝိတက်’ တို့၌ အသျှင်ဂေါတမသည် စိတ်၏ လေ့လာခြင်းသို့ ရောက်ပါ၏။ အသျှင်ဂေါတမသည် လွန်မြတ်သော စိတ်၌ ဖြစ်ကုန်သော မျက်မှောက်ဘဝ၌ ချမ်းသာစွာနေရကြောင်းဖြစ်ကုန်သော ဈာန်တို့ကို အလိုရှိတိုင်း ရပါ၏၊ မငြိုမငြင်ရပါ၏၊ မပင်မပန်း ရပါ၏။ အာသဝေါတရားတို့ ကုန်ခြင်းကြောင့် အာသဝေါကင်းသော ကိလေသာမှ လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်နှင့် ကိလေသာမှ လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာကို ယခုဘဝ၌ပင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြု၍ ရောက်လျက် နေရပါ၏”ဟု (လျှောက်၏)။

ပုဏ္ဏား သင်သည် စင်စစ် (ငါ့ကို ဂုဏ်ကို) ထိပါးပုတ်ခတ်လျက် ဤစကားကို ဆိုဘိ၏၊ အမှန် အားဖြင့် ငါသည်သာ သင့်အား ပြောကြားအံ့ “ပုဏ္ဏား ငါသည် လူအများ၏ အကျိုးစီးပွါးဖြစ်ရန် ကျင့်၏၊ လူအများ ချမ်းသာရန် ကျင့်၏။ လူအပေါင်းကို ကောင်းသောသဘော အပြစ်မရှိသောသဘော ဖြစ်သော အရိယာမဂ်၌ တည်စေတတ်၏။ ပုဏ္ဏား ငါသည် အလိုရှိသော အကြံကို ကြံ၏၊ အလိုမရှိသော အကြံကို မကြံ၊ အလိုရှိသော တွေးတောမှုကို တွေးတော၏၊ အလိုမရှိသော တွေးတောမှုကို မတွေးတော၊ ပုဏ္ဏား ငါသည် ကြံစည်ခြင်း ‘ဝိတက်’ တို့၌ စိတ်၏ လေ့လာခြင်းသို့ ရောက်၏။ ပုဏ္ဏား ငါသည် လွန်မြတ်သော စိတ်၌ ဖြစ်ကုန်သော မျက်မှောက်ဘဝ၌ ချမ်းသာစွာနေရကြောင်းဖြစ်ကုန်သော ဈာန်တို့ကို အလိုရှိတိုင်း ရ၏၊ မငြိုမငြင်ရ၏၊ မပင်မပန်းရ၏။ အာသဝေါတရားတို့ ကုန်ခြင်းကြောင့် အာသဝေါကင်းသော ကိလေသာမှ လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်နှင့် ကိလေသာမှ လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာကို ယခုဘဝ၌ပင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြု၍ ရောက်လျက်နေ၏”ဟု (မိန့်တော်မူ၏)။

အကြင် မြတ်စွာဘုရားသည် သတ္တဝါအားလုံးတို့၏ သေမင်းဟူသော ကျော့ကွင်းမှ လွတ်ကြောင်းဖြစ်သော မဂ်တရားကို သိပြီ၊ လူနတ်တို့၏ အစီးအပွါးဖြစ်သော အရိယာမဂ်တရားကို့ထင်ရှားပြတော်မူ၏၊ ယင်း (မဂ်)တရားကို စင်စစ် မြင်၍လည်းကောင်း၊ ကြားနာရ၍လည်းကောင်း လူအများတို့သည် ကြည်ညိုကြကုန်၏။ မဂ်ဟုတ်သည် မဟုတ်သည်၌ လိမ္မာတော်မူသော၊ မဂ်ကိစ္စကို ပြုပြီးသော၊ အာသဝေါတရားမရှိသော၊ အဆုံးစွန်သော အတ္တဘောကို ဆောင်သော ထို မြတ်စွာဘုရားကို မြတ်သော ပညာရှိ မြတ်သော ယောကျာ်းဟု ဆိုအပ်၏။

ပဉ္စမသုတ်။